"တတိယသခင်လေး... ကျွန်တော့်ရဲ့ ဇနီးအပေါ် ဘယ်လို ထင်သလဲ"
နင်ချန်းယွီသည် ချန်ကျီရှင်းကို တည့်တည့်စိုက်ကြည့်ကာ ထိုမေးခွန်းကိုပင် ထပ်မံမေးမြန်းလိုက်သည်။ ချန်ကျီရှင်းမှာမူ ထိုစကားကို ကြားလိုက်ရချိန်တွင် မှင်တက်သွားရပြီး နင်ချန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။
ဒါက... ဘယ်လိုမျိုး ထူးဆန်းတဲ့ လုပ်ရပ်လဲ။
သူ အတော်လေး နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သူတစ်ပါး၏ စိတ်နှလုံးကို သိမ်းပိုက်
ရန်အတွက် အလှထောင်ချောက်ဆင်သည်ကို သူ အကြိမ်ကြိမ် မြင်ဖူးသော်လည်း ကိုယ့်၏ ဇနီးအရင်းခေါက်ခေါက်ကို အလှထောင်ချောက်အဖြစ် အသုံးချသည်ကိုမူ ယခုမှပင် ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
"မိန်းကလေးရွှီက တကယ့်ကို ထူးချွန်ထက်မြက်သူတစ်ဦးပါ"
ချန်ကျီရှင်းသည် ရွှီချင်းကျိုးကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
ရွှီချင်းကျိုး၏ ရုပ်ရည်မှာ လူ့လောကတွင် အလှဆုံးဟု မဆိုနိုင်သော်လည်း သူမတွင် အေးစက်စိုပြေသော အသားအရေနှင့် ကျောက်စိမ်းကဲ့သို့ သွယ်လျသော ကိုယ်ဟန်ရှိပြီး သန့်စင်တောက်ပသော အရှိန်အဝါရှိရာ တကယ့်ကို ထင်ပေါ်သည့် အလှမျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ သူမသည် နှစ်ရှည်လများ ကိုယ်ခံပညာ ကျင့်ကြံထားသူဖြစ်သဖြင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အချိုးအစား ပြေပြစ်လှပပြီး ခြေတံရှည်များ၊ သွယ်လျဖြူဝင်းသော လည်တိုင်နှင့်အတူ အနီရောင်ဝတ်စုံအောက်မှ ခန္ဓာကိုယ်အလှမှာ ပိုမိုပေါ်လွင်နေခြင်း ဖြစ်သည်။ အကယ်၍ ရွမ်နန်ကျူးသည် နူးညံ့သိမ်မွေ့သော မြင်းလေးတစ်ကောင်နှင့် တူသည်ဆိုပါက ရွှီချင်းကျိုးမှာမူ မည်သူမျှ မယဉ်ပါးသေးသည့် တောရိုင်းမြင်းမလေးတစ်ကောင်ကဲ့သို့ ထက်မြက်ဖျတ်လတ်သော အလှမျိုး ရှိသည်။
ကောင်းတယ်ဆိုရင် ရပြီ။
နင်ချန်းယွီသည် စိတ်ထဲမှ ပြုံးလိုက်မိ၏။ သူသည် ချန်ကျီရှင်း လောဘကြီးမည်ကို မကြောက်ပေ။ ချန်ကျီရှင်းတွင် အလိုဆန္ဒ တစ်စုံတစ်ရာ မရှိဘဲ သူနှင့် နီးစပ်ခွင့်မရမည်ကိုသာ စိုးရိမ်နေခြင်းပင်။
"တတိယသခင်လေး... ပွင့်ပွင့်လင်းလင်း ပြောရရင် တခြားလူတွေက ကျွန်တော် ရွှီမိသားစုထဲကို သမက်အဖြစ် ဝင်လာတာကို မြင်တော့ ကံကောင်းလို့ ဘဝက အလိုလို အဆင်ပြေသွားပြီလို့ ထင်ကြတာ။ ဒါပေမဲ့ အပြင်လူတွေက ကျွန်တော့်ရင်ထဲက ခါးသီးမှုတွေကို မမြင်နိုင်ကြဘူး..."
