နေရာက သူသိသောနေရာပင်ဖြစ်သည် ။ လမ်းကလည်း ရောက်ခဲ့ဖူးသော လမ်းပင်ဖြစ်သည် ။
ထိုနေရာတွင် ရေတွင်းငယ်တစ်ခုရှိသည် ။ မှ ိုင်းညို့နေသော တောအုပ်ကြီးများ ရှိသည် ။
အပေါ်မှ မိုးထားသကဲ့သို့၊ ဒါမှ မဟုတ် တံတိုင်းကြီးများ ကာရံထားသကဲ့သို့၊ မြင့်မားလှသော တောင်မြင့်ကြီးများ ရှိကြလေသည် ။
လမ်းသွယ်၊ လမ်းခွဲမြောက်များ စွာတို့ ဆုံတွေ့သော နေရာလည်း ဖြစ်သည် ။
ထို့ပြင် ထိုနေရာတစ်ဝိုက်ရှိ တောအုပ်များ ၊ တောင်မြင့်ကြီးများ ပေါ်တွင် တောင်ဇလပ်ပန်းမျိုးစုံတို့ ရှိကြသည် ။
ရောင်စုံတောဇလပ်ပန်းများ ဖူးပွင့်နေသည် ကို မြင်ရသည် နှင့် ပင် ဘဝဟောင်းကို ပြန်ပြောင်းသတိရစေသောနေရာပင်ဖြစ်သည် ။
ထိုနေရာသည် အခြားတော့မဟုတ်ပေ။ လူသေရွာသို့ သွားရာလမ်းတွင် တွေ့ရသောမြင်ကွင်းများ ပင် ဖြစ်သည် ။
ချင်းလူမျိုးတို့ ယုံကြည်မှုမှာ သေဆုံးသွားသူသည် အခြားဘဝ၊ အခြားတစ်နေရာသို့ လူသေရွာမှ တစ်ဆင့်သွားကြရသည် ။
မိန်းမကြီးဆာနူ ညွှန်ပြပေးသောလမ်းမှ သွားကြရသည် ဟု ယုံကြည်မှုရှိကြသည် ။
လူသေနှင့် လူရှင်တို့ နယ်နိမိတ်ကို ခြားနားထားသော နေရာမှ ကျော်လွန်သောအခါ လမ်းခွဲတစ်ခုသို့ ရောက်သွားလေသည် ။
ထိုလမ်းခွဲမှ ဆက်သွားသောအခါ မိန်းမကြီးဆာနူရှိရာသို့ ရောက်သွားလေတော့သည် ။
မိန်းမကြီးဆာနူ ရှေ့မှောက်သို့ ရောက်သောအခါ လူ ဘဝက သတ်ဖြတ်ခဲ့သော တိရစ္ဆာန်ဦးခေါင်းများကို ပြသကြရမည်။
ကျွဲ၊ နွားနောက်စသော တိရစ္ဆာန် အကောင်ကြီးများ ၏ ဦးခေါင်းများများ ပြနိုင်လျှင် ဆာနူကသဘောကျသည် ။
ထိုသူကို ဘဝလမ်းဖြောင့်စေရန် အခက်အခဲမရှိသော လမ်းမှ သွားစေရန် လမ်းညွှန်ပြပေးသည် ။
အကယ်၍ တိရစ္ဆာန်ငယ်ကလေးများ ဖြစ်သော ကြက်၊ ဝက်စသော ဦးခေါင်းများ ပြပါက ဆာနူက သဘောမကျပေ။
ထိုသူကို ဘဝလမ်းကူးမဖြောင့်စေရန် ခက်ခဲသောလမ် မှ ညွှန်ပြပေးလေ့ရှိသည် ။
ယခု ဆွယ်လီတစ်ယောက် လူသေရွာသို့ ရောက်နေသည် ။
ဘာကြောင့် ရောက်နေသည် ကိုတော့ သူမသိပေ။
မိန်းမကြီး ဆာနူနှင့် တွေ့သောအခါ တိရစ္ဆာန်ငယ်ကလေးများ ဦးခေါင်းကိုပင် မပြနိုင်သဖြင့် သူ့ကို ရှုတ်ထွေးခက်ခဲသောလမ်းမှ လမ်းညွှန်ပေးသဖြင့် ထိုလမ်းမှ လာရလေသည် ။
