နီမောင်တို့ အိမ်ရှေ့နှင့် အိမ်ပတ်ဝန်းကျင်တွင် ပန်းပွင့်သောသစ်ပင်၊ ပန်းမပွင့်သောသစ်ပင်မျိုးစုံတို့ ရှိကြသည် ။
ရောင်စုံပွင့်သော တောင်ဇလပ်ပန်းများ ၊ အပွင့်ပွင့်သော အခါ နီရဲနေသော ကသစ်ပင်ကြီးများ လည်း ရှိသည် ။
မီးခိုးရောင်နှင့် အဖြူရောင်များ ရောထွေးနေပြီး သာမန်ပန်းပွင့်များ ထက်ကြီးသော စွယ်တော်ပင်များ ၊ အဝေးမှ ကြည့်လျှင် လှပသော ထာလ်သစ်ပင်တို့ အပြင် တစ်ပင်လုံးအရွက်မရှိ တော့ပဲ ပန်းနုရောင် ကမ္ဗလာကြီး ဖုံးထားသကဲ့သို့ လှပသော ချယ်ရီပင်ကြီးလည်း ရှိသည် ။
အဝေးမှ ကြည့်လျှင် ပန်းရောင်စုံ တောအုပ်အတွင်းမှ အိမ်တစ်လုံးနှင့် ပင် တူနေတော့သည် ။
ချယ်ရီပင်ကြီးအောက်မှာ ခုံတန်းလျားရှိသည် ။
ထိုနေရာနှင့် မနီးမဝေးနေရာတွင် သစ်မြစ်တုံးကြီးများ ဖြင့် ပြုလုပ်ထားသော မီးဖိုတစ်ခုရှိသည် ။
မီးဖိုပေါ်မှာ ဝါးတံစို့ဖြင့် ကင်ထားသော ငါးကြင်းနှစ်ကောင်ရှိသည် ။
ငါးကြင်းကင်မှ ရနံ့များက ပတ်ဝန်းကျင်တစ်ဝိုက် ပြန့်နှံ့နေလေသည် ။
အချိန်က ညနေပိုင်းအချိန်ရောက်နေပေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တော့ မြူနှင်းများကကျနေသည် ။
ဘယ်နေရာကိုပဲကြည့်ကြည့် မှုံမှ ိုင်းနေလေသည် ။
တစ်နည်းပြောရရင်တော့ လွမ်းဆွတ်ဖွယ်ရာကောင်းသော အခြေအနေပင် ဖြစ်ပေသည် ။
ချယ်ရီပင်ကြီးအောက်တွင် ရှိသော ခုံတန်းလျားပေါ်မှာ တော့ နှစ်ယောက်ရှိနေလေသည် ။
နီမောင်နှင့် ဆွယ်လီတို့ ပင် ဖြစ်ပေသည် ။
ဆွယ်လီတစ်ယောက် နီမောင်တို့ နေအိမ်သို့ရောက်နေခဲ့သည် မှ တစ်ပတ်ကျော်ခန့် ရှိနေပေပြီ။
အနေကြာလာတော့ နီမောင်ကိုယ်တိုင်က ဆွယ်လီအပေါ်မှာ ခင်မင် လာလေပြီ။
''နင့် နာမည်က ဘယ်သူလဲဟင်''
''ငါ့နာမည် ဆွယ်လီလို့ ခေါ်တယ်''
''နင်က ဘယ်ရွာကလာတာလဲ''
''ဟိုး အထက်ပိုင်းမှာ ရှိတဲ့ ရွာတစ်ရွာကပေါ့''
''နင်က ဘာကြောင့် ငါတို့ နဲ့ လာနေတာလဲဟင်''
''နင့်ကို ခင်လို့ ပေါ့၊ နင်ကရော ငါကို မခင်ဘူးလား''
''ခင်တာပေါ့''
ဟု ပြန်ပြောရာ ဆွယ်လီက ကျေနပ်စွာ ပြုံးလိုက်သည် ။
''နင် ဘာဖြစ်လို့ ငါးကင်တွေကို နေ့တိုင်းကင်နေတာလဲ''
''ငါ့ချစ်သူက ငါးကင်သိပ်ကြိုက်တယ်၊ သူပြန်ရောက်လာရင် ကျွေးဖို့ ကင်ထားတာပါ''
''နင့် ချစ်သူရဲ့ နာမည်က ဘယ်သူလဲ''
''သူ့ကိုမြင်ရင်ကော နင်မှတ်မိပါတော့မလား''
အတော်ကြာအောင် စဉ်းစားနေပြီးမှ ...