"ကျွန်တော် ရွှီမိသားစုထဲ ရောက်ကတည်းက မိသားစု အကြီးအကဲကနေစလို့ အစေခံတွေအထိ ဘယ်သူကများ ကျွန်တော့်ကို လေးလေးစားစား ကြည့်ဖူးလို့လဲ"
"အဆင့်အတန်းအရ ပြောမယ်ဆိုရင် ကျွန်တော်က ဒီမိသားစုထဲမှာ အနိမ့်ဆုံးလူ ဖြစ်နေမှာပါ"
နင်ချန်းယွီသည် ဝမ်းနည်းဖွယ်ရာ အပြုံးတစ်ခုကို ဖန်တီးကာ ရေရွတ်လိုက်သည်။
"နင်ချန်းယွီ မင်း ရွှီမိသားစုထဲကို ရောက်လာကတည်းက ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်း။ ငါတို့ မင်းအပေါ် ဘယ်တုန်းက နှိမ်ခဲ့ဖူးလို့လဲ။ မင်းရဲ့ ဘဝရပ်တည်မှုအတွက် ဘယ်အရာကိုများ ရွှီမိသားစုက မဖြည့်ဆည်းပေးခဲ့လို့လဲ"
ရွှီချင်းကျိုးသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူမ၏ လှပသောမျက်ဝန်းအစုံမှာ ဒေါသရိပ်များဖြင့် ပြည့်နှက်သွားပြီး မိတ်ကပ်လိမ်းခြယ်မထားသော သူမ၏ မျက်နှာပြင်မှာလည်း လုံးဝအေးစက်ခက်ထန်သွားတော့သည်။
"အခုလို စကားမျိုးကို ပြောထွက်ဖို့ မင်းရဲ့ အသိစိတ်က တကယ်ပဲ မနာကျင်ဘူးလား"
အမှန်စင်စစ် လွန်ခဲ့သော သုံးနှစ်က လက်ထပ်ပွဲမှ ထွက်ပြေးခဲ့သည့် ကိစ္စကြောင့် သူမသည် နင်ချန်းယွီအပေါ် အမြဲတမ်း အားနာစိတ် ရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် နင်ချန်းယွီက ဤတစ်ကြိမ် ဇီဝေချန်မိသားစုသို့ လိုက်ပါရန် အချိန်အခါမဟုတ် တောင်းဆိုလာသည့်တိုင်အောင် အတားအဆီးများကြားမှ သူမက အတင်းအကျပ် သဘောတူပေးခဲ့ခြင်းပင်။
ထို့ပြင် သူမသည် နင်ချန်းယွီကို ကတိတစ်ခုပင် ပေးခဲ့ဖူး၏။ အကယ်၍ သူ၏ ကျင့်ကြံဆင့်က သူမထက် သာလွန်သွားပါက သူမသည် သူ၏ စစ်မှန်သော ဇနီးအဖြစ် ကြည်ဖြူစွာ လက်ခံမည် ဖြစ်ကြောင်းပင်။ အမှန်တကယ်တွင် နင်ချန်းယွီက သူမထက် သာလွန်ရန်ပင် မလိုဘဲ သူသာ တက်ကြွသော သဘောထားမျိုး ပြသခဲ့ပါက သူမသည် သူ့ကို တဖြည်းဖြည်း လက်ခံသွားမည်သာ ဖြစ်သည်။ ထိုစကားကို ပြောခဲ့ခြင်းမှာလည်း နင်ချန်းယွီအား စိတ်ဓာတ်ခွန်အား ပေးလို၍သာ ဖြစ်သည်။
သို့သော် ဇီဝေချန်မိသားစုသို့ ရောက်ရှိလာကတည်းက နင်ချန်းယွီသည် လူတစ်ယောက်လုံး လုံးဝပြောင်းလဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ရှေ့ပိုင်းတွင် အကြိမ်ကြိမ် တည်ငြိမ်မှု ပျက်ပြားခဲ့ရုံသာမက ယခုအခါတွင်မူ ရွှီမိသားစုအပေါ် ဤမျှအထိ နာကျည်းမှုကို ထုတ်ဖော်ပြသလာခဲ့သည်။
ဤအချက်ကပင် နင်ချန်းယွီအပေါ် ထားရှိခဲ့သော သူမ၏ နောက်ဆုံးသော အားနာစိတ်နှင့် သံယောဇဉ်တို့ကို အပြီးတိုင် ပျောက်ကွယ်သွားစေတော့သည်။
"စိတ်ဝင်စားစရာပဲ"
ချန်ကျီရှင်းသည် ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ခပ်သဲ့သဲ့လေး ပြုံးလိုက်မိ၏။ ဤကဲ့သို့သော အတွေးအခေါ်မျိုးမှာ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်အများစုတွင် တွေ့ရလေ့ရှိသော အားနည်းချက်တစ်ခုပင်။
အထူးသဖြင့် ဆင်းရဲရာမှ အင်အားကြီးမားလာသော ဇာတ်လိုက်များတွင် ဤပြဿနာမှာ ပိုမိုပြင်းထန်တတ်သည်။ သူတို့သည် မတရားသော ဆက်ဆံမှုနှင့် ရင်ဆိုင်ရသည့်အခါတိုင်း ကောင်းကင်ဘုံကို အပြစ်တင်တတ်ကြပြီး သူတို့၏ ကံဆိုးမှုအားလုံးမှာ သူတစ်ပါးကြောင့်ဟုသာ သတ်မှတ်တတ်ကြသည်။
သို့သော် သူတို့ တစ်ခါမျှ မစဉ်းစားမိသည့်အချက်မှာ...
