ဝုန်းးးးးး
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားမိုးကြိုးများသည် ရေတံခွန်ကြီးများအလား တရဟောစီးဆင်းလာပြီး နင်ချန်းယွီအပေါ်သို့ ကျရောက်သွားတော့သည်။ တဖွေးဖွေးလှုပ်နေသော လျှပ်စီးလှိုင်းလုံးကြီးများသည် နင်ချန်းယွီကို ချက်ချင်းပင် ဝါးမျိုသွားပြီး အထဲမှ မြင်ကွင်းကိုပါ ဖုံးကွယ်လိုက်သည်။
ချန်ကျီရှင်းက သူ၏လက်ချောင်းငါးချောင်းကို ဆုပ်လိုက်သောအခါတွင်မှ အတိုင်းအဆမရှိသော မိုးကြိုးစွမ်းအင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ဗုန်း…
နင်ချန်းယွီသည် အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ ပိန်ချောင်နေသော သူ၏ကိုယ်ခန္ဓာမှာ အသွေးအရောင် လုံးဝကင်းမဲ့သွားခဲ့သည်။ သူသည် အလွန်အမင်း တွန့်လိပ်အိုမင်းသွားပြီး သူ၏ဆံပင်များမှာပင် ခြောက်သွေ့နေသော မြက်ခြောက်မီးခိုးရောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။
"အခုထိ မသေသေးဘူးလား"
ချန်ကျီရှင်း အံ့အားသင့်သွားသည်။
စောစောက သူထုတ်ဖော်ခဲ့သော အတတ်ပညာမျိုးနှင့်ဆိုလျှင် သက်တမ်းလောင်မြိုက်ခြင်းကျိန်စာကိုသုံးပြီး စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အတုသို့ ရောက်နေသော နင်ချန်းယွီမျိုးကို မဆိုထားနှင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အစစ်အမှန် ကျင့်ကြံသူ ဆယ်ယောက်ကိုပင် ဖုန်မှုန့်ဖြစ်
အောင် ချေမှုန်းနိုင်စွမ်း ရှိသည်။
တစ်ခုပဲ ပြောစရာရှိတော့တယ်။ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်ဆိုတာ တကယ်ကို သတ်ဖို့ မလွယ်ကူပါလား။
"ချန်ကျီရှင်း"
နင်ချန်းယွီသည် ချန်ကျီရှင်းကို ရက်စက်စွာ စိုက်ကြည့်နေသည်။ သူ၏မျက်နှာတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ ရောပြွမ်းနေ၏။
သူ ထိုအဆောက်အအုံထဲသို့ ခြေချလိုက်သည့် အချိန်ကစပြီး ချန်ကျီရှင်း၏ ရုတ်တရက် တိုက်ခိုက်မှုအထိ တိုက်ကွက်တိုင်းမှာ အစွန်းရောက်လှသော ရက်စက်မှုများ ပါဝင်နေပြီး လွတ်လမ်း လုံးဝမပေးဘဲ သူ၏အသက်ကို ယူရန် သေချာပေါက် စီစဉ်ထားခြင်းပင်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး စူးစမ်းတာရော၊ ထွက်ပြေးမယ့် လမ်းကြောင်းတွေကိုပါ ဖြတ်တောက်ထားတဲ့ ဒီအစီအရင်ကို ကြည့်ဦး။ ဒါက ရွှီချင်းကျိုးကြောင့် သတိထားပြီး လုပ်ထားတာဆိုတာ ဟုတ်ပါ့မလား။ ငါ ထွက်ပြေးသွားမှာကို ကြောက်လို့ သေချာပေါက် ပိတ်လှောင်ထားဖို့ ဒီဇိုင်းထုတ်ထားတာပဲ။
"ငါ့မှာ ဖဲချပ်အပိုတွေ အများကြီးမရှိဘဲနဲ့ လျှို့ဝှက်အတတ်တွေကို အတင်းအဓမ္မ မသုံးနိုင်ခဲ့ဘူးဆိုရင် မင်းရဲ့ မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ငါ သေသွားနိုင်တယ်"
နင်ချန်းယွီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်နှာထားမှာ တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားကာ အေးစက်စွာ ပြုံးလိုက်သည်။
