ဆွယ်လီက သတိပြန်ရ လာပြီးသည့် နောက်ပိုင်းတွင် တခြားဘာကိုမှ သတိမရတော့ဘဲ သူ့ချစ်သူ နော်ကိုဗန်ကိုသာ နေ့စဉ် နေ့အမျှ သတိရနေသည် ။
သူပြန်ရောက်နေသည် ဟု သတင်းကြားသည် နှင့် တစ်နေ့မဟုတ်တစ်နေ့၊ တစ်ချိန်မဟုတ်တစ်ချိန် သူရှိရာသို့ ရောက်လာလိမ့်မည်ဟု မျှော်လင့်နေမိသည် ။
သို့သော် သူမမျှော်လင့်သလိုတော့ ဖြစ်မလာပေ။
တစ်နေ့တော့...သူမတို့ နေအိမ်သို့ လူသုံးယောက် ရောက်လာကြလေသည် ။
နီမောင်၊ စောထီး၊ ငမဲအောင်တို့ သုံးယောက်ဖြစ်သည် ။
ထိုအချိန်တွင် အိမ်တွင် မိခင်ဖြစ်သူ ဒေါ်ချယ်လောနှင့် ဆွယ်လီတို့ သာ ရှိနေကြပြီး ကျန်လူများက နွားခြံသို့ သွားနေကြသဖြင့် မရှိကြပေ။
ဇာလျှံလည်း ပါသွားလေသည် ။
နီမောင်တို့ ရောက်လာတော့ ဒေါ်ချယ်လောကတော့ မှတ်မိသဖြင့် ကောင်းမွန်စွာဧည့်ခံလေသည် ။ ဆွယ်လီနှင့် လည်း တွေ့ခွင့်ပေးသည် ။
နီမောင်တို့ ကိုမြင်တော့ ဆွယ်လီက ဝမ်းသာအားရမဖြစ်ဘဲ တစ်ခါမှ မမြင်ဖူးသော လူစိမ်းများကို တွေ့ရသကဲ့သို့ ကြည့်နေလေသည် ။
''ချယ်ရီ..နင် နေကောင်းသွားပြီလား''
နီမောင်က မေးလိုက်သည် ။
''နင် ဘယ်သူလဲ''
ထိုသို့မေးသဖြင့် နီမောင်စိတ်ထဲမှာ အံ့သြသွားလေသည် ။
ဆွယ်လီ အမူအယာကြည့်ပြီး တစ်စုံတစ်ခုကို သတိရလိုက်မိသည် ။
''သူ့ကြည့်ရတာ တစ်မျိုးပဲ၊ ဘဝဟောင်းကို ပြန်သတိရသွားလို့ ငါတို့ ကို မေ့သွားပြီထင်တယ်''
ဟု တွေးလိုက်မိသဖြင့် နာမည်ကိုပင် မပြောတော့ပေ။
''ငါတို့ က ဟိုးဘက်ရွာက လာကြတာပါ၊ နင်ပြန်ရောက်နေတယ် သတင်းကြားလို့ လာမေးကြတာပါ''
''နင်တို့ ကိုလည်း တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးပါလား''
''ဟုတ်ပါတယ်၊ နင်ကတော့ ငါတို့ ကို သိမှာ မဟုတ်ပါဘူး''
ထိုသို့ပြောသဖြင့် ဆွယ်လီစိတ်ထဲမှာ တစ်မျိုးတွေးလိုက်မိသည် ။
သူမသိသော ယောက်ျားလေးများက သူ့ကို လူပျိုလာ လှည့်နေသည် ဟု လည်း ထင်လေသည် ။