တခြားလူတွေက မင်းအပေါ် ဘာကြောင့် ကောင်းပေးရမှာလဲ" ဆိုသည့်အချက်ပင်။
နင်ချန်းယွီက ဘာတွေများ မကျေနပ်ဖြစ်နေရတာလဲ။ ရွှီမိသားစုက သူ့ကို နှိမ်ခဲ့လို့လား။ နှိမ်ခဲ့ရင်တော့ သူနဲ့ လက်ထပ်ပေးမှာ မဟုတ်သလို ဒီသုံးနှစ်အတွင်းမှာ သူ တောင်းသမျှကိုလည်း တစ်ခုမကျန် ပေးနေမှာ မဟုတ်ဘူး။
"ညီအစ်ကိုနင်... သူတစ်ပါးဆီက လေးစားမှုကို ရဖို့ဆိုတာ စကားလုံးတွေနဲ့ တောင်းဆိုရတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အရည်အချင်းကို သက်သေပြရတာပါ။ ဒီလောကမှာ အကြောင်းရင်းမရှိဘဲ ကောင်းပေးတယ်ဆိုတာ မရှိဘူး။ မင်းကိုယ်တိုင်က အသုံးမကျတဲ့သူတစ်ယောက်လို ပြုမူနေသမျှ ကာလပတ်လုံး တခြားလူတွေက မင်းကို အထင်ကြီးဖို့ ဘယ်လို မျှော်လင့်နိုင်မှာလဲ"
ချန်ကျီရှင်းသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အသာအယာ တစ်ငုံသောက်ရင်း မသိမသာ ပြုံးလိုက်သည်။
ထိုစကားများအဆုံးတွင် ရွှီချင်းကျိုး၏ လှပသော မျက်ဝန်းအစုံ၌ အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားပြီး ချန်ကျီရှင်းကို မမျှော်လင့်ဘဲ ကြည့်လိုက်မိသည်။
တတိယသခင်လေးဆီမှာ ဒီလို အမြင်ကျယ်တဲ့ အတွေးအခေါ်မျိုး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...
ရွှီချင်းကျိုးသည် သူမ၏ နှုတ်ခမ်းလွှာကို ခပ်ဖွဖွ စေ့လိုက်မိပြီး မျက်ဝန်းများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်လာတော့သည်။
ဤဇီဝေချန်မိသားစု၏ တတိယသခင်လေးမှာ သူ၏ တာအိုအမြင်များတွင်သာမက လောကအမြင်များတွင်ပါ သူမနှင့် အတော်လေး ထပ်တူကျနေသည်။
"အသုံးမကျတဲ့သူ ဟုတ်လား"
နင်ချန်းယွီ၏ မျက်ဝန်း၌ ထိုစကားကို ကြားလိုက်ရချိန်တွင် အရိပ်မည်းတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ ခန့်ညားထည်ဝါလှသော ချန်းယွီနတ်မင်းကြီးဖြစ်သည့် သူ့ကို အသုံးမကျသူဟု ခေါ်ဆိုလိုက်ခြင်းပင်။
နင်ချန်းယွီသည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ ပြင်းထန်လှသော ဒေါသကို မျိုသိပ်လိုက်ပြီး အတင်းအပြုံးဖန်တီးကာ ဆိုလိုက်၏။
"တတိယသခင်လေး ပြောတာ မှန်ပါတယ်။ ကျွန်တော် အတွေးအခေါ် သိမ်ဖျဉ်းသွားမိတယ်"
ခေတ္တရပ်ပြီးနောက် နင်ချန်းယွီက ရယ်မောလျက် "ကျွန်တော် ရွှီမိသားစုကို အပြစ်တင်နေတာ မဟုတ်ပါဘူး ဒါပေမဲ့..."