"မင်းရဲ့ အရှိန်အဝါကို ငါကြည့်ရသလောက်တော့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ခုမှဝင်ခါစပဲ ရှိသေးတာပဲ။ စောစောက မင်းသုံးလိုက်တဲ့ ကြီးမြတ်တဲ့ နတ်ဘုရားအတတ်ပညာက စွမ်းအင်တွေ အများကြီး ကုန်ဆုံးသွားစေတာမို့လို့ ခဏအတွင်းမှာ ဒုတိယအကြိမ် ထပ်သုံးနိုင်မှာ မဟုတ်ဘူး ဟုတ်တယ်မလား"
"ဟုတ်တယ်"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။
နင်ချန်းယွီ ပြောသည်မှာ အမှန်ပင်။ လက်ဖဝါးမိုးကြိုးအကျဉ်းထောင်အတတ်ကြောင့် ယခုအချိန်တွင် သူ၏ စွမ်းအင်ကုန်ဆုံးမှုမှာ အတော်လေး များပြားနေသဖြင့် ခဏအတွင်း ထပ်မံအသုံးပြုရန် မဖြစ်နိုင်ပေ။
"ဒါဆိုရင်တော့ အခု... ငါ့အလှည့်ပဲ"
နင်ချန်းယွီသည် နိမ့်ပါးပြီး ယုတ်မာသော ရယ်သံတစ်ခုကို ထုတ်ဖော်လိုက်ကာ မြေပြင်မှ ရုတ်တရက် ထရပ်ပြီး ချန်ကျီရှင်းထံသို့ ပြင်းထန်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။
"စစ်မှန်သောနဂါး နတ်ဘုရားလက်သီး"
ဝေါင်းးးး
နင်ချန်းယွီ၏ လက်သီးချက်နှင့်အတူ နဂါးဟိန်းသံကြီးမှာ ချက်ချင်း ထွက်ပေါ်လာသည်။ တောင်တန်းကြီးများ ရစ်ပတ်ထားသကဲ့သို့ ကြီးမားလှပြီး ကောင်းကင်ယံအထိ ထိုးတက်နေသော အပြာရောင် ဦးချိုများရှိသည့် စစ်မှန်သောနဂါးအကောင်ပေါင်းများစွာက သူ၏နောက်ကျောတွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ထိုနဂါးများသည် တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး နင်ချန်းယွီ၏ လက်သီးချက်
နှင့်အတူ ချန်ကျီရှင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
"အိုး"
ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို အနည်းငယ် မှေးလိုက်မိသည်။
ဤ စစ်မှန်သောနဂါး နတ်ဘုရားလက်သီးအတတ်မှာ မဟာကျင့်ကြံခြင်းဂိမ်းတစ်ခုလုံးတွင် အထူးခြားဆုံး တိုက်ခိုက်ရေးအတတ်များထဲမှ တစ်ခုဖြစ်ပြီး စစ်မှန်သောနဂါး၏ စွမ်းအားကို ရရှိစေကာ တူညီသောနယ်ပယ်အတွင်း၌ မည်သူမျှ တားဆီးနိုင်ခြင်း မရှိပေ။ နင်ချန်းယွီ၏ အောင်မြင်မှု ခရီးလမ်းတွင် သူသည် ဤအတတ်ပညာကို အသုံးပြု၍ ရန်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။
"လာစမ်း"
ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် တိုက်ပွဲဝင်လိုစိတ် အရှိန်အဟုန်များ ဝင်းခနဲ ဖြတ်ပြေးသွားသည်။
နောက်တစ်ခဏ၌ သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏အရေပြားမှာ ကြယ်တာရာအလင်းတန်းများကဲ့သို့ တောက်ပလာပြီး အောက်သို့ ပြင်းထန်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။
မူးးးးးး
အားမာန်ပါသော နွားနတ်ဆိုးမိစ္ဆာ၏ နက်ရှိုင်းသော ဟိန်းသံကြီးမှာ ချန်ကျီရှင်း၏ ခန္ဓာကိုယအတွင်းမှ ချက်ချင်း ဟိန်းထွက်လာတော့သည်။