''ငါ့ဆီကို အခုလို လာပြီး သတင်းမေးကြတာ ဝမ်းသာပါတယ်ဟာ၊ ငါက မကြာခင် ငါချစ်သူနဲ့ လက်ထပ်တော့မှာ .. မင်္ဂလာပွဲကျရင်လည်း လာခဲ့ကြဦးပေါ့''
''နင့်အတွက် ဝမ်းသာပါတယ် ချယ်ရီရယ်၊ ဒီမှာ နင်စားဖို့ နင်ကြိုက်တတ်တဲ့ ငါးကင်တွေယူလာခဲ့တယ်''
နီမောင်က သူကိုယ်တိုင်ယူလာသော ငါးကင်များကိုထုတ်ပြီး ချပေးလိုက်သည် ။
ဆွယ်လီက ရှေ့မှာ ချပေးထားသော ငါးကင်များကို မျက်လုံးအပြူးသားဖြင့် တအံ့တသြ ကြည့်နေလေသည် ။
''ငါ..ငါးကင်ကြိုက်တာ နင်ဘယ်လို သိနေတာလဲ''
''သိတာပေါ့ဟာ၊ ဒီနေရာမှာ က ငါးရဖို့ မလွယ်ဘူး မဟုတ်လား၊ ဒါကြောင့် ငါတို့ ရွာဘက်ကရှာပြီး နင့်အတွက် တမင်ယူလာခဲ့တာ''
''နင်တို့ က ဘယ်ရွာမှာ နေတာလဲ''
အမှန်အတိုင်းပြောလိုက်ပါက သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်မည်စိုးသောကြောင့် နီမောင်က ပါးစပ်ထဲ မှာ ရှိသော နာမည်တစ်ခုကို ပြောလိုက်သည် ။
ပြီးမှ သူ့အိတ်ထဲမှာ ထည့်ယူလာသော ပစ္စည်းထုပ်တစ်ခုကို ထုတ်လိုက်သည် ။
''ချယ်ရီ နင်ချစ်သူနဲ့ ဖူးစာဆုံခွင့်ရတာ ငါတို့ ဝမ်းသာပါတယ်၊ ငါတို့ နေတဲ့ ရွာကဝေးတော့ နင့်ရဲ့ မင်္ဂလာပွဲကိုတော့ လာနိုင်တော့မယ် မထင်ဘူး၊ ဒါကြောင့် အခုတွေ့တုန်း တစ်ခါတည်း မင်္ဂလာလက်ဆောင် ပေးခဲ့ပါရစေ''
ဟု ပြောပြီး အထုပ်ကိုဖြေပြီး အတွင်းမှ ပစ္စည်းကိုထုတ်ပြီး ဆွယ်လီကို ပေးလေသည် ။
လှပသော ပုတီးလည်ဆွဲ တစ်ကုံးပင် ဖြစ်၏။
ထိုပုတီးကုံးကိုမြင်တော့ ချက်ချင်းမှတ်မိသွားသဖြင့် လှမ်းယူလိုက်သည် ။
''ဟင်..ဒါ ငါအမြဲဆွဲတဲ့ ငါ့ရဲ့ ပုတီးကုံးလေးပဲ၊ နင် ဘယ်ကရလာတာလဲ''
''တစ်နေရာကတွေ့လို့ ယူလာတာပါ..၊ နင်မြတ်နိုးတဲ့ ပစ္စည်းလေးကို တကူးတက လာပေးခွင့်ရတာ ငါကျေနပ်ပါတယ်၊ ငါတို့ ပြန်တော့မယ် ချယ်ရီ''
ထိုသို့ပြောပြီး နီမောင်က နေရာမှ ထသည် ။