လမ်းတစ်နေရာရောက်တော့ သူ့လိုပင် ယောင်လည်လည်ဖြစ်နေသော လူတစ်ယောက်နှင့် တွေ့ရလေသည် ။
အနားရောက်တော့မှ သူ့ချစ်သူနီမောင်ဖြစ်နေသည် ကို တွေ့ရသဖြင့် ဝမ်းသာအားရ အနားသို့သွားလေသည် ။
''နီမောင်''
ဆွယ်လီက ခေါ်တော့ လှည့်ကြည့်လေသည် ။ သို့သော် သူ့ကို မှတ်မိဟန်မတူပဲ စိုက်ကြည့်နေသည် ။
''နင် ဘယ်သူလဲ''
''ငါ ဆွယ်လီလေ မမှတ်မိတော့ဘူးလား''
ခေါင်းခါပြလေသည် ။
''ငါ နင့်ကိုမသိဘူး''
''ဟင်''
ထိုစကားကြောင့် ဆွယ်လီမှာ များ စွာအံ့သြသွားလေသည် ။
''ငါ့ကို မသိတော့ဘူး ဟုတ်လား''
''မမှတ်မိတော့ဘူး၊ ငါသွားတော့မယ်''
ဟု ပြောကာ သူမအနားမှ ထွက်သွားလေတော့သည် ။
''နီမောင်..နီမောင်..''
ဟု လှမ်းခေါ်လိုက်သည် ။
ထိုကဲ့သို့ခေါ်ရင်းနှင့် အသံထွက်သွားရာ အနားမှာ အိပ်နေသော ဇာလျှံပင် လန့်နိုး လာလေသည် ။
''ဆွယ်လီ ဘာတွေယောင်ပြီး အော်နေတာလဲ''
''နီမောင် ဘာဖြစ်လို့ လဲ''
''အိပ်မက်ထဲမှာ ငါ သူ့ကိုတွေ့လိုက်တယ်၊ ဒါပေမယ့် သူက ငါ့ကို မမှတ်မိတော့ဘူးလို့ ပြောသွားတယ်''
ဇာလျှံက သက်ပြင်းချ လိုက်လေသည် ။
''နင် သူ့အကြောင်းတွေတွေးပြီး အိပ်ပျော်သွားလို့ အိပ်မက်မက်နေတာဖြစ်မှာ ပါ''
''ငါ သူတို့ နေတဲ့ ရွာကို တစ်ခေါက်လောက်တော့ သွားကြည့်ချင်တယ်''
''ဟင် ဘာဖြစ်လို့ လဲ''
''ခြောက်လလောက်ကြာအောင် နေခဲ့တဲ့ နေရာလေးကိုလည်း ပြန်ကြည့်ချင်တယ်၊ နောက်ပြီး သူနဲ့ တွေ့ရင်လည်း မေးချင်တာလေးတွေရှိလို့ ပါ''
''နင့်မိဘတွေဆီမှာ ခွင့်တောင်းကြည့်ပေါ့၊ သူတို့ ခွင့်ပြုပေးရင်တော့ သွားကြတာပေါ့၊ ဒါပေမယ့် ငါတို့ နှစ်ယောက်တည်းတော့ သွားလို့ မဖြစ်ဘူး၊ ရမ်မန်းကိုပါ အဖော်ခေါ်သွားရမယ်''
ဟု ပြောလေသည် ။
နောက်တစ်နေ့ မနက်ပိုင်းရောက်တော့ သစ်ခွမြိုင်ရွာသို့ တစ်ခေါက်သွားလိုကြောင်းပြောသောအခါ ဦးဗန်ဟေက ခွင့်ပြုပေးသည် ။
''နင့်အသက်ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးရှိတဲ့ လူတွေရဲ့ ရွာကိုသွားတာပဲသွားပေါ့၊ ဟိုရောက်ရင်လည်း သူတို့ ရဲ့ ကျေးဇူးကျွေးကို တတ်နိုင်သလောက် ဆပ်ပေးခဲ့ပါ''
ဟု မှာ လိုက်လေသည် ။
