ဝုန်းးး ဝုန်းးး ဝုန်းးး
မြေပြင်မှာ အဆက်မပြတ် တုန်ခါနေပြီး သဲများနှင့် ဖုန်မှုန့်များမှာလည်း လေထဲသို့ လွင့်ပျံတက်နေကြသည်။
ချန်ကျီရှင်းသည် ဗုဒ္ဓသာသနိက အဆောက်အအုံဟောင်း၏ ရှေ့တွင် တင်ပျဉ်ခွေထိုင်လျက် အဆိပ်အိုင်ရှိရာဘက်သို့ စိုက်ကြည့်နေသည်။ သူ၏မျက်ဝန်းများအတွင်း၌ မရေမတွက်
နိုင်သော မဟာတာအို သင်္ကေတများတဖျတ်ဖျတ် လက်သွားပြီး ဝေးလံသော မြင်ကွင်းတစ်ခုကို သူ၏မျက်စိသူငယ်အိမ်ထဲတွင် အနီးကပ် မြင်တွေ့နေရသည်။
ရှေးဟောင်းနယ်မြေ၏ ဝင်ပေါက်ဖြစ်သော အဆိပ်အိုင်မှာ ပျက်စီးသွားခဲ့ပြီဖြစ်ပြီး ထိုနေရာတွင် နေထိုင်သော အဆိပ်မြွေဟောက်ကြီးများမှာလည်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကြသည်။ မြေကြီးနှင့် ကျောက်ခဲများအောက်တွင် ရှေးဟောင်းကြေးဝါတံခါးကြီးနှင့် တူသော ဝင်ပေါက်တစ်ခုမှာ မြုပ်နေသည်ကို မြင်နေရ၏။
ထိုကြေးဝါတံခါးကြီးအတွင်းမှ ထူးခြားသော အရှိန်အဝါ သုံးခုမှာ တစ်ခုနှင့်တစ်ခု ထိတွေ့ပွတ်တိုက်နေကြသည်။ ရံဖန်ရံခါတွင် ရောင်စုံအလင်းတန်းများ တစ်ခုနှင့်တစ်ခု တိုက်မိကာ မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
ထိုရှေးဟောင်းနယ်မြေအတွင်း၌ မည်မျှပြင်းထန်သော တိုက်ပွဲမျိုး ဖြစ်ပွါးနေသလဲဆိုသည်မှာ အပြင်ဘက်အထိ သက်ရောက်မှုရှိနေပုံကို ကြည့်ရုံနှင့် သိနိုင်သည်။
ရုတ်တရက် ထိုအရှိန်အဝါ သုံးခုအနက် တစ်ခုမှာ လျင်မြန်စွာ အားနည်းသွားတော့သည်။ သို့သော် ထိုသို့အားနည်းသွားခြင်းမှာ ခဏတာမျှသာ ဖြစ်သည်။
နောက်တစ်ခဏ၌ ကောင်းကင်ကို ဖျက်ဆီးပြီး မြေကြီးကို ချေမှုန်းနိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ဂျိန်းးးး ဂျိန်းးးး ဂျိန်းးးး
...
နာရီဝက်ခန့် ကြာပြီးနောက် ယိုင်တိယိုင်တိုင် ဖြစ်နေသော ပုံရိပ်တစ်ခုသည် ရှေးဟောင်းကြေးဝါတံခါးကြီးအတွင်းမှ လမ်းလျှောက်ထွက်လာသည်။
"တောက်... အမင်္ဂလာပဲ"
နင်ချန်းယွီသည် သူ၏မျက်နှာပေါ်မှ သွေးစများကို သုတ်လိုက်ရင်း အလွန်ပင် တည်ငြိမ်လေးနက်သော မျက်နှာထား ဖြစ်နေသည်။
လွန်ခဲ့သော ခဏက သူသည် ရှေးဟောင်းနယ်မြေအတွင်းသို့ ဝင်လိုက်သည်နှင့် နောက်ထပ်လူနှစ်ယောက်က ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြသည်။ မည်သည့်စကားမျှ မဆိုဘဲ တိုက်ပွဲမှာ ချက်ချင်းပင် စတင်ခဲ့လေတော့သည်။
ထိုလူနှစ်ဦးအနက် တစ်ဦးမှာ ဝိညာဉ်ခရီးသွားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေပြီး အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်ရှိရုံသာမက ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းအတတ်ပညာများကို ထုတ်ဖော်နိုင်သည့် မိစ္ဆာမျက်လုံးတစ်စုံကိုလည်း ပိုင်ဆိုင်ထားသေးသည်။