ဒီတော့လည်း လက်ထဲမှာ ရောက်နေသော ပုတီးကုံးကိုတစ်လှည့် နီမောင်ကိုတစ်လှည့် ကြည့်နေသည် ။ စောစောက နီမောင်တို့ နှင့် ပတ်သက်ပြီး သူမထင်နေခြင်းများမှာ လွဲမှားနေပြီဆိုတာတော့ သိလိုက်သည် ။
ထို့ထက်ပိုပြီး ဘာမှ တော့ သတိမရပေ။
ထို့နောက် နီမောင်တို့ သုံးယောက်က ဒေါ်ချယ်လောတို့ ကို နှုတ်ဆက်ပြီး ပြန်ထွက်လာကြလေသည် ။
ဒေါ်ချယ်လောကလည်း စိတ်မကောင်းသော အမူအရာဖြင့် ကျန်ခဲ့လေသည် ။
လမ်းရောက်တော့ စောထီးကပြောသည် ။
''မလာဘဲနေရင် အကောင်းသားကွာ၊ လာမိတော့မှ ကိုယ့်အပူ ကိုယ်ရှာယူသလို ဖြစ်တော့တယ်''
''ဒီလိုလည်း သဘောမထားပါနဲ့ ကွာ၊ အခုလို သူ့ရဲ့ ဘဝမှန်ကို ပြန်ရောက်သွားတာကိုပဲ ဝမ်းသာပေးကြပါ''
နီမောင်ကတော့ နှစ်သိမ့်စကားမျိုး ပြောလိုက်သည် ။
နီမောင်လည်း ငမဲအောင်က မကျေမနပ်ဖြင့် ထပ်ပြောပြန်သည် ။
''အဲဒါပေါ့ကွ၊ ကိုယ်ပိုင်ဆိုင်ခွင့်ရတဲ့ ပန်းကို ရတုန်းရခိုက် မယူလိုက်တော့ အခုလို လက်လွှတ်ဆုံးရှုံးရတာပေါ့''
''ဒီလိုအဖြစ်မျိုးနဲ့ တော့ မပိုင်ဆိုင်ချင်ပါဘူးကွာ၊ ဖူးစာမဆုံလို့ ပဲ သဘောထားပြီး ခွင့်လွှတ်ပေးလိုက်ကြပါ''
ဟု သုံးယောက်သား စကားတပြောပြောနှင့် လျှောက်လာကြရာ ရွာအထွက်တွင် ဇာလျှံနှင့် တွေ့ကြလေသည် ။
''ဟင်..နင်..နင်တို့ ''
နီမောင်တို့ ကလည်း ဇာလျှံကိုသိသော်လည်း နာမည်ကိုတော့ မသိကြပေ။
''ငါ့နာမည် ဇာလျှံလို့ ခေါ်တယ်၊ ဆွယ်လီကိုလာခေါ်တုန်းက နင်တို့ အိမ်ကို တစ်ခေါက်ရောက်ဖူးတယ်''
နီမောင်က မှတ်မိဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည် ။
''နင်တို့ ဆွယ်လီဆီလာကြတာလား''
''ဟုတ်ပါတယ်''
''သူက နင်တို့ ကို မှတ်မိသေးရဲ့ လား''
သုံးယောက်စလုံး ခေါင်းခါပြလိုက်သည် ။
''သူက အတိတ်ဘဝကိုပြန်ပြီး သတိရသွားပြီ၊ ငါပြောပြမယ်''
ဟု သစ်ပင်ရိပ်မှာ ထိုင်ရင်း အကြောင်းစုံပြောပြလေသည် ။ စကားဆုံးတော့မှ ...