ထို့ပြင် မြစ်ကြောင်းမှ လှေဖြင့်သွားရန် စီစဉ်ပေးသည် ။
လှေလှော်ရန် လူလေးယောက်ပါ ထည့်ပေး လိုက်လေသည် ။
သူတို့ နှစ်ယောက်သွားတော့ ရမ်မန်းကပါ လိုက် လာလေသည် ။
လှေဖြင့်သွားသောအခါ နေ့ဝက်ခရီးလောက်သာ သွားကြရသည် ။
သူတို့ က နေမြင့်တော့မှ ခရီးထွက်ကြသဖြင့် ညနေပိုင်း အချိန်ရောက်တော့ သစ်ခွမြိုင်ရွာသို့ ရောက်သွားကြသည် ။
ထိုရွာရောက်တော့ သူနေဖူးခဲ့သော နေရာတစ်ခုလို စိတ်ထဲမှာ ပြန်ပေါ် လာလေသည် ။
ရွာထဲရောက်တော့ နီမောင်တို့ အိမ်မရောက်ခင် စောထီးနှင့် ငမဲအောင်တို့ နှင့် အရင်တွေ့ရလေသည် ။
''ဆွယ်လီတို့ ပါလား ၊ မင်္ဂလာပွဲအတွက် လာဖိတ်ကြတာလား''
ဟု မေးတော့ ဆွယ်လီက ခေါင်းခါပြသည် ။ ဆွယ်လီကိုမြင်တော့ နှစ်ယောက်စလုံး မျက်နှာမကောင်းကြပေ။
ထိုအခါ ဇာလျှံက ဝင်ပြောသည် ။
''ငါတို့ နီမောင်တို့ အိမ်သွားကြမလို့ ၊ သူရှိတယ် မဟုတ်လား''
''ရှိတော့ရှိပါတယ်၊ ဒါပေမယ့် နင်တို့ သွားလည်း သူမှတ်မိတော့မှာ မဟုတ်ဘူး ''
''ဟင် ဘယ်လိုဖြစ်လို့ လဲ''
''တစ်ည ချယ်ရီပင်ကြီးအောက်မှာ ထိုင်နေရင်းနဲ့ လေတွေမိုးတွေ ကျလာတော့ ချယ်ရီကိုင်းကျိုးကျတာ သူ့ခေါင်းကို ထိမိသွားတယ်''
''ဟင် ဖြစ်ရလေ''
''ဒဏ်ရာကတော့ ဆရာကြီးက ဆေးကုပေးလို့ ပျောက်သွားပေမယ့်၊ ဘယ်သူ့ကိုမှ သိပ်မမှတ်မိတော့ဘူး၊ နင်တို့ မြင်လည်း စိတ်မကောင်းဖြစ်ကြရုံပဲရှိမှာ ပါ၊ ဒီကပဲပြန်ကြရင် ကောင်းမယ်''
''မပြန်ဘူး၊ ငါ သူနဲ့ တွေ့ချင်သေးတယ်''
ဟု ပြောပြီး ဆက်သွားကြရာ နီမောင်တို့ အိမ်ရောက်သွားကြလေသည် ။
အိမ်နှင့် မနီးမဝေးမှာ ရှိနေသော ချယ်ရီပင်ကြီးကို မြင်ကတည်းက စိတ်ထဲမှာ သတိရစိတ် ဝင် လာလေတော့သည် ။
''ချယ်ရီပင်..ချယ်ရီပင်ကြီး၊ ဒီအပင်ကြီးအောက်မှာ ငါထိုင်ခဲ့တာပဲ''
ဟု ရေရွတ်နေသည် ။
အိမ်သို့ရောက်တော့ ဒေါ်ကျင်မေနှင့် နှင်းမေတို့ နှစ်ယောက်သာရှိသည် ။
နှစ်ယောက်စလုံး ဆွယ်လီကိုမြင်တော့ ဝမ်းသာဝမ်းနည်း ဖြစ်နေကြသဖြင့် မျက်ရည်အဝိုင်းသားဖြင့် ကြည့်နေကြသည် ။
''သမီးတို့ အလည်လာကြတာလား''
''ကျွန်မ နီမောင်နဲ့ တွေ့ချင်လို့ ပါ အမေ''
''လောလောဆယ်တော့ မရှိသေးဘူး၊ မြစ်ဘက်ကို သွားတယ်ထင်တယ်၊ နားကြပါဦးကွယ် ''