''ငါ မသိဘူး''
ဟု ပြန်ပြောလေသည် ။
''သူမှ ပြန်မလာနိုင်တော့တာ နင်ကင်ထားတဲ့ ငါးကင်တွေက အလကားဖြစ်မှာ ပေါ့''
''သူ ပြန်လာမှာ ပါ''
ဆွယ်လီက သက်ပြင်းတစ်ချက် ချလိုက်သည် ။
''နင် သူ့အကြောင်းတွေကို ဘာတွေမှတ်မိသေးလဲဟင်''
''သိပ်တော့ မမှတ်မိတော့ဘူး၊ သူက ငါတို့ မိသားစုဆီကို မမျှော်လင့်ပဲ ရောက်လာခဲ့တယ်၊ အတော်ကြာတော့ ငါတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်သွားခဲ့ပြန်တယ်၊ သူကလည်း ငါ့အပေါ်မှာ ချစ်တယ်၊ ငါကလည်း သူ့ကိုသိပ်ချစ်တာပဲ၊ နောက်တော့ သူမမျှော်လင့်ဘဲ ငါတို့ မိသားစုကိုထားခဲ့ပြီး ပြန်ထွက်သွားခဲ့တယ်''
ထိုစကားကြားတော့ ဆွယ်လီမျက်ဝန်းမှာ မျက်ရည်များ ရစ်ဝဲ လာလေသည် ။
ထို့ကြောင့် မသိမသာ ပုဝါဖြင့် တို့ သုတ်ပစ်ရလေသည် ။
''ဒါပေမယ့် သူက ငါ့ကိုချစ်တော့ တစ်နေ့နေ့တော့ သူ ငါဆီပြန်ရောက်လာမှာ ပါ''
''အခု ငါပြန်ရောက် လာပြီလေ၊ ဒီအချိန်ကျတော့ နင်က ငါ့ကို မမှတ်မိတော့ဘူး မဟုတ်လား''
ထိုစကားကိုတော့ ဆွယ်လီရင်ထဲမှာ ပင် ပဲ့တင်ထပ်နေ သောစကားများ ဖြစ်ကြသည် ။
ထိုအခြေအနေကတော့ သူမအနေနှင့် လည်း ဘာမှ မတတ်နိုင်တော့ပေ။
နီမောင်က နေရာမှ ထသွားပြီး မီးဖိုပေါ်မှာ ကင်ထားသော ငါးကင်တစ်ခုကို ယူ လာပြီး ဆွယ်လီကိုပေးသည် ။
''ဒီငါးကို ငါကိုယ်တိုင်ဖမ်းပြီး ကင်ထားတာ နင်စားလေ''
''နင့်ချစ်သူအတွက် ကင်ထားတာဆို''
နီမောင်က ဘာမှ မပြောဘဲ ပေးနေသဖြင့် ယူပြီး လာလေသည် ။ ပြီးမှ ...
''နင့်ကို စားစေချင်လို့ ပါ'' ဟု ပြောသည် ။
ဆွယ်လီက နီမောင်ပေးသော ငါးကင်ကို စားရသဖြင့် ဆွယ်လီ စိတ်ထဲမှာ တော့ ကျေနပ်နေမိလေသည် ။
''နင်က ငါတို့ နဲ့ အမြဲနေမှာ လားဟင်''
''နေမှာ ပေါ့၊ နင်ကရော ငါ့ကို လက်ခံပေးချင်လို့ လား''
''နေမယ် ဆိုရင်တော့ ပျော်စရာကောင်းတာပေါ့ ငါ နင့်ကိုခင်ပါတယ်'' ဟု ပြောလေသည် ။
နောက်ထပ် ရက်အနည်းငယ်ကြာတော့ ဆရာကြီး ဦးဗန်ကောင်းရောက် လာပြီး နီမောင်အတွက် ဆေးများ ပေးသည် ။
''အခြေအနေကတော့ အတော်လေး ကောင်းလာပါပြီ၊ မကြာခင်တော့ ပုံမှန်အခြေအနေ ပြန်ရောက်တော့မှာ ပါ''
ထိုစကားကြောင့် မိသားစုများက ဝမ်းသာကြရလေသည် ။
''ကျုပ်ထင်ထားတာက သူ့ရောဂါပျောက်အောင် အချိန်အတော်ကြာမယ်လို့ ထင်နေတာ၊ ဒီလောက်မြန်မြန်ကြီး ပြန်ကောင်းလာတာတော့ အံ့သြစရာပဲ၊ ဒါထက် မေးပါရစေဦး အခု ရောက်နေတဲ့ မိန်းကလေးက အရင်ဒီအိမ်မှာ နေသွားတဲ့ မိန်းကလေး မဟုတ်လား''
''ဟုတ်ပါတယ် ဆရာကြီး၊ သူရောက် လာပြီးတဲ့ နောက်ပိုင်းမှာ အခုလို သိသိသာသာ ပြန်ကောင်းလာတာပါပဲ''