''သူ အခုလိုဘဝမှန်ကို သတိပြန်ရသွားတာ ငါတို့ ဝမ်းသာပါတယ်''
ဟု ပြော လိုက်လေသည် ။
''နင်တို့ နဲ့ တွေ့ရတာ အတော်ပဲ၊ ငါသိချင်တာလေးတွေ မေးချင်လို့ ပါ၊ တခြားတော့မဟုတ်ပါဘူး၊ နီမောင်နဲ့ ဆွယ်လီတို့ နှစ်ယောက်ရဲ့ အကြောင်းကို ငါ့ကိုအမှန်အတိုင်း ပြောပြပေးခဲ့ပါ''
ထိုသို့မေးသောအခါ နီမောင်က ပြန်မပြောချင်သောကြောင့် ထိုနေရာမှ ထွက်သွားလေတော့သည် ။
စောထီးနှင့် ငမဲအောင်တို့ ကတော့ ဖြစ်ပျက်ခဲ့ပြီးသော အကြောင်းများကို ပြန်ပြောကြလေသည် ။
''ချယ်ရီဆိုတဲ့ မိန်းကလေးက အတိတ်မေ့နေတဲ့ အချိန်မှာ နီမောင့်အပေါ်မှာ အတော်ကလေး သံယောဇဉ်ရှိခဲ့တယ်၊ နီမောင်ကလည်း သူ့ကိုချစ်ခဲ့ပါတယ်၊ ဒါပေမယ့် အခွင့်အရေးမယူခဲ့ပဲနဲ့ လက်ထပ်ဖို့ ကိစ္စကို အချိန်ဆွဲထားခဲ့တယ်''
''ဒီလိုကြားရတာ ငါစိတ်မကောင်းပါဘူး''
ဇာလျှံက ရစ်ဝဲလာသော မျက်ရည်စတို့ ကို တို့ သုတ်ပစ် လိုက်ရင်းပြောသည် ။
''တကယ်တော့ နီမောင်ကလည်း ချယ်ရီဆိုတဲ့ မိန်းကလေးအပေါ်မှာ ချစ်ပါတယ်၊ ဒါပေမယ့် ဘဝမေ့နေတဲ့ အချိန်မှာ ပြောလိုက်ရင် မသင့်မှာ စိုးလို့ ဖွင့်မပြောခဲ့တာပါ၊ အခုတော့ ဝေးကြရပြီပေါ့ ''
ငမဲအောင်က စိတ်မကောင်းသော အသံမျိုးဖြင့် ပြော လိုက်လေသည် ။
''မဖြစ်သင့်ဘူး..၊ ဒါဟာ ဖြစ်သင့်တဲ့ ကိစ္စ မဟုတ်ဘူး ၊ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတဲ့ လူတွေအတွက်ကတော့ နစ်နာမှုတစ်ခုပဲ''
''ဒါပေမယ့် သူတို့ နှစ်ယောက်ကတော့ ဘယ်လိုမှ မနီးစပ်နိုင်တော့ဘူး၊ ချယ်ရီကလည်း နီမောင်ကို လုံးလုံးမမှတ်မိတော့ဘူး၊ နောက်ပြီး သူက သူ့ချစ်သူနဲ့ လက်ထပ်တော့မယ်လို့ ပြောလိုက်တယ်''
''ဒါကလည်း သူဖြစ်ချင်တာတွေ ပြောနေတာပါ၊ လောကမှာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်တာတွေ အများကြီးရှိပါတယ်''
''ဒီအကြောင်းတွေကိုတော့ ချယ်ရီကို ပြန်ပြောမနေပါနဲ့ တော့ဟာ သူစိတ်မချမ်းသာ ဖြစ်နေရာကနေ စိတ်အနှောင့် အယှက် ဖြစ်နေပါဦးမယ်၊ ငါတို့ သွားတော့မယ်ဇာလျှံ''
ဟု ပြောဆိုနှုတ်ဆက်ပြီး စောထီးနှင့် ငမဲအောင်တို့ က နီမောင်ရပ်စောင့်နေသောနေရာသို့ လျှောက်သွားကြလေသည် ။