ချန်ကျီရှင်း၏ နောက်ကျောတွင် ကမ္ဘာဦး မိစ္ဆာနတ်ဘုရားများကဲ့သို့ ကြီးမားလှသော ပုံရိပ်ယောင် အခုငါးရာမှာ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းတို့မှာ ထက်မြက်သော ဦးချိုများရှိပြီး အရပ်အမောင်း မြင့်မားကု မြေပြင်ကို နင်း၍ ကောင်းကင်ကို ဦးခေါင်းနှင့် တိုက်နေသည့် ကမ္ဘာဦး နွားနတ်ဆိုးမိစ္ဆာများ ဖြစ်ကြသည်။ ၎င်းတို့၏ အနက်ရောင် အသားအရေမှာ ဝေဝါးသော မြူခိုးများဖြင့် ဖုံးလွှမ်းနေ၏။
"စစ်မှန်တဲ့နဂါး ဟုတ်လား မင်းကို တီကောင်ဖြစ်အောင် ငါရိုက်ပြမယ်"
ဝုန်းးးးး
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်းနှင့် နင်ချန်းယွီတို့သည် တိုက်ကွက်ပေါင်း ဒါဇင်ကျော် အပြန်အလှန် နှီးနှောလိုက်ကြသည်။ ဟင်းလင်းပြင်အတွင်းဝယ် စစ်မှန်သောနဂါးများနှင့် နွားနတ်ဆိုးမိစ္ဆာများသည် တစ်ကောင်နှင့်တစ်ကောင် အဆက်မပြတ် တိုက်ခိုက်နေကြသည်မှာ ကမ္ဘာဦးခေတ်က နတ်ဘုရားနှင့် မိစ္ဆာတို့၏ တိုက်ပွဲကြီးအလား အလွန်အမင်း ပြင်းထန်လှသည်။
ဒုန်း ဒုန်း ဒုန်း
သို့သော်လည်း...
ခဏအကြာမှာပင် ထိုမြင့်မားလှသော စစ်မှန်သောနဂါးများမှာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားတော့သည်။ ချန်ကျီရှင်း၏ ပြင်းထန်လှသော လက်သီးချက်မှာ နင်ချန်းယွီ၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားပြီး ကြီးမားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။
နင်ချန်းယွီသည် နောက်သို့ လွင့်ထွက်သွားပြီး အစီအရင်နှင့် ရိုက်မိကာ ရှေ့သို့ ပြန်ကန်ထွက်လာရင်း သွေးတစ်လုပ် အန်လိုက်ရသည်။
"ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ အကန့်အသတ်ကို ကျော်ဖြတ်ထားတာလား"
နင်ချန်းယွီသည် ချန်ကျီရှင်းကို စိုက်ကြည့်နေမိသည်။ ချန်ကျီရှင်း၏ ကံကြမ္မာများထဲတွင် စွမ်းအားရှင်သူတော်စင်အဖြစ် ဖော်ဆောင်သည့် တောက်ပသော ရွှေရောင်ကံကြမ္မာပါဝငနေသည်မှာ မဆန်းတော့ပေ။
"လာစမ်းပါ... မင်းရဲ့ တခြားလှည့်ကွက်တွေကိုလည်း ပြဦးလေ"
ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် ထက်မြက်သော အလင်းတန်းများ လက်သွားပြီး မြေပြင်ကျုံ့ခြေလှမ်းကို အသုံးပြုကာ နင်ချန်းယွီ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာပြီး အောက်သို့ လက်သီးဖြင့် ဆက်တိုက် ထုနှက်လိုက်ပြန်သည်။
"တောက်... အမင်္ဂလာပဲ"
နင်ချန်းယွီ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ ချန်ကျီရှင်းသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ခုမှဝင်ခါစ ဖြစ်သော်လည်း သူ၏ခွန်အားမှာ အဆမတန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
"ကောင်းကင်ဘုံပိုက်ထုပ်လက်ဝါး"
သူသည် အသံခပ်နိမ့်နိမ့်ဖြင့် အော်ပြောလိုက်ရာ မရေမတွက်နိုင်သော မဟာတာအို သင်္ကေတများမှာ သူ၏လက်များမှ ထွက်ပေါ်လာပြီး ကြီးမားသော လက်ဝါးကြီးများအဖြစ် ပြောင်းလဲကာ ချန်ကျီရှင်းကို ရိုက်ချလိုက်သည်။