''အဲဒါ မသိစိတ်ကိုပြုပြင်ပေးတဲ့ အဓိကအချက်က.. မေတ္တာတရားဆိုတာ အစွမ်းထက်တဲ့ ဆေးဝါးတွေ အားလုံးထက် ပိုပြီးအစွမ်းထက်တဲ့ သဘာဝဆေးတစ်လက်ပဲ၊ သူ့ရဲ့ ရောဂါတွေကို မေတ္တာတရားက ကုပေးနေတာ ဖြစ်မယ်''
ဟု မှတ်ချက်ချလေသည် ။
ထို့နောက်တော့ ဆရာကြီးဦးဗန်ကောင်းက ဦးဘရှိန်တို့ နှင့် တိုးတိုးတိတ်တိတ် တိုင်ပင်ပြီး အစီအစဉ် တစ်ခုပြုလုပ်လေသည် ။
တစ်ရက်မှာ တော့ ဆွယ်လီတစ်ယောက် ပျောက်သွားလေသည် ။ ဆွယ်လီကို မတွေ့မမြင်ရသောအခါ နီမောင်မှာ ပြာပြာသလဲ ဖြစ်သွားလေတော့သည် ။
''သူ ဘယ်ရောက်သွားပြီလဲ၊ ပြန်သွားပြီလား''
ဟု မေးလေသည် ။
''သူမပြန်ပါဘူးကွာ သူ့ကို လူသေရွာလမ်းခွဲက မိန်းမကြီးဆာနူ လာခေါ်လို့ ပါသွားတာပါ''
''ဟင်..ဒါဖြင့် အခု သူဘယ်မှာ လဲ''
''ဆာနူက သူ့ကိုသင်္ချိုင်းထဲမှာ ခေါ်ထားတယ်၊ မိန်းကလေးကို လာခေါ်တဲ့ သူတွေကို သရဲနဲ့ တိုက်သတ်မယ်လို့ ကြိမ်းထားတယ်၊ ဒါကြောင့် ဘယ်သူမှ မသွားဝံ့ဘူး ဖြစ်နေတယ်''
''ကျွန်တော် သွားမယ်''
''ဖြစ်ပါ့မလား၊ မင်းက သိပ်ပြီးနေကောင်းသေးတာ မဟုတ်ပဲနဲ့ ''
''ဖြစ်ပါတယ်၊ သူတစ်ခုခု ဖြစ်သွားရင် မကောင်းဘူး၊ သရဲတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာသာ ပြောပါ''
''မင်းကို ပရိတ်ရေနဲ့ ပရိတ်ကြိုးပေးလိုက်မယ်၊ အဲဒါ တွေပါရင် မင်းအနားကို ဘယ်သူမှ မကပ်နိုင်ပါဘူး''
ဟု ပြောပြီး..အသင့်ဆောင်ထားသော ပရိတ်ရေနှင့် ပရိတ်ချည်တို့ ကိုပေးရာ နီမောင်လည်း ထိုပစ္စည်းများကိုယူပြီး တစ်ယောက်တည်းပင် သင်္ချိုင်းရှိရာသို့ သွားလေသည် ။
သူ့နောက်ကိုတော့ ဘယ်သူမှ မလိုက်ဘဲ နေခဲ့ကြလေသည် ။
သုသာန်ရှိသောနေရာမှာ ရွာအနောက်ဘက် သစ်တော စပ်တွင် ဖြစ်သည် ။ အချိန်က နေဝင်ချိန် ရောက်နေပြီဖြစ်သောကြောင့် သင်္ချိုင်းတစ်ဝိုက်မှာ မှောင်နေပေပြီ။ ထိုနေရာရောက်တော့ နီမောင်က အသံပေးလိုက်သည် ။
''ဆွယ်လီရေ..ဆွယ်လီ နင်ဘယ်မှာ လဲ''
သူ အော်လိုက်သောအသံကြောင့် ပဲ့တင်သံများ ပြန်ထွက်လာသည် ။
ဆွယ်လီအသံတော့ မကြားရသေးပေ။
ထို့ကြောင့် စိတ်ပူပန်စွာဖြင့် နေရာအနှံ့လိုက်လံရှာဖွေလေသည် ။
ထိုအခိုက်အတံ့တွင် စိုးရိမ်ပူပန်မှုကြောင့် တစ်ကိုယ်လုံး မှာ ရှိသော သွေးများ ဆူပွက် နေသကဲ့သို့ ခံစားနေရသည် ။
ပဲ့တင်သံများ သာ ကြားရသည် ။ သို့ဖြင့်သင်္ချိုင်းထဲသို့ဝင်ပြီး နေရာအနှံ့ လိုက်ရှာသောအခါ တစ်နေရာရောက်တော့ ခွေခွေကလေးလဲနေသော ဆွယ်လီကို ပြန်တွေ့ရလေသည် ။
သို့ကြောင့် အနားရောက်အောင် ကဗျာကယာ ပြေးသွား ပြီး ပွေ့ယူလိုက်သည် ။
''ဆွယ်လီ..ဆွယ်လီ..''