သို့သော် ထိုအရာမှာ သူ၏အမြင်တွင် ဘာမျှမဟုတ်ပေ။
နင်ချန်းယွီသည် သက်တမ်းလောင်မြိုက်ခြင်း ကျိန်စာကိုသုံးပြီး သူ၏ကျင့်ကြံဆင့်ကို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ အတင်းအဓမ္မ မြှင့်တင်ထားခဲ့သဖြင့် ကောင်းကင်နှင့်မြေကြီး ဓမ္မအသွင်အပြင်ကို မဖွဲ့စည်းနိုင်သေးသော်လည်း သူ၏ အရင်ဘဝက နှစ်ပေါင်းငါးရာတိုင်တိုင် တိုက်ခိုက်ခဲ့သော အတွေ့အကြုံများနှင့် သူ၏စိတ်ထဲတွင် သိုလှောင်ထားသော သမုဒ္ဒရာသဖွယ် ကျယ်ပြောလှသည့် နတ်ဘုရားလျှို့ဝှက်ကျင့်စဉ်များမှာ ထိုကဲ့သို့သောလူကို အလွယ်တကူ ချေမှုန်းရန် လုံလောက်လှသည်။
တကယ့်ပြဿနာမှာ ထိုလူ၏နောက်ကွယ်မှ ကာကွယ်စောင့်ရှောက်သူပင်။ ထိုအဘိုးအိုသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကိုးဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေရုံသာမက ခြေတစ်ဖက်မှာပင် နိဗ္ဗာနနယ်ပယ်သို့ လှမ်းတက်နေပြီ ဖြစ်သောကြောင့်ပင်။
ဘယ်လောက်ပဲ သူခေါင်းမာမာ နိဗ္ဗာနနယ်ပယ်ကို ခြေတစ်ဖက်လှမ်းထားတဲ့သူကို သူ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။
တိုက်ကွက်အနည်းငယ်အတွင်းမှာပင် သူသည် ရှုံးနိမ့်ခြင်းသို့ ရောက်ရှိသွားခဲ့ရသည်။ သေခြင်းနှင့် ရှင်ခြင်းကြားမှ ကြောက်မက်ဖွယ်ရာ ဖိအားများ တရိပ်ရိပ် မြင့်တက်လာချိန်ကျမှသာ သူကိုယ်တိုင်ပင် သတိမမူမိခဲ့သည့် ဝိညာဉ်အသိစိတ်ပင်လယ်၏ အနက်ရှိုင်းဆုံး ရှီယီနယ်မြေထဲမှ အရင်ဘဝက အထွတ်အထိပ်စွမ်းအားများ နိုးထလာခဲ့ခြင်းပင်။ ထိုစွမ်းအားစုမှာ အဆပေါင်းတစ်ထောင်မက အားနည်းသွားခဲ့လျှင်ပင် နိဗ္ဗာနနယ်ပယ်တစ်ပိုင်း ရောက်နေသူတစ်ဦး တောင့်ခံနိုင်သည့်အရာမျိုး မဟုတ်ပေ။
သူသည် ထိုလူနှစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း အမှုန့်ခြေပစ်နိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း ခရမ်းရောင်ဆံပင်နှင့် လူငယ်၏ကိုယ်ပေါ်တွင် အထွတ်အထိပ်နယ်ပယ် ပညာရှင်သုံးဦး၏ စွမ်းအားများ သွင်းထားသည့် ကာကွယ်ရေးရတနာများစွာ ပါရှိနေခဲ့သည်။ ထိုလူငယ်ကို သတိလစ်သွားသည်အထိ ပြင်းထန်စွာ ဒဏ်ရာရအောင် တိုက်ခိုက်ပြီးနောက်တွင်မူ ရတနာများ လုယူရန် ရှေးဟောင်းနယ်မြေ အနက်ပိုင်းသို့ ဆက်လက်ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။ သို့သော်လည်း နင်ချန်းယွီ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေပြီး အနှစ်မရှိသည့် အပျက်အစီးပုံအတွက်နှင့် သူ၏ နောက်ဆုံးလက်ကျန် အသက်ကယ်ဖဲချပ်စွမ်းအား ၆၀ ရာခိုင်နှုန်းကို အသုံးချခဲ့ရသည့်အတွက် နှမြောတသဖြစ်နေမိသည်။
သူသည် အသက်ကို ပြင်းပြင်းရှူကာ ဘုရားကျောင်းပျက်ကြီးဆီသို့ လှမ်းကြည့်လိုက်ရာမှ မျက်နှာတွင် အပြုံးများ ပြန်လည်ပေါ်ပေါက်လာသည်။