ဇာလျှံကတော့ ထိုနေရာမှာ ပင်ရပ်လျက် နီမောင်တို့ ရှိရာသို့ လှမ်းကြည့်နေလေသည် ။
သူတို့ သုံးယောက်ကို မမြင်ရတော့မှ ပြန်သွားလေတော့သည် ။ အိမ်ပြန်ရောက်တော့ ဆွယ်လီက သူ့ကိုမေးသည် ။
''ဇာလျှံ..နင် ဘယ်သွားနေတာလဲ''
''နွားခြံသွားနေတာ''
''စောစောက လူသုံးယောက် ငါ့ဆီလာသွားတယ်၊ ငါးကင်တွေလည်း ပေးသွားတယ်၊ ရေနစ်တုန်းက ပျောက်သွားတဲ့ ငါ့ရဲ့ ပုတီးကုံးလေးလည်း ပြန်ပေးသွားတယ်''
ဇာလျှံက အနားဝင်ထိုင်ရင်း မေးလိုက်သည် ။
''နင် သူတို့ ကို သိသလား''
''ဟင့်အင်း မသိဘူး၊ နင် သိလို့ လား''
''သိတာပေါ့''
''ဘယ်သူတွေလဲဟင်၊ ဘယ်ကလာကြတာလဲ''
''နင့်ကို ပုတီးကုံးနဲ့ ငါးကင် ပေးသွားတာ တခြား မဟုတ်ဘူး ၊ နင်အတိတ်ဘဝကို မေ့နေတုန်းက နင့်ကိုစောင့်ရှောက်ပေးထားခဲ့တဲ့ သူပဲ၊ သူ့နာမည်က နီမောင်လို့ ခေါ်တယ် ''
''နီမောင်''
ဆွယ်လီစိတ်ထဲမှာ နီမောင်ကို မမှတ်မိသော်လည်း ထိုနာမည်ကိုတော့ သိနေသလို ရင်းနှီးနေသလိုရှိသည် ။
''သူ ဘာကြောင့် ငါ့ကိုပြောမသွားတာလဲ''
''နင် စိတ်မကောင်းမှာ စိုးလို့ ဘာမှ မပြောဘဲ ပြန်သွားကြတာ ဖြစ်မှာ ပေါ့''
''နင့်ကိုရော ဘာတွေပြောသွားသေးလဲဟင်၊ ငါ့ကို ပြန်ပြောပြစမ်းပါ''
''နီမောင်က တခြား မဟုတ်ဘူး ၊ နင် အတိတ်မေ့နေတုန်းက ချစ်သူတွေဘဝ ရောက်ခဲ့ကြတဲ့ သူပဲ''
ဇာလျှံက စောထီးနှင့် ငမဲအောင်တို့ ထံမှ သိရသောအကြောင်းများကို ဆွယ်လီအား ပြန်ပြောပြ လိုက်လေသည် ။
ထိုစကားကြားသောအခါ ဆွယ်လီရင်ထဲမှာ တစ်ခုခုမှားယွင်းခဲ့ပြီဖြစ်ကြောင်း သိ လိုက်လေသည် ။
''နင် သူ့ကို သတိမရတော့ဘူး မဟုတ်လား၊ အခုအချိန်မှာ တော့ နင့်စိတ်ထဲမှာ နော်ကိုဗန်က ပြန်ရောက်နေတယ် မဟုတ်လား၊ နင်မရှိတဲ့ (၆)လကျော်လောက် အချိန်အတောအတွင်းမှာ နော်ကိုဗန်တစ်ယောက် ဘယ်လိုအခြေအနေမျိုးရောက် နေတယ်ဆိုတာ သိရအောင် ငါသူ့ကိုမှာ ပေးပါ့မယ်''
ဟု ဇာလျှံကပြောလိုက်ရာ ဆွယ်လီက ဘာမှ ပြန်မပြောဘဲ ကြည့်နေလေသည် ။
နောက်သုံးရက်ခန့်ကြာသောအခါ ဆွယ်လီရှိရာသို့ နော်ကိုဗန် ရောက် လာလေသည် ။
သူ့ကိုမြင်တော့ ဆွယ်လီမှာ ဝမ်းသာသွားလေသည် ။
''ဆွယ်လီ နင့်ကို သေသွားပြီထင်လို့ စိတ်မကောင်း ဖြစ်နေတာ၊ အခုလို ပြန်တွေ့ရတာ သိပ်ပြီးဝမ်းသာတာပဲ ''