ဆွယ်လီက မလှုပ်တော့ပေ။ ပါးစပ်မှ သွေးများ စီးကျနေရာ ကိုယ်ပေါ်မှာ ပင် စွန်းပေနေလေသည် ။
''ဆွယ်လီ..ဆွယ်လီ ငါခေါ်တာကြားရဲ့ လား၊ နင်သေလို့ မဖြစ်ဘူး၊ နင်သေရင် ဒီတစ်ခါတော့ ငါပါအသက်သေရလိမ့်မယ်''
ဟု ပြောကာ ဆွယ်လီကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ တင်းတင်းကျပ်ကျပ် ဖက်ထားလေသည် ။
ထိုအချိန်တွင် နီမောင်မျက်ဝန်းမှ မျက်ရည်များကျလာသည် ။ ပြီးမှ ဆွယ်လီမျက်နှာနားသို့ကပ်ကာ တိုးတိုးလေးပြော လိုက်လေသည် ။
''တကယ်တော့ နင်ပြန်ရောက်လာကတည်းက မှတ်မိသင့်သလောက် ငါမှတ်မိပါတယ်၊ ဒါပေမယ့် ငါ့အပေါ်မှာ ဘယ်လောက်ချစ်သေးသလဲဆိုတာ သိချင်လို့ တမင်ဟန်ဆောင်ပြီးနေခဲ့တာပါ၊ ဒီတစ်ခါတော့ ငါ့ကိုခွဲမထားခဲ့ပါနဲ့ တော့ ဆွယ်လီရယ်၊ ငါ တောင်းပန်ပါတယ်''
ထိုသို့ပြောလိုက်သောအခါ သူ့ရင်ခွင်ထဲမှာ ရောက်နေသော ဆွယ်လီက မျက်စိဖွင့် လာလေသည် ။
''နင် တကယ်ပြောတာလား၊ ဒါဖြင့် အရင်အကြောင်းတွေကို ပြန်ပြီးသတိရနေပြီပေါ့ ဟုတ်လား''
''ဟင်..ဆွယ်လီ၊ နင် ဘာမှ မဖြစ်ဘူးနော်၊ ငါ ဝမ်းသာလိုက်တာ''ဟု ပြောကာ ပိုပြီးတင်းကျပ်စွာ ဖက်ထား လိုက်လေသည် ။
''အို..လျှော့ပါဦး၊ သရဲသတ်လို့ မသေဘဲ၊ အရိုးကျိုးလို့ သေရတော့မယ်''
ဟု ပြောတော့မှ သတိရပြီး လွှတ်ပေးလိုက်သည် ။
''နင် ငါ့ကို တကယ်ပြန်မှတ်မိနေပြီလား''
''မှတ်မိပါတယ်၊ နင်ပြန်ရောက်လာကတည်းက မှတ်မိနေတာပါ''
''ဒါနဲ့ များ တဖက်သား စိတ်ပူအောင် လုပ်ရသေးတယ်''
''စိတ်ပူအောင် လုပ်တာတော့ မဟုတ်ပါဘူး၊ ခဏပဲနေပြီး ပြန်သွားဦးမှာ လားလို့ သိချင်တာနဲ့ အခြေအနေ ကြည့်နေတာပါ''
''ခုတော့ ငါ့သဘောကို သိပြီမဟုတ်လား''
''သိပါပြီ..နင် ငါ့အပေါ်မှာ တကယ်ချစ်တယ်ဆိုတာသိပါပြီ''
''နင်ကရော ငါ့ကို တကယ်ချစ်သေးရဲ့ လား''
''ချစ်ပါတယ် ဆွယ်လီရယ်၊ ငါ ဘယ်လောက်ချစ်တယ်ဆိုတာ နင်အသိဆုံးပါ''
''ဒါဖြင့် အရင်က ချယ်ရီအနေနဲ့ ချစ်မှာ လား..၊ အခု ဆွယ်လီအနေနဲ့ ချစ်မှာ လား''
နီမောင်က ဆွယ်လီပခုံးလေးကို ဖက်ရင်း...
