"အရှင်မင်းသား... ဇီဝေချန်မိသားစုဆီကို ရောက်ရှိလို့လာပါပြီ"
ရထားလုံးအပြင်ဘက်မှ လေးနက်သောအသံတစ်ခု ထွက်ပေါ်လာသည်။
စီးဆင်းနေသော ခရမ်းရောင်ဆံပင်ပိုင်ရှင် လူငယ်လေးသည် ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "ကြားရသလောက်တော့ ဇီဝေချန်မိသားစုမှာလည်း မွေးရာပါ ဘုရင်မြေပုံကို ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းပုံစံရှင် ကိုးပါးထဲက တစ်ယောက်ရှိတယ်ဆိုပဲ။ နာမည်က ချန်ကျောက်ရှင်းတဲ့။ အဲဒီလူ အခု ချန်မိသားစုမှာ ရှိနေလား" ဟု မေးမြန်းလိုက်သည်။
"အရှင်မင်းသား... အဲဒီလူက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက နက်နဲစွာ ပျောက်ကွယ်သွားခဲ့တာပါ"
ရထားအပြင်ဘက်မှ အသံက လေးနက်တည်ကြည်စွာဖြင့် ပြန်လည်ဖြေကြားသည်။
"ကျွန်တော့်အထင်တော့ ချန်ကျောက်ရှင်း ပျောက်ဆုံးသွားတာဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက အရှင်မင်းသားကို တိုက်ခိုက်ခဲ့တဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူအုပ်စုနဲ့ ဆက်စပ်နေမယ်လို့ သံသယရှိမိပါတယ်"
"မင်းပြောတာက... အနက်ရောင်ဝတ်လူတွေကို ပြောတာလား"
ခရမ်းရောင်ဆံပင်နှင့် လူငယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"မှန်ပါတယ် အဲဒီအရူးတွေပဲ ဖြစ်မှာပါ။ မကြာသေးခင် ဒီခြောက်လတာအတွင်းမှာတင် ချန်ကျောက်ရှင်းက ပျောက်ဆုံးသွားတဲ့ တတိယမြောက် ပါရမီရှင် ဖြစ်နေပါပြီ။ ဒါက သိရသလောက် အရေအတွက်ပဲ ရှိပါသေးတယ်။ တကယ်တမ်း နောက်ထပ် ဘယ်နှစ်ယောက်တောင် ရှိနေဦးမလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး"
ရထားအပြင်ဘက်မှ အသံမှာ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ခရမ်းရောင်ဆံပင်နှင့် လူငယ်က ခေါင်းညိတ်လိုက်ပြီး "သန့်စင်သောမြေဘက်က အဲဒီလူတွေရဲ့ ခြေရာလက်ရာကို ရှာတွေ့နိုင်ခဲ့ပြီလား" ဟု မေးသည်။
"မရှိသေးပါဘူး။ အဲဒီလူတွေက ရုတ်တရက် ပေါ်ထွက်လာကြသလိုပဲ။ သူတို့ရဲ့ နည်းလမ်းတွေက ထူးဆန်းပြီး အစွမ်းထက်ရုံတင်မကဘဲ ရုပ်ဖျက်တဲ့နေရာမှာလည်း အလွန်ကျွမ်းကျင်ကြပါတယ်။ သူတို့ကို စုံစမ်းဖို့ သန့်စင်သောမြေက စေလွှတ်လိုက်တဲ့ အကြီးအကဲ အတော်များများလည်း ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့ကြပါပြီ"
ထိုအသံက အမြန်ပြန်ဖြေသည်။