ဟု ပြောလေသည် ။
''ငါကလည်း နင်နဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်၊ ဒါထက် နင့်အခြေအနေကရော ဘယ်လိုရှိသလဲ''
ဆွယ်လီက မေးလိုက်သည် ။
ထိုအခါ နော်ကိုဗန်က တော်တော်နှင့် ပြန်မပြောဘဲ စဉ်းစားနေလေသည် ။
''နင် အမှန်အတိုင်းသာ ပြောပါ''
''ငါ နင့်အပေါ်မှာ သစ္စာဖောက်ခဲ့တာ မဟုတ်ပါဘူး၊ သေသွားပြီ သတင်းကြားတော့ ငါ့အိမ်ကမိဘတွေက ငါ့ကို မိန်းမပေးစားကြတယ်၊ ဒါကြောင့် ငါယူလိုက်ရတယ်''
''ငါ နင့်ကို အပြစ်မတင်ပါဘူး၊ ငါတို့ နှစ်ယောက်ရဲ့ ဖူစားရေစက်က ဒီလောက်ပဲပါလာကြတယ်လို့ ပဲ၊ သဘောထားရတော့မှာ ပေါ့''
''ဒီလိုမဟုတ်သေးဘူးလေ၊ နင်က လက်ခံပေးရင် ငါ နင့်ကိုလက်ထပ်ယူမှာ ပါ၊ ငါတို့ လူမျိုးတွေမှာ ဒီလိုယူခွင့်လည်း ရှိကြတာပဲ၊ တကယ်တော့ ငါ့မိဘတွေ စီစဉ်ပေးလို့ သာ ငါလက်ထပ်ခဲ့ရပေမယ့် အခုအချိန်ထိ ငါတကယ်ချစ်တာက နင်တစ်ယောက်ပဲရှိပါတယ် ဆွယ်လီရယ်''
ဟု ပြောတော့ ဆွယ်လီ က မချိပြုံးလေး ပြုံး လိုက်လေသည် ။
''ငါ့အပေါ်မှာ ဒီလိုသဘောထားပေးတာကိုတော့ ကျေးဇူးတင်ရမှာ ပါပဲ၊ ဒါပေမယ့် ဒီလိုဓလေ့ထုံးစံတွေကိုတော့ ငါလက်မခံပါဘူး၊ ငါ့ဘဝမှာ ဒုတိယနေရာနဲ့ ဘယ်တော့မှ မနေပါဘူး''
ချင်းလူမျိုးတို့ ၏ ဓလေ့ထုံးစံများ ထဲတွင် မယားလေးမျိုးအထိ ယူနိုင်ခွင့်ရှိကြောင်းပါလေသည် ။
နော်ကိုဗန်က ထိုဓလေ့ထုံးစံဖြင့် ပြောနေခြင်း ဖြစ်၏။
ချင်းလူမျိုးတို့ ၏ မယားယူသော ဓလေ့အရ ဇနီးမယားလေးမျိုးအကြောင်း ဖော်ပြပါမည်။
အဦးဆုံးမယား(Nuhrim)ဆိုသည် မှာ ပထမဦးဆုံးယူသော မိန်းမဖြစ်သည် ။
မယားလည်း ဖြစ်နိုင်သကဲ့သို့ မယားငယ်လည်း ဖြစ်နိုင်သည် ။ မယားကြီး မရှိသောအချိန်၌ မယားငယ်သည် မယားကြီး၏ တာဝန်ကို ယူရ၏။
မယားကြီး(Nutak)ဆိုသည် မှာ မယားကြီးအဖြစ် မင်္ဂလာကြေးအပြည့်ဖြင့် ထိမ်းမြား၍ ကြက်ဖနက်သတ်ကာ မယားကြီးအဖြစ် သတ်မှတ်သော ဆုတောင်းပွဲ ပြုလုပ်ပေးခြင်း ခံရသူဖြစ်သည် ။
ဆုတောင်းပွဲ ပြုလုပ်စဉ် အသုံးပြုသော ကရိယာများကို ကိုင်တွယ်ခွင့် ရရှိသူဖြစ်သည် ။
ထိုမယားကြီးနှင့် ရရှိသော ယောက်ျားကလေးသည် အမွေဆက်ခံပိုင်ခွင့် ရှိသည် ။
သာမန်မယားငယ်(Nuchun)ဆိုသည် မှာ မယားကြီး အဖြစ်ဖြင့် လက်ထပ်သောသူမဟုတ်ပါ။