“ဒါပေမဲ့လည်း... ချန်ကျီရှင်းရဲ့ ကံကြမ္မာကိုသာ အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်မယ်ဆိုရင် အားလုံးက ထိုက်တန်သွားမှာပါ။ ဒါတင်မကသေးဘူး... ဒီနေ့ ဒီလို အလစ်အငိုက် အတိုက်ခံရတာသာ မဟုတ်ရင် ငါ့ရဲ့ အရင်ဘဝက အထွတ်အထိပ်စွမ်းအားတွေ အကြွင်းအကျန်ရှိနေသေးတယ်ဆိုတာ ငါ သိမှာတောင် မဟုတ်ဘူး။ အခု ငါ့မှာရှိတဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံဆင့်နဲ့ ကျန်ရှိနေသေးတဲ့ ၄၀ ရာခိုင်နှုန်းသော အထွတ်အထိပ်စွမ်းအားတွေကို ပေါင်းစပ်လိုက်ရင် ချန်ကျီရှင်းကို အလွယ်တကူ သတ်ပစ်ဖို့ လုံလောက်နေပြီ”
ထိုသို့တွေးတောရင်း ဘုရားကျောင်းပျက်ကြီးဆီသို့ အရှိန်ဖြင့် လျှောက်လှမ်းသွားတော့သည်။
မကြာခင်မှာပင် သူသည် ဘုရားကျောင်းသို့ ရောက်ရှိသွားပြီး ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော ချန်ကျီရှင်းကို တွေ့လိုက်ရသည်။
နင်ချန်းယွီက အတင်းအကြပ် ပြုံးပြလျက် “ဟင် တတိယသခင်လေး... ချင်းကျိုးကို မတွေ့ဘူးလား” ဟု မေးမြန်းကာ ချန်ကျီရှင်းထံသို့ လျှောက်သွားလိုက်သည်။
သူသည် ဘုရားကျောင်းဆောင်ထဲသို့ ခြေတစ်လှမ်း ချလိုက်သည်နှင့် အစီအရင်များစွာ ရုတ်တရက် အသက်ဝင်လာပြီး အတိုင်းအဆမရှိသော မြူခိုးများက ဘုရားကျောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်သွားစေခဲ့သည်။
နင်ချန်းယွီ၏ အပြုံးများမှာ အေးခဲသွားပြီး “တတိယသခင်လေး... ဒါက ဘာအဓိပ္ပာယ်လဲ” ဟု မေးမြန်းလိုက်ရာ ချန်ကျီရှင်းက ပြုံးလျက်ပင် မတ်တတ်ရပ်လိုက်ပြီး “ရွှီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ဖြစ်နေတော့လည်း သတိထားစရာရှိတာလေးတွေကို သတိထားရတာပေါ့” ဟု ပြန်ဖြေလိုက်သည်။
"ဒါလည်း ဟုတ်တာပါပဲ။ တတိယသခင်လေးက တကယ့်ကို အစစအရာရာ စေ့စပ်သေချာလွန်းတာပဲ"
နင်ချန်းယွီက ချီးကျူးစကားဆိုလိုက်သော်လည်း သူ၏အကြည့်မှာ ကောင်းကင်ဖြည့်အစီအရင်များပေါ်သို့ ဝေ့ဝဲသွားပြီး စိတ်ထဲမှ ပို၍ပင် လှောင်ပြောင်နေမိသည်။ ဤအစီအရင်များက စူးစမ်းမှုကို ပိတ်ဆို့ထားပြီး ထွက်ပြေးမည့်လမ်းကိုပါ ပိတ်ထားသည်မှာ သူလက်လှုပ်ရှားရန်အတွက် ပို၍ပင် အဆင်ပြေသွားစေသည်။
ချန်ကျီရှင်း... ချန်ကျီရှင်း... မင်းသေဖို့ ကောင်းကင်ဘုံကတောင် လမ်းခင်းပေးထားတာပဲ။
ဤသို့တွေးရင်း နင်ချန်းယွီသည် ချန်ကျီရှင်းထံသို့ တဖြည်းဖြည်း နီးကပ်သွားကာ ပေါ့ပေါ့ပါးပါးပင် စကားစမြည် ပြောဆိုနေသည်။
နီးကပ်လာပြီ။
ပိုပြီး နီးကပ်လာပြီ။
"တတိယသခင်လေး... သိရဲ့လား။ သခင်လေးကို ပထမဆုံး မြင်ကတည်းက ကျွန်တော်တို့ကြားမှာ ထူးခြားတဲ့ သံယောဇဉ်တစ်ခု ရှိနေသလို ခံစားရတယ်။ အရင်ဘဝက ကျွန်တော်တို့ သိခဲ့ကြသလားလို့တောင် ထင်မိတယ်..."