ခရမ်းရောင်ဆံပင်နှင့် လူငယ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တိတ်ဆိတ်သွားကာ မျက်နှာထားမှာလည်း မရေမရာ ဖြစ်သွားသည်။ သူ၏မျက်ဝန်းအတွင်းမှ ပိုးကောင်လေးများအလား ထူထပ်လှသော အနက်ရောင် နတ်ဘုရားပုံစံ သင်္ကေတများမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
ရထားအပြင်ဘက်မှ အသံက ဆက်လက်၍ ပြောဆိုပြန်သည်။
"ဒါပေမဲ့ အရှင်မင်းသားအနေနဲ့ စိတ်ပျက်ဖို့တော့ မလိုပါဘူး။ ချန်ကျောက်ရှင်း မရှိတော့ပေမဲ့... ကျွန်တော် သံသယရှိတာကတော့ ဇီဝေချန်မိသားစုရဲ့ တတိယတောင်ထိပ်က သားဖြစ်သူ ချန်ကျီရှင်းက ဒီမိသားစုရဲ့ တကယ့် လျှို့ဝှက်နဂါးဖြစ်နေလိမ့်မယ်ဆိုတာပါပဲ။ ချန်ကျောကစိမ့်က တကယ့်ပါရမီရှင် ချန်ကျီရှင်းကို အကာအကွယ်ပေးဖို့အတွက် အာရုံလွှဲဖို့ သုံးခဲ့တဲ့ ငါးစာသက်သက် ဖြစ်နိုင်ခြေ များပါတယ်။ ဒါမှမဟုတ် တစ်ယောက်က အလင်းထဲမှာနေပြီး နောက်တစ်ယောက်က အမှောင်ထဲမှာ နေဖို့ သဘောတူထားကြတာလည်း ဖြစ်နိုင်ပါတယ်"
"ချန်ကျီရှင်း အဲဒီနာမည်ကို ငါ တစ်ခါမှ မကြားဖူးပါဘူး။ မင်း ဘာကို ဆိုလိုတာလဲ" ခရမ်းရောင်ဆံပင်နှင့် လူငယ်လေးမှာ အနည်းငယ် စိတ်ဝင်စားသွားပုံရသည်။
တာအိုဆွေးနွေးပွဲဆိုသည်မှာ အားလုံးက အင်အားချင်း မျှတနေမှသာလျှင် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းမည်ပင်။ အကယ်၍ အခြားသူအားလုံးက သူ့ထက် အများကြီး အားနည်းနေမည်ဆိုလျှင်မူ...
"အဲဒါက တာအိုနှီးနှောတာ မဟုတ်တော့ဘူး။ ပညာသင်ပေးတာ ဖြစ်သွားလိမ့်မယ်"
ရထားလုံးအပြင်ဘက်မှ အသံက ခပ်သဲ့သဲ့ ရယ်မောရင်း ဆက်ပြောသည်။
"လက်ရှိ ဇီဝေချန်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် ချန်တောက်ယန်အကြောင်းကို ကျွန်တော် အတော်လေး သိပါတယ်။ သူက မိသားစုအပေါ် အရမ်းသစ္စာရှိတဲ့သူပဲ။ မိသားစုကို ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်မယ့်သူဆိုရင် သူက ဦးညွှတ်ပြီး အစေခံဖို့တောင် ဝန်မလေးဘူး။ ဒါပေမဲ့ မိသားစုအတွက် အသုံးမဝင်ဘူးဆိုရင်တော့ သူက လှည့်တောင်ကြည့်မှာ မဟုတ်ဘူး"
"အခုတစ်ခေါက် သူက ချန်ကျီရှင်းအပေါ် ဒီလောက်အထိ ဂရုတစိုက်ရှိနေတာက တကယ်တော့ ဒီထဲမှာ နက်နဲတဲ့ အဓိပ္ပာယ်တစ်ခု ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပဲ"
ခရမ်းရောင်ဆံပင်နှင့် လူငယ်သည် ဘာမျှပြန်မပြောဘဲ အသာအယာ ခေါင်းညိတ်လိုက်သည်။
"ဇီဝေရဲ့ လျှို့ဝှက်နဂါးတဲ့လား... စိတ်ဝင်စားဖို့ကောင်းသားပဲ။ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်"
.....
ဝုန်းးး ဝုန်းးး ဝုန်းးး
မိုးခြိမ်းသံများ ဟိန်းဟောက်သွားသည်နှင့်အမျှ...