နင်ချန်းယွီ၏ မျက်ဝန်း၌ ဝမ်းနည်းရိပ်များ ပေါ်လာပြီး စိတ်မကောင်းဖွယ်ရာ လေသံဖြင့် ဆက်ပြောသည်။
"ကျွန်တော်ကိုယ်ကျွန်တော် အသုံးမကျဘူးလို့ ခံစားရလို့ပါ။ ချင်းကျိုးနဲ့ မထိုက်တန်ဘူးလို့ ထင်မိလို့ပါ"
"ခုနက ချင်းကျိုးနဲ့ တတိယသခင်လေးတို့ အရက်သောက်ရင်း တာအိုအကြောင်း ဆွေးနွေးနေတာ၊ ရယ်ရယ်မောမောနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေလို စကားပြောနေကြတာကို ကျွန်တော် ကြည့်နေခဲ့ပါတယ်။ အဲဒီအချိန်ခဏလေးအတွင်းမှာပဲ ချင်းကျိုးရဲ့ မျက်နှာပေါ်မှာ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ အပြုံးမျိုးကို မြင်လိုက်ရတယ်"
ဂလောက်
နင်ချန်းယွီသည် အရက်ခွက်ကို ကိုင်ကာ တစ်ငုံတည်းဖြင့် မော့ချလိုက်ပြီး ပိုမိုမူးဝေလာသော အသွင်ဖြင့် "ကျွန်တော် မတွေးဘဲ မနေနိုင်တော့ဘူး။ ချင်းကျိုးနဲ့ ဒီပတ်သက်မှုက မသင့်တော်ဘူးထင်တယ်။ သူမက ကျွန်တော့်ထက်သာတဲ့သူနဲ့ပဲ ထိုက်တန်ပါတယ်"
ဤသို့ပြောပြီးနောက် နင်ချန်းယွီသည် ချန်ကျီရှင်းကို ဝမ်းနည်းဖွယ်ရာ အကြည့်ဖြင့် ကြည့လိုက်ကာ "တတိယသခင်လေးက ငယ်ရွယ်ပြီး အလားအလာရှိသူပါ။ ချင်းကျိုးနဲ့ဆိုရင် တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲဖြစ်မှာပါ။ ကျွန်တော့်ဘက်က ချင်းကျိုးကို သခင်လေးအတွက် အလျှော့ပေးဖို့ အသင့်ပါပဲ။ ကျွန်တော့်ကိုတော့ သခင်လေးရဲ့ အနားမှာပဲ နေခွင့်ပြုပြီး ချန်မိသားစုရဲ့ မြင့်မြတ်တဲ့ တာအိုတွေကို သင်ယူခွင့်ပေးပါ။ တစ်နေ့မှာ သခင်လေးကို မှီအောင် ကြိုးစားရင်း ချင်းကျိုးရဲ့ ပျော်ရွှင်မှုတွေကို စောင့်ကြည့်ချင်လို့ပါ..."
ဖြောင်းးး
ရွှီချင်းကျိုးသည် နင်ချန်းယွီ၏ ပါးကို အားကုန်လွှဲ၍ ရိုက်လိုက်လေတော့သည်။
"မင်း... မင်း... မင်းက ငါ့ကို ဘာမှတ်နေတာလဲ။ ငါ့ကိုယ်စား ဆုံးဖြတ်ချက်ချဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ"
ရွှီချင်းကျိုး၏ မျက်နှာမှာ တစ်ပြင်လုံး နီမြန်းနေပြီး နင်ချန်းယွီကို အရှက်နှင့် ဒေါသ ရောပြွမ်းလျက် စိုက်ကြည့်နေတော့သည်။
"တတိယသခင်လေး... ကျွန်မ... ကျွန်မကို ခွင့်ပြုပါဦး"
နောက်တစ်ခဏ၌...