ဟု ပြောကာ နေရာထိုင်ခင်းများ ပေးလေသည် ။
ထိုအချိန်မှာ ပင် နှင်းမေက အဝတ်ဖြင့်ထုပ်ထားသော အထုပ်တစ်ထုပ်ကို ယူ လာပြီးပေးသည် ။
''မမပြန်သွားတော့ မမရဲ့ အဝတ်အစားတွေရော အသုံးအဆောင်ပစ္စည်းတွေရော ကျွန်မသိမ်းပေးထားတယ်''
ဟု မျက်ရည်အဝိုင်းသားဖြင့် ပြောပြီးပေးသဖြင့် ဖြေကြည့်လိုက်သောအခါ သူမဝတ်ဆင်ခဲ့သော အဝတ်အစားများ အပြင် အသုံးအဆောင်ပစ္စည်းများကို တွေ့ရလေသည် ။
''မမ မင်္ဂလာဆောင်က ဘယ်တော့လဲဟင်၊ ကျွန်မတို့ တော့ လာနိုင်တော့မယ် မထင်ဘူး၊ အစ်ကိုက သိပ်နေမကောင်းသေးဘူး''
ဟု နှင်းမေကပြောသောအခါ ဆွယ်လီမှာ ပါးပြင်ပေါ် သို့ စီးကျလာသော မျက်ရည်တို့ ကို ပုဝါဖြင့် သုတ်ဖယ်ပစ်လိုက်သည် ။
မကြာခင် နီမောင် ပြန်ရောက်လာသည် ။
မြစ်ကမ်းဘက်မှ ပြန်လာဟန်ရှိပြီး ငါးနှစ်ကောင်လည်း ပါ လာလေသည် ။
အိမ်ထဲမှာ ဧည့်သည် များ ရောက်နေသည် ကို မသိသေးသဖြင့် ငါးနှစ်ကောင်ကို မီးဖိုရှိရာသို့ ယူသွားပြီး တံစို့ထိုးကာ ကင်နေလေသည် ။
ထိုနေရာမှာ ချယ်ရီပင်ကြီးရှိသောနေရာနှင့် မနီးသော နေရာဖြစ်ပေသည် ။
နီမောင် ငါးကင်နေသောနေရာသို့ ဆွယ်လီက လျှောက်သွားလေသည် ။
အနားရောက်တော့ မော့ကြည့်လေသည် ။
သို့သော် မှတ်မိဟန်တော့မတူပေ။
''နင် ငါ့ကို မမှတ်မိတော့ဘူးလား''
''နင် ဘယ်ကလာတာလဲ''
''ဟိုး ရွာဘက်ကလာခဲ့တာ၊ ဒီ ငါးကင်တွေက ဘာလုပ်ဖို့ လဲဟင်''
''ငါ့မှာ ချစ်သူတစ်ယောက်ရှိတယ်၊ သူက ငါးကင် သိပ်ကြိုက်လို့ သူ့အတွက် ငါကိုယ်တိုင် ငါးဖမ်းပြီး ကင်ပေးနေတာ''
ဟု ပြောပြီး သူမကိုမကြည့်တော့ပဲ ငါးကင်ကိုသာ ဂရုစိုက်ကင်နေလေသည် ။
ဆွယ်လီက အတိတ်မေ့နေရာမှ သတိပြန်ရလာတော့ နီမောင်ကို မမှတ်မိတော့ပေ။
ယခု..နီမောင်ကပါ အတိတ်ဘဝ မေ့နေပြီဖြစ်သောကြောင့် ဆွယ်လီကို မသိနိုင်တော့ပါချေ။
''နင့်ချစ်သူက ဘယ်သူလဲဟင်''
ထိုသို့မေးသောအခါ ဘာမှ ပြန်မပြောဘဲ အတော်ကြာအောင် စဉ်းစားနေပြီးမှ ခေါင်းခါပြလိုက်သည် ။
''သူ ဘယ်မှာ ရှိနေတယ် ဘယ်သူလဲဆိုတာတော့ ငါမမှတ်မိတော့ပါဘူး၊ ဒါပေမယ့် ဒီချယ်ရီပင်ကြီးရှိတဲ့ နေရာကိုတော့ တစ်နေ့ကျရင် သူပြန်ရောက်လာမှာ ပါ''