မိုးကြိုးသားရဲသုံးကောင်သည် ဇီဝေချန်မိသားစု၏ တောင်တံခါးဝရှေ့သို့ ထိုးဆင်းကာ ရပ်တန့်လိုက်ကြသည်။
ကျောပြင်ထက်တွင် စီးကျနေသော ခရမ်းရောင်ဆံပင်များ၊ သွယ်လျသော်လည်း အေးစက်တည်ငြိမ်သော အသွင်အပြင်နှင့် ထင်ရှားပြတ်သားသော မျက်နှာသွင်ပြင်ရှိသည့် လူငယ်တစ်ဦးသည် ရထားလုံးပေါ်မှ တစ်လှမ်းချင်း ဆင်းသက်လာခဲ့သည်။ သူ၏နောက်တွင်မူ ကြယ်တာရာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ပါလာ၏။
ခရမ်းရောင်ဆံပင်နှင့် လူငယ် စကားတစ်ခွန်းမျှ မပြောရသေးမီမှာပင် သူ၏ထံမှ အလွန်အစွမ်းထက်ပြီး ဖိအားပေးနိုင်သော အရှိန်အဝါများ ထွက်ပေါ်လာကာ တစ်ကွင်းလုံးသို့ ပျံ့နှံ့သွားတော့သည်။
"ဒါ... ထိုက်ချူ သန့်စင်သောမြေရဲ့ သန့်စင်သောသားတော်လား"
"ဟူး... အစွမ်းထက်လိုက်တာ။ သူ့ရဲ့ ကျင့်ကြံဆင့်က ဝိညာဉ်ခရီးသွားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီပဲ။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တာ"
"သွေးညှီနံ့တွေလည်း အရမ်းပြင်းတာပဲ။ ဒီ ထျန်းဟွေဆိုတဲ့ သန့်စင်သောသားတော်ကတော့ ရိုးရှင်းတဲ့လူ မဟုတ်တာ သေချာတယ်"
ရွှီမိသားစုဝင်ဖြစ်စေ၊ ချန်မိသားစုဝင်ဖြစ်စေ လူငယ်မျိုးဆက်အားလုံးမှာ တုန်လှုပ်သွားကြပြီး သူတို့၏ ရင်ထဲ၌ ကြီးမားသော ဖိအားတစ်ခု တိုးဝင်လာခဲ့သည်။ ရွှီချင်းကျိုးပင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး သူမ၏မျက်နှာတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာတော့သည်။
နောက်တစ်ခဏ၌...
"ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ"
ရွှီချင်းကျိုး၏ လှပသော မျက်ဝန်းအစုံ၌ စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
ပါရမီရှင်တစ်ယောက်ဖြစ်လျှင် မည်သူ့ကိုမျှ မရှုံးနိမ့်နိုင်သော မအောင်နိုင်သည့် စိတ်နှလုံးရှိရမည် ဖြစ်သည်။
ဤမအောင်နိုင်သည့် စိတ်နှလုံးမှာ ခရမ်းရောင်ဆံပင်နှင့် လူငယ်တွင်လည်း ရှိသကဲ့သို့ ရွှီချင်းကျိုးတွင်လည်း ရှိသည်။
ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ အကြည့်မှာ တစ်ဝန်းလုံးကို ဝေ့ဝဲကြည့်လိုက်ရာ ရွှီချင်းကျိုး၏ မျက်နှာထက်တွင် ခေတ္တမျှ ရပ်တန့်သွားပြီးမှ ချန်ထျန်းချန်၏ ဘေးတွင်ရှိသော ချန်ကျီရှင်းထံသို့ ရောက်ရှိသွားတော့သည်။
သူသည် မည်သည့် နှုတ်ခမ်းလှုပ်ရုံ နှုတ်ဆက်စကားမျိုးမျှ မပြောသလို အခြေခံ ယဉ်ကျေးပျူငှာမှုများကိုလည်း ဂရုမစိုက်ပေ။ သူသည် တိုက်ရိုက်ပင် ပါးစပ်ဟကာ မေးမြန်းလိုက်သည်။
"မင်းက ချန်ကျီရှင်းလား"
"ဟုတ်ပါတယ်"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... တာအိုဆွေးနွေးပွဲက ဘယ်တော့စမှာလဲ"
ခရမ်းရောင်ဆံပင်နှင့် လူငယ်က မေးသည်။
"ကျန်တဲ့ အဖွဲ့အစည်းနှစ်ခုကို စောင့်နေရပါသေးတယ်"
ချန်ကျီရှင်းက ပြုံးလျက် ဖြေကြားလိုက်သည်။
"ကောင်းပြီ"
ခရမ်းရောင်ဆံပင်နှင့် လူငယ်သည် ထိုစကားတစ်ခွန်းတည်းကိုသာ ပြောပြီးနောက် ဘာမျှထပ်မဆိုတော့ဘဲ၊ ဟာလာဟင်းလင်းဖြစ်နေသော နေရာတစ်ခုသို့ လျှောက်လှမ်းသွားကာ တင်ပျဉ်ခွေထိုင်လျက် မျက်စိမှိတ်လိုက်တော့သည်။
ချန်ကျီရှင်းသည် ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ခပ်သဲ့သဲ့လေး ပြုံးလိုက်မိ၏။ လူငယ်တွေကတော့ တကယ့်ကို ရဲတင်းလွန်းတယ်ဟု သူ စိတ်ထဲမှ ချီးကျူးမိသည်။