''ငါကတော့ ချယ်ရီကိုလည်း ချစ်တယ်၊ ဆွယ်လီကိုလည်း ချစ်တယ်၊ အချစ်ဆုံးကတော့ နာမည်တွေထက် နင့်ကိုအချစ်ဆုံးပါပဲ''
ဟု ပြောလိုက်ရာ ဆွယ်လီက နှစ်သက်ကျေနပ်သော အမူအယာဖြင့် မျက်စောင်းတစ်ချက် ထိုး လိုက်လေသည် ။
ထိုအခိုက်မှာ ပင် မနီးမဝေးနေရာမှ တောတိုးထွက်လာသော ခြေသံများကိုကြားရသဖြင့် ကြည့်လိုက်ရာ စောထီးနှင့် ငမဲအောင်တို့ ကို တွေ့ရလေသည် ။
''ကဲ...ပြောပြီးကြပလား၊ ပြီးရင်လည်း သွားကြရအောင်၊ ဒီမှာ သစ်ချုံထဲမှာ ထိုင်နေရတာ ခြင်ကိုက်လို့ သေတော့မယ်''
ဟု ငမဲအောင်က ပြောသည် ။
''မင်းတို့ နှစ်ယောက်က ဘယ်လိုရောက်နေကြတာလဲ''
''ဆရာကြီးဦးဗန်ကောင်းက ဆွယ်လီတစ်ယောက်တည်း ကြောက်နေမှာ စိုးလို့ ငါတို့ နှစ်ယောက်ကိုပါ စောင့်ခိုင်းထားလို့ စောင့်ပေးနေရတာပေါ့''
''ဒါဖြင့် အခုဟာတွေက ဆရာကြီးဦးဗန်ကောင်းရဲ့ အစီအစဉ်တွေပဲပေါ့..ဟုတ်လား''
''သိချင်ရင် သူနဲ့ တွေ့တော့မှ ပဲ မေးကြည့်တော့ကွာ၊ ငါတို့ နှစ်ယောက်တော့ သွားနှင့် တော့မယ်''
ဟု ပြောဆိုကာ စောထီးနှင့် ငမဲအောင်တို့ က ထိုနေရာမှ ထွက်သွားကြလေသည် ။
ထိုအခါမှ နီမောင်က ဆွယ်လီလက်ကလေးကိုဆွဲပြီး သင်္ချိုင်းထဲမှ ထွက်လာကြလေသည် ။
သူတို့ နှစ်ယောက်အတွက်ကတော့ နောက်ထပ်ကြေကွဲ ဝမ်းနည်းဖွယ်ရာများ ဖြင့် ခွဲခွာနေကြခြင်းဆိုသော အဖြစ်အပျက်များကို ဘယ်သောအခါမှ စဉ်းစားကြတော့မည့် မဟုတ်ပေ။
မျှော်လင့်ချက်များ စွာဖြင့် ဘဝတစ်လျှောက်လုံး လက်တွဲသွားကြရန်သာ ညီတူညီမျှ စိတ်ကူးရှိနေကြပြီ ဖြစ်ပေတော့သည် ။
ဤနေရာတွင် ကျွန်ုပ်ရေးသားသော(လူသေရွာ) အမည် ရှိ ဂမ္ဘီရဆန်းကြယ် ဝတ္ထုရှည်မှာ လည်း နိဂုံးကမ္ပတ် အဆုံးသတ်ပြီ ဖြစ်ပေတော့သည် ။
အနီဃာဟောတု သုခိအတ္ထာနံ ပရိဟရန္တု
တြိစက္က
စာပြီးချိန်။ ။၂ဝ၁၅ခုနှစ်၊ ဇန်နဝါရီ (၉)ရက်၊ သောကြာနေ့ ၊ နံနက် (၁ဝ)နာရီ။
***