နင်ချန်းယွီ၏ အပြုံးမှာ ပို၍ ကျယ်ပြန့်လာပြီး လက်စွပ်အတွင်း ဝှက်ထားသော သူ၏လက်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။ သူတို့နှစ်ဦးကြားတွင် တစ်လှမ်းသာ ကွာဝေးတော့သည့် အချိန်၌...
"သွားတော့..."
နင်ချန်းယွီ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားပြီး ရုတ်တရက် ရူးသွပ်သလို ရယ်မောလိုက်တော့သည်။
သို့သော် သူ၏ ပါးစပ်မှ သေပေတော့ဟူသော စကားလုံး မထွက်လာမီမှာပင်...
ဒုန်းးးးး
လေးလံသော တူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သကဲ့သို့ သူ၏ ဝိညာဉ်အသိစိတ်ပင်လယ်ထဲသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွားတော့သည် သူ၏ ဦးနှောက်အတွင်း၌ ပြင်းထန်လှသော နာကျင်မှုတစ်ခု တရိပ်ရိပ် တက်လာခဲ့သည်။
"အားးး"
နင်ချန်းယွီသည် ချက်ချင်းပင် ဦးခေါင်းကို အုပ်လျက် ခွေကျသွားတော့သည်။ သူ၏ နာကျင်လှသော အော်ဟစ်သံမှာ ပါးစပ်မှ မထွက်နိုင်သေးမီမှာပင်...
ကြီးမားသော လက်တစ်ဖက်က သူ၏ဦးခေါင်းကို အတင်းအဓမ္မ ဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ ဆောင့်ချလိုက်တော့သည်။ နင်ချန်းယွီ၏ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရှိ ကာကွယ်ရေးချီစွမ်းအင်များမှာ ခဏချင်းအတွင်းမှာပင် အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ ကွဲကြေသွားခဲ့သည်။
ထို့နောက်...
ဝုန်းးးးးး
တောင်တန်းနှင့် သမုဒ္ဒရာများကိုပင် မှောက်လှန်နိုင်စွမ်းရှိသော အင်အားစုတစ်ခုမှာ လက်ချောင်းငါးချောင်းအတွင်း၌ အပြင်းအထန် ဖိသိပ်ခံထားရပြီးမှ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာတော့သည်။
"ကောင်းကင်ဘုံလဲလှယ်ခြင်းအတတ်"
နင်ချန်းယွီသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ချေမှုန်းပစ်လိုက်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုခန္ဓာကိုယ်မှာ ရေတွက်၍မရနိုင်သော ဝိညာဉ်အလင်းမိုးစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြား၌ ပျောက်ကွယ်သွားတော့သည်။
"အိုး..."
ချန်ကျီရှင်းသည် ဟိုးအဝေး ဟင်းလင်းပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် နင်ချန်းယွီ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေပြီး ချန်ကျီရှင်းကမူ သူ၏မျက်မှောင်ကို အသာအယာ ပင့်လိုက်သည်။
ဤလျှို့ဝှက်အတတ်မှာ တကယ့်ကို အထင်ကြီးစရာပင်။ အရင်ဘဝက အထွတ်အထိပ် နဝမအဆင့်အထိ ရောက်ခဲ့သော ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တစ်ဦးပီပီ သူ၏ အကြံအဖန် လှည့်ကွက်များမှာလည်း အတော်လေး များပြားလှသည်။
"ချန်ကျီရှင်း"
နင်ချန်းယွီ၏ အကြည့်မှာ အရိပ်မည်းများ ဖုံးလွှမ်းနေပြီး ချန်ကျီရှင်းကို စိုက်ကြည့်နေသည်။
"မင်းကို ငါသတ်ချင်နေတာကို မင်း သိနေခဲ့တာလား"
ချန်ကျီရှင်းက ပြန်မဖြေပေ။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ မိုးကြိုးစွမ်းအင်အမျှင်တန်းများ စတင် ထွက်ပေါ်လာသည်။
"မင်း ပြောကြည့်စမ်း..."