"ငါ့အတွက်တော့ အားလုံးက အမှိုက်ပဲ"
"နွားနတ်ဆိုးမိစ္ဆာ... ကောင်းကင်ခွဲတိုက်ကွက်"
ချန်ကျီရှင်းသည် အားစိုက်စရာမလိုဘဲ ထိုကြီးမားသော လက်ဝါးကြီးများကို လက်သီးဖြင့် ထိုးဖောက်ချေမှုန်းပစ်လိုက်သည်။
နင်ချန်းယွီသည် ဤသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး နောက်သို့လှည့်၍ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ ဤထိပ်တိုက်တွေ့ဆုံမှုကို ခေတ္တရှောင်ရှားရန် သူ ကြံစည်လိုက်ခြင်းပင်။
သို့သော် သူ လေပေါ်သို့ ခုန်တက်လိုက်သည်နှင့် တစ်ပြိုင်နက် ဖြူဖွေးသွယ်လျပြီး အဆစ်
အမြစ် ထင်ရှားလှသော ကြီးမားသည့် လက်တစ်ဖက်က သူ၏ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်ပြီးနောက် လက်ချောင်းငါးချောင်းက အားစိုက်လိုက်ပြီး သူ့ကို လေပေါ်မှ ပြန်ဆွဲချကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်တော့သည်။ ချန်ကျီရှင်းသည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာပြီး နင်ချန်းယွီ၏ အထက်တွင် ပေါ်လာခဲ့သည်။
သူသည် သူ၏ညာဘက်ခြေထောက်ကို ကောင်းကင်ယံကို ခွင်းမည့် ကြီးမားသော ပုဆိန်ကြီးတစ်ခုအလား မြှောက်လိုက်ပြီး နင်ချန်းယွီ၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ လွှဲရိုက်ချလိုက်လေတော့သည်။
အားမာန်ပါသော နွားနတ်ဆိုးမိစ္ဆာ၏ ဟိန်းဟောက်သံနှင့်အတူ...
ချန်ကျီရှင်းသည် နင်ချန်းယွီ၏ မျက်နှာတစ်ခုလုံးကို မြေကြီးထဲသို့ နစ်ဝင်သွားသည်အထိ အားပါပါဖြင့် ဖိနှိပ်ခြေမွှလိုက်တော့သည်။ ထို့နောက် နင်ချန်းယွီအား အသက်ရှူပေါက် လုံးဝမပေးဘဲ ချန်ကျီရှင်းသည် ရှေ့သို့ တစ်လှမ်းတိုးကာ နင်ချန်းယွီ၏ ရှေ့မှောက်သို့ လျှပ်တပြက် ရောက်ရှိသွားပြန်ပြီး သူ၏လက်မောင်းကို မြှောက်ကာ လက်သီးချက်ပေါင်းများစွာကို တရစပ် ပစ်သွင်းလိုက်ပြန်သည်။
"အားးးး"
ချန်ကျီရှင်း၏ မရပ်မနား တိုက်ခိုက်မှုအောက်တွင် နင်ချန်းယွီ၏ အရိုးများမှာ တစ်ကိုယ်လုံး အက်ကွဲကုန်ပြီး သူ၏ မဟာတာအို အခြေခံပင်လျှင် အက်ကြောင်းများဖြင့် ပြည့်နှက်သွားရသည်။
ချန်ကျီရှင်း ခေတ္တရပ်နားလိုက်သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ
"ချန်ကျီရှင်း... မင်းက တကယ်တော့ ဘယ်သူလဲ" နင်ချန်းယွီက ဒေါသတကြီး အော်ပြောလိုက်သည်။
ယခုအချိန်တွင် သူ အပြည့်အဝ ယုံကြည်သွားခဲ့ကာ သူ၏ရှေ့မှောက်ရှိ ဇီဝေချန်မိသားစု၏ တတိယသခင်လေးမှာ သူ၏ အရင်ဘဝက သိခဲ့သော အသုံးမကျသည့် သခင်လေး ချန်ကျီရှင်း လုံးဝမဟုတ်ပေ။ နတ်ဘုရားအတတ်ပညာများရော၊ ရက်စက်လှသော စိတ်နေစိတ်ထားပါ လုံးဝ ခြားနားလွန်းလှသည်။
"မေးခွန်းတွေ များလွန်းတယ်"
ချန်ကျီရှင်းက အမူအရာကင်းမဲ့စွာ ဆိုလိုက်ပြီး သူ၏လက်သီးကို မြှောက်ကာ ထပ်မံ ထုနှက်လိုက်ပြန်သည်။
ဒုန်း ဒုန်း ဒုန်း….