ချန်ကျီရှင်း၏ အကြည့်မှာ ဤထိုက်ချူသန့်စင်သောသားတော်ကို ကျော်လွန်သွားပြီး သူ၏နောက်ကွယ်မှ ကာကွယ်စောင့်ရှောက်သူဆီသို့ ရောက်သွားသည်။
စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကိုးဆင့်ပဲ။
ထို့ပြင် ဤသန့်စင်သောသားတော်၏ ကိုယ်ပေါ်တွင် ပါရှိသည့် ကာကွယ်ရေးရတနာမှာ ထိုက်ချူသန့်စင်သောမြေ၏ အထွတ်အထိပ် သန့်စင်သောဆရာသခင်ကိုယ်တိုင် သန့်စင်မွမ်းမံပေးထားခြင်း ဖြစ်သည်။ ဤအင်အားစုမှာ နင်ချန်းယွီ၏ ခန္ဓာကိုယ်အတွင်းရှိ အဆပေါင်းများစွာ အားနည်းသွားသော အထွတ်အထိပ်စွမ်းအားကို တောင့်ခံထားနိုင်ရန် လုံလောက်သည်ဟု ယူဆရသည်။
"နောက်လာမယ့် အဆင့်အနေနဲ့ နင်ချန်းယွီကို သတ်ဖို့ အစီအစဉ်ကို စတင်လို့ရပြီ ကံကြမ္မာတွေနဲ့ အသက်သခင်ကျမ်းကို လုယူရမယ်"
ချန်ကျီရှင်းသည် သူ၏ ကြည်လင်ရှည်လျားသော မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
ချန်ကျီရှင်း တွေးတောနေစဉ်မှာပင်...
ထိုက်ချူသန့်စင်သောသားတော်၏ ကာကွယ်စောင့်ရှောက်သူ အဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော်တို့ သန့်စင်သောသားတော်က စိတ်သဘောထား ရိုးရှင်းပါတယ်။ ကျင့်ကြံခြင်းကလွဲလို့ တခြားဘာကိုမှ စိတ်မဝင်စားသလို လူမှုရေးကိစ္စတွေမှာလည်း အားနည်းတတ်ပါတယ်။ ဒါကြောင့် တောင်ထိပ်သခင်ချန်အနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်..."
သူ စကားမဆုံးသေးမီမှာပင် တောင်တံခါးဝဆီမှ မရေမရာဖြစ်နေသော လူငယ်တစ်ဦး၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
"ဒီနေရာက ဇီဝေချန်မိသားစုရဲ့ နယ်မြေပဲ မဟုတ်လား။ ကျွန်တော်ကတော့ ချန်ယန်အကယ်ဒမီက ကျောင်းသား လုပင်းပါ။ ဒီကို တာအိုနှီးနှောဖို့အတွက် လာရောက်တာဖြစ်ပါတယ်"
ရှူးးး ရှူးးး ရှူးးး
ချက်ချင်းဆိုသလိုပင် လူတိုင်း ခေါင်းမော့၍ တစ်ဖန်ကြည့်လိုက်ကြပြန်သည်။
စကားပြောသူမှာ အရောင်လွင့်နေသော အပြာရောင်ပိတ်စ ဝတ်စုံအဟောင်းကို ဝတ်ဆင်ထားပြီး ဝါးခြမ်းနှင့် အကြမ်းထည်ပိတ်စဖြင့် ပြုလုပ်ထားသော လွယ်အိတ်တစ်လုံးကို လွယ်ထားသည်။ သူ၏ အနက်ရောင်ဆံပင်များကို မြက်ပင်ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ထားပြီး ဖြူဖျော့သော အသားအရေနှင့် သွယ်လျသော ခန္ဓာကိုယ်ကြောင့် ကြည့်ရသည်မှာ အားနည်းလှပုံပေါ်သည်။
သူ၏လက်ထဲတွင် ဝါးတုတ်တစ်ချောင်းကို ကိုင်ထားပြီး ရှေ့ရှိ မြေပြင်ကို အသာအယာ စမ်းသပ်ပုတ်ခတ်ရင်း ရှေ့သို့ လှမ်းလာခဲ့သည်။ ထို့နောက် တောင်တံခါးဝ၌ ရပ်တန့်ကာ လက်အုပ်ချီလျက် လူတိုင်းကို စနစ်တကျ ယဉ်ကျေးပျူငှာစွာ ဂါရဝပြုလိုက်သည်။
"မျက်မမြင်တစ်ယောက်လား"
လူတိုင်း ခေတ္တမျှ မှင်တက်သွားကြပြီးနောက် မျက်နှာများတွင် ဇဝေဇဝါဖြစ်သွားကြသည်။
ချန်ယန်အကယ်ဒမီက လူကုန်သွားပြီလား။ ဒီတာအိုနှီးနှောပွဲကို ကျင့်ကြံဆင့်လည်းမရှိ၊ မျက်စိလည်းမမြင်ရတဲ့ ပညာရှိဆိုသူကို ဘာလို့ စေလွှတ်လိုက်တာလဲ။
ခေတ္တမျှအတွင်း လူအုပ်ထဲ၌ ခပ်တိုးတိုးပြောသံများ ထွက်ပေါ်လာပြီး လူအများ၏ မျက်နှာထက်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ အလိုအလျောက် ပေါ်လာတော့သည်။
တောင်တံခါးဝရှေ့ဝယ်...