ချန်ကျီရှင်းသည် လက်ကို မြှောက်လိုက်ရာ ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးတန်းများမှာ သူ၏ လက်ဖဝါးအတွင်း၌ စုစည်းသွားပြီး လက်ဖဝါးမိုးကြိုးကမ္ဘာတစ်ခုအဖြစ် ပုံပေါ်လာတော့သည်။ အလွန်အန္တရာယ်များသော အရှိန်အဝါတစ်ခုသည် ချန်ကျီရှင်း၏ လက်ဖဝါးမှ ပျံ့နှံ့ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို နင်ချန်းယွီသည် ထိုအရှိန်အဝါကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များအားလုံး အလိုအလျောက် ပွင့်သွားကာ အေးစိမ့်သောလှိုင်းတစ်ခုမှာ ကျောရိုးမှတစ်ဆင့် ဦးခေါင်းထိပ်အထိ တက်သွားတော့သည်။
"မင်းကို ငါက နင်ချန်းယွီလို့ ခေါ်ရမလား ဒါမှမဟုတ် ကောင်းကင်ဘုံဘုရင် ချန်းယွီလို့ ခေါ်ရမလား"
ချန်ကျီရှင်းက အေးစက်စွာ ပြောလိုက်သည်။
ဝုန်းးး
ထိုစကားလုံးများမှာ ကောင်းကင်ယံကြီး ပြိုကျလာသကဲ့သို့ပင်။ နင်ချန်းယွီသည် ချန်ကျီရှင်းကို လန့်ဖျပ်စွာ လှည့်ကြည့်လိုက်ပြီး သူ၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
"မင်း... ငါက ကောင်းကင်ဘုံဘုရင် ချန်းယွီဆိုတာကို ဘယ်လိုလုပ် သိတာလဲ"
နင်ချန်းယွီသည် သူ၏လည်ချောင်းထဲမှ အသံနိမ့်နိမ့်ဖြင့် အော်ပြောလိုက်သည်။
ထိုအဟာက သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။
ချန်ကျီရှင်းက ဒါကို ဘယ်လိုလုပ် သိနေရတာလဲ။
"လက်ဖဝါးမိုးကြိုးအကျဉ်းထောင်"
ချန်ကျီရှင်းက ပြန်မဖြေဘဲ သူ၏ ကြီးမားသော လက်ဝါးဖြင့် တိုက်ရိုက် ဖိချလိုက်တော့သည်။ နင်ချန်းယွီသည် သူ၏ အမြင်အာရုံများ ဝေဝါးသွားသည်ဟုသာ ခံစားလိုက်ရပြီး သတိဝင်လာချိန်တွင် သူသည် မိုးကြိုးအိုင်ကြီးတစ်ခုအတွင်းသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
အထက်ကောင်းကင်ယံမှ အနက်ရောင် မိစ္ဆာမိုးကြိုးများမှာ တရစပ် ပစ်ချနေပြီး ကောင်းကင်ကို ထိုးဖောက်နေသော လျှပ်စီးတန်းများမှာလည်း ငွေရောင်မြွေများကဲ့သို့ ရူးသွပ်စွာ ကခုန်နေကြသည်။
နောက်တစ်ခဏ၌ ရေတွက်၍မရနိုင်သော မိစ္ဆာမိုးကြိုးများနှင့် နတ်ဘုရားလျှပ်စီးတန်းများသည် အရပ်မျက်နှာအသီးသီးမှ သောင်းကျန်းနေသော လှိုင်းလုံးကြီးများကဲ့သို့ စီးဝင်လာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာပျက်မည့်အလား အရှိန်အဝါများက သူ့ကို မြဲမြံစွာ ပိတ်ဆို့ထားသဖြင့် လွတ်မြောက်ရန် လုံးဝ အခွင့်အရေး မရှိတော့ပေ။
"ကောင်းကင်ပျံ ရတနာအတတ်"
"ကိုးထပ် ငရဲတံခါး"
"ကောင်းကင်လောင်မြိုက် မီးလျှံ"
နင်ချန်းယွီ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး သူ၏လက်များဖြင့် ဂါထာမန္တန် လက်ဟန်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။ သူ၏ အရင်ဘဝ အထွတ်အထိပ်အချိန်က နတ်ဘုရားလျှို့ဝှက်အတတ်ပညာများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်တော့သည်။
ဒုန်းးး ဒုန်းးး ဒုန်းးး
သို့သော်လည်း အားလုံးက အလကားပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စီးဝင်လာသော မိစ္ဆာမိုးကြိုးများနှင့် နတ်ဘုရားလျှပ်စီးတန်းများသည် နင်ချန်းယွီ၏ နတ်ဘုရားအတတ်ပညာအားလုံးကို ချေမှုန်းပစ်လိုက်ပြီး သူ့တစကိုယ်လုံးကို ဝါးမျိုသွားစတော့သည်။
***