သာမန်မယား(သို့မဟုတ်)အမြှောင်မယားအဖြစ် လက်ထပ်ခြင်း ခံရသူဖြစ်၍ မင်္ဂလာကြေးအပြည့်နှင့် အာ(ရ်)ဆားဖြင့် လက်ထပ်သောသူလည်း ဖြစ်နိုင်သည် ။
မိမိအိမ်သို့လည်း ခေါ်ယူနေထိုင်ခွင့် ရှိသည် ။ သို့သော် အိမ်၏ အဓိကတာဝန်ကိုမူ မပေးအပ်ရပါ။
ထိုအမျိုးသမီးမှာ အိမ်ထောင်ရှင်နှင့် တန်းတူအနွယ် (သို့မဟုတ်)အနွယ်အနိမ့်(သို့မဟုတ်)အမျိုးနိမ့်သူလည်း ဖြစ်နိုင်သည် ။
ထိုအမျိုးသားသည် မယားကြီးမှ ကလေးမထွန်းကားဘဲ သာမန်မယားနှင့် သားယောက်ျားကလေး ထွန်းကားပါက အာ (ရ်)ဆားသတ်၍ ယူသော မိန်းမဖြစ်သောကြောင့် ထိုကလေးမှ အမွေဆက်ခံပိုင်ခွင့်ရှိသည် ။
မယားကြီး အသက်ဆုံးပါး၍ ယောက်ျားက ကြိုက်နှစ်သက်သူဖြစ်ပါက မယားကြီးအဖြစ်လည်း ဆက်ခံနိုင်သည် ။
မယားအဖြစ် ယူထားသည် မှာ မှန်ကန်သော်လည်း .. မယားကြီးအဖြစ် အခြားသူကို မယူနိုင်ပါကလည်း မယားကြီး အဖြစ် အသိအမှတ်ပြုနိုင်သည် ။
နှောင်းမှ ယူသော မယားကြီး(Nutlai)ဆိုသည် မှာ မယားကြီး သေဆုံး၍ လည်းကောင်း၊ ရှင်ကွဲကွဲ၍ သော်လည်းကောင်း၊ နောက်ထပ်ယူသော မယားကြီးကို ခေါ်ဆိုပါသည် ။
ထိုပထမယူသော မယားကြီး၏ ညီအစ်မကိုသော်လည်းကောင်း၊ ဆွေမျိုးထဲမှ သော်လည်းကောင်း၊ လက်ထပ်လျှင် မူလထုံးစံအတိုင်း မင်္ဂလာကြေးကို ပြည့်စုံစွာပေးရသည် ။
အထက်၌ ဖော်ပြခဲ့သော အကြောင်းအရာတို့ မှာ ချင်း လူမျိုးတို့ လင်မယားလေးမျိုးယူပုံ ဓလေ့များ ပင် ဖြစ်ကြလေသည် ။
နော်ကိုဗန်က ထိုဓလေ့ထုံးစံများကြောင့် ဆွယ်လီတို့ ထပ်မံလက်ထပ်မည်ဟု ပြောနေခြင်းဖြစ်ပေသည် ။
ဆွယ်လီကတော့ လုံးဝလက်မခံပေ။
''မသင့်လျှော်တဲ့ ထုံးတမ်းဓလေ့တွေကြောင့် လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ အပျက်စီးမခံနိုင်ဘူး..၊ ချစ်ခြင်း မေတ္တာဆိုတာ ဒုတိယနေရာနဲ့ ဘယ်တော့မှ နေလေ့မရှိဘူး၊ ဒါကြောင့် နင်ပြောတာတွေကိုလည်း ငါလုံးဝလက်မခံနိုင်ပါဘူး၊ ဒါအပြင် နင်နဲ့ ငါနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုလည်း ဒီအချိန်ကစပြီး ငါမေ့ပစ်လိုက်ပါပြီ''
ဟု ပြောလိုက်ရာ နော်ကိုဗန်လည်း ဘာမှ ဆက်မပြောသာတော့သဖြင့် လက်လျှော့ပြီး ပြန်သွားရလေတော့သည် ။
***