ရွှီချင်းကျိုးသည် ချန်ကျီရှင်းကိုပင် မကြည့်ရဲတော့ဘဲ မြေကြီးထဲသို့သာ တိုးဝင်ချင်စိတ် ပေါက်နေတော့သည်။ သူမ၏ ကိုယ်ပိုင်ခင်ပွန်းဖြစ်သူက သူတစ်ပါးရှေ့တွင် သူမကို လက်ဆောင်ပေးသကဲ့သို့ ပြုမူနေခြင်းပင်။ ရွှီချင်းကျိုးကဲ့သို့ စိတ်ဓာတ်ခိုင်မာသူပင်လျှင် ဤမျှအထိ အရှက်တကွဲ ဖြစ်ရမှုကို မခံစားနိုင်တော့ပေ။
စကားအဆုံးတွင် ရွှီချင်းကျိုးသည် နီမြန်းနေသော မျက်နှာဖြင့် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ချန်ကျီရှင်းသည် မျက်မှောင်ကြုတ်လျက် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော နင်ချန်းယွီကို အကဲခတ်နေမိသည်။
ဒီလူကတော့...
ငါ့ကို သတ်ဖို့အတွက် ဘာမဆို လုပ်မယ့်ပုံပဲ။ တကယ့်ကို ရက်စက်တဲ့သူပဲ။
"ညီအစ်ကိုနင်ကတော့ တကယ့်ကို... တကယ့်ကို စည်းဘောင်မဲ့တာပဲ"
ချန်ကျီရှင်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ချင်းကျိုး ပျော်ရွှင်ဖို့အတွက်ပဲလေ ပြီးတော့ ကျွန်တော် ကျင့်ကြံပြီး ပိုအစွမ်းထက်လာဖို့အတွက် ဒီလောက် စတေးမှုလေးက ဘာစာနာစရာ ရှိလို့လဲ"
နင်ချန်းယွီက တရားသဖြင့် လုပ်ဆောင်နေသကဲ့သို့ ပြန်ပြောသော်လည်း လေသံတွင် ဝမ်းနည်းရိပ် အနည်းငယ် ရောနှောနေသည်။
ချန်ကျီရှင်းက ခပ်သဲ့သဲ့လေး ရယ်လိုက်၏။ မူလက သူ ငြင်းပယ်ရန် ရည်ရွယ်ထားသော်လည်း စိတ်ကူးပြောင်းသွားခဲ့သည်။
ကောင်းပြီလေ... နင်ချန်းယွီကို ထွက်မပြေးနိုင်အောင် ငါ့အနားမှာပဲ ထားဖို့ အကြောင်းပြချက် ရှာနေတာနဲ့ အတော်ပဲ။
နင်ချန်းယွီ၏ လုပ်ရပ်က သူ့အတွက် အလုပ်ရှုပ်သက်သာသွားစေသည်။
"ငါ့ဘက်ကတော့ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ မိန်းကလေးရွှီဘက်ကကျတော့..."
ချန်ကျီရှင်းက စကားကို တစ်ဝက်နှင့် ရပ်လိုက်ကာ တွန့်ဆုတ်နေဟန် ပြလိုက်သည်။
မိပြီ ငါထင်တဲ့အတိုင်းပဲ။ ချန်ကျီရှင်းရဲ့ အားနည်းချက်က မိန်းမတွေပဲ။
နင်ချန်းယွီသည် ရင်ထဲ၌ ဝမ်းသာသွားပြီး အလျင်အမြန်ပင် "စိတ်ချပါ တတိယသခင်လေး ဒါကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ် ကျွန်တော့်ဆီက သတင်းကောင်းကိုသာ စောင့်နေပါ"
ပြောပြီးသည်နှင့် နင်ချန်းယွီက အလျင်အမြန် ထွက်ခွာသွားတော့သည်။
ထွက်ခွာသွားသော နင်ချန်းယွီ၏ ကျောပြင်ကို ကြည့်ရင်း...
ချန်ကျီရှင်း၏ အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏မျက်ဝန်း၌ အထင်အမြင်သေးမှုများ ပေါ်လာတော့သည်။
"အကယ်၍ နင်ချန်းယွီကသာ တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်အောင် လုပ်မယ်ဆိုရင် သူ့ကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ လောဘဇောကြောင့် သူက ဖြတ်လမ်းလိုက်ဖို့ ကြိုးစားနေပြီ။ သူ့ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ကို သူကိုယ်တိုင် ဖျက်ဆီးလိုက်ပြီပဲ..."
ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆိုရင်လည်း ငါ သူ့ကို တစ်ဆင့်ချင်းစီ ကစားပေးရတာပေါ့"
ချန်ကျီရှင်းသည် နဂါးရုပ်ပုံပါ လက်ဖက်ရည်ခွက်ကို ကိုင်ကာ အေးအေးဆေးဆေး တစ်ငုံသောက်လိုက်ပြီး သူ၏မျက်နှာမှာလည်း တည်ငြိမ်အေးစက်သွားတော့သည်။
***