ထိုက်ချူသန့်စင်သောသားတော် ရောက်ရှိလာစဉ်ကပင် ချန်ကျီရှင်းမှာ တည်ငြိမ်အေးဆေးနေခဲ့သော်လည်း ဤမျက်မမြင်ပညာရှိကို မြင်လိုက်ရသည့် ခဏ၌မူ သူ၏ မျက်စိသူငယ်အိမ်မှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
မျက်မမြင်ပညာရှိ လုပင်းက နောင်တစ်ချိန်မှာ "ပညာရှိတစ်ယောက်မှာ သတ္တိမရှိဘူးလို့ မထင်လိုက်ပါနဲ့။ ကောင်းကင်နဲ့ မြေကြီးကို ပင်လယ်ထဲ နှစ်မြှုပ်ပစ်ဖို့တောင် သူ လုပ်ရဲပါတယ်" လို့ ကြွေးကြော်ခဲ့တဲ့ ကွန်ဖြူးရှပ်သူတော်စင် လုပင်းလား။
ချန်ကျီရှင်း မျက်မှောင်ပင့်လိုက်မိသည်။
မျက်မမြင်ပညာရှိ လုပင်း….
မဟာကျင့်ကြံခြင်းဂိမ်းထဲတွင် သူသည် အလွန်ပင် ရေပန်းစားလှသော ဒဏ္ဍာရီလာ NPC တစ်ဦးဖြစ်သလို သူ၏ ကံကြမ္မာမှာလည်း အလွန်ပင် ဆိုးရွားလှသည်။
မျက်မမြင်ပညာရှိ လုပင်းသည် မွေးရာပါ မျက်စိရောဂါရှိသော်လည်း အနှစ်နှစ်ဆယ်တိုင်တိုင် စာပေများကို လေ့လာဆည်းပူးခဲ့ပြီး ကွန်ဖြူးရှပ် မဟာစွမ်းအင်ကို ကျင့်ကြံခဲ့သူ ဖြစ်သည်။ အနှစ်နှစ်ဆယ်တိုင်တိုင် ကျင့်ကြံခြင်း လုံးဝမပြုလုပ်ဘဲ စာပေကိုသာ အားထုတ်ခဲ့ပြီးမှ စစမှန်သောကိုယ်ပိုင်နယ်ပယ်သို့ တိုက်ရိုက် ခုန်တက်နိုင်ခဲ့သူ ဖြစ်သည်။
အသက်ငါးဆယ်အရွယ်၌ နောက်ဆုံးသော ကွန်ဖြူးရှပ်သူတော်စင် တာအိုအောင်မြင်ပြီးနောက် နှစ်ပေါင်းငါးရာအကြာတွင်...
လုပင်းသည် ထိုနှစ်ပေါင်းငါးရာအတွင်း အထွတ်အထိပ်နယ်ပယ်သို့ ပထမဆုံး တက်လှမ်းနိုင်ခဲ့သူ ဖြစ်လာပြီး ကွန်ဖြူးရှပ်သူတော်စင်ဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည်။
နောင်တွင် မြောက်ပိုင်းလွင်ပြင်၌ မိစ္ဆာများ ပုန်ကန်ကြသောအခါ ထိပ်တန်းမိစ္ဆာကြီးများ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာပြီး ကောင်းကင်ယံမှနေ၍ ကသောင်းကနင်း ဖြစ်စေခဲ့သည်။ သူသည် ထာဝရရှင်သန်ခြင်းကို မတောင်းဆိုဘဲ မြောက်ပိုင်းလွင်ပြင်သို့ တစ်ဦးတည်းသွားရောက်ကာ ကူလွန်တောင်တန်းကြီး၌ မိစ္ဆာပေါင်း သောင်းခြောက်ထောင်ကို တစ်ကိုယ်တည်း ခုခံတားဆီးခဲ့သည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ကို မီးခဲ
တောင်တန်းအဖြစ် အသွင်ပြောင်းကာ ထိုမိစ္ဆာများကို ထာဝရ နှိမ်နင်းထားခဲ့သူ ဖြစ်သည်။
***