ဟု ပြောကာ နေရာမှ ထသွားလေသည် ။
ညအချိန်ရောက်တော့ ဦးဘရှိန်ပါ ပြန်ရောက်လာသည် ။
နှင်းမေက ဧည့်သည် များကို ထမင်းဟင်းများ ဖြင့် ကျွေးမွေးသော်လည်း ဘယ်သူမှ မစားနိုင်ကြပေ။
''ငါတို့ က..နင့်ကို သားသမီးအရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တာပါ၊ အခုလို မိဘတွေနဲ့ ပြန်တွေ့ပြီး ဘဝမှန်ပြန်ရသွားတာ မြင်ရတော့ ဝမ်းသာပါတယ်၊ နီမောင်အတွက်ကတော့ ကံတရားကြောင့် ဖြစ်တယ်လို့ ပဲ သဘောထားပါတယ်''
''ကျွန်မတစ်ခုတော့ ခွင့်တောင်းပါရစေ''
''ဘာများ လဲ''
'' ကျွန်မကို ဒီမှာ ပြန်ပြီးလက်ခံပေးပါ၊ ကျွန်မအတိတ် ဘဝမေ့နေတုန်းက နီမောင်က ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ အခု သူဒီလိုဖြစ်နေတော့ ကျွန်မပြန်ပြီး ကူညီစောင့်ရှောက်ပေးပါရစေ''
''ဖြစ်ပါ့မလားကွယ် ဒီအတိုင်းနေတာကမှ တော်သေး၊ သူနဲ့ နေပြီးတော့မှ ဒီတစ်ခါပြန်သွားရင် သူအသက်သေလိမ့်မယ်ထင်တယ်''
ဒေါ်ကျင်မေက ဝင်ပြောလေသည် ။
''ဒီအတွက်တော့ ဘာမှ မစိုးရိမ်ပါနဲ့ ၊ ကျွန်မသူနေပြန်ကောင်းတဲ့ အထိ နေပေးသွားပါ့မယ်လို့ ကတိပေးပါတယ်''
ထိုသို့ကတိပေးသောအခါမှာ တော့ မိသားစုများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းနှင့် ထွေထွေထူးထူး ဘာမှ ထပ်မပြောကြတော့ပေ။
နောက်တစ်ရက်မှာ တော့ ဇာလျှံနှင့် ရမ်မန်းတို့ က ပြန်ဖို့ ပြင်ကြလေသည် ။
''ဆွယ်လီ နင် ပြန်မလိုက်သေးဘူးလား''
''ငါ မလိုက်သေးဘူး၊ သူ နေကောင်းတဲ့ အထိ ဒီမှာ နေပြီး ပြုစုပေးလိုက်ဦးမယ်၊ ဒီမလာခင် အဖေက ငါ့ကိုမှာ လိုက်တယ်၊ ကျေးဇူးရှိတဲ့ သူတွေရဲ့ ကျေးဇူးကြွေးကို..တတ်နိုင်သလောက် ဆပ်ပေးခဲ့လို့ မှာ လိုက်တယ်၊ အဖေနဲ့ အမေကိုသာ အကျိုးအကြောင်း ပြောပြပေးပါ''
ဟု မှာ လိုက်ရာ ဇာလျှံနှင့် ရမ်မန်းတို့ လည်း စိတ်မကောင်းစွာဖြင့် ထားခဲ့ရလေသည် ။
''ငါတို့ လည်း မကြာခဏလာခဲ့ပါ့မယ်၊ နင်တို့ နှစ်ယောက် တစ်ယောက်ဘဝကို တစ်ယောက်မှတ်မိပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲနိုင်ပါစေလို့ ပဲ ဆုတောင်းပေးခဲ့ပါတယ်၊ ငါတို့ ပြန်တော့မယ် ''
ဟု ပြောဆိုနှုတ်ဆက်ပြီး ပြန်သွားကြလေတော့သည် ။
***