ဘုန်း ဘုန်း ဘုန်း….
တောင်ကြီးတစ်လုံးကိုပင် အမှုန့်ခြေနိုင်သော လက်သီးချက်များသည် နင်ချန်းယွီ၏ ဦးခေါင်းပေါ်သို့ မိုးသက်မုန်တိုင်းအလား ကျရောက်သွားတော့သည်။ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါနေ၏။ အကယ်၍သာ စွမ်းအားများကို စုပ်ယူပေးထားသော အစီအရင်ပေါင်းများစွာ မရှိပါက ဤတိုက်ခိုက်မှု၏ နောက်ဆက်တွဲဒဏ်ကြောင့်ပင် ပတ်ဝန်းကျင် မြေဧရိယာ အကျယ်အဝန်းမှာ ချောက်ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားပေလိမ်မည်။
အမွှေးတိုင်တစ်ဝက်စာခန့် ကြာပြီးနောက် ပျက်စီးနေသော ဘုရားကျောင်းဆောင်ရှေ့တွင် အတောင်ပေါင်း တစ်ထောင်ခန့် နက်ရှိုင်းလှသော အသူရာချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
ထိုချောက်နက်ကြီး၏ အောက်ခြေတွင် နင်ချန်းယွီမှာ အသားစိုင်တုံးတစ်ခုအဖြစ် ကြေမွတော့မည့် အချိန်၌...
"ချန်ကျီရှင်း... မင်း သေလိုက်တော့"
ထိုသို့ အော်ပြောသံနှင့်အတူ နင်ချန်းယွီကို ဗဟိုပြု၍ ကမ္ဘာမြေကို တုန်ဟိန်းစေပြီး မည်သူမျှ မချဉ်းကပ်ဝံ့သော ကြောက်မက်ဖွယ် အင်အားစုတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည် ဤကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ချန်ကျီရှင်းပင် နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားရသည်။
ထိုအစီအရင်များပင်လျှင် ခရက်..ခရက်ဟု အသံမြည်လာကာ အက်ကွဲသွားသော မှန်တစ်ချပ်ကဲ့သို့ တဖြည်းဖြည်း ပျက်စီးသွားတော့သည်။
နောက်တစ်ခဏ၌ သွေးအလိမ်းလိမ်းနှင့် နင်ချန်းယွီကို စွမ်းအားတစ်ခုက မတင်လိုက်သဖြင့် သူသည် ချောက်နက်အောက်ခြေမှ ဖြည်းညှင်းစွာ မြင့်တက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ထိတ်လန့်ဖွယ် ဒဏ်ရာများမှာလည်း လျင်မြန်စွာ ပြန်လည်ပျောက်ကင်းသွားတော့၏။
"ငါ ဒီဖဲချပ်ကို မသုံးချင်ခဲ့ပါဘူး... ဒါပေမဲ့ ဘာလို့ မင်းက... ငါ့ကို ဒီလောက်အထိ အကျပ်ကိုင်ရတာလဲ"
နင်ချန်းယွီသည် ဟင်းလင်းပြင်ကို နင်းလျက် သူ၏အနက်ရောင် ဆံနွယ်များမှာ ရူးသွပ်စွာ လွင့်ခါနေပြီး ချန်ကျီရှင်းကို ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်စွာ ငုံ့ကြည့်နေသည်။
သူ၏ အရင်ဘဝ အထွတ်အထိပ်အချိန်က ရင်းနှီးလှသော စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာ စီးဝင်လာခဲ့သည်။ ဤစွမ်းအားမှာ အရင်ဘဝ ပထမအဆင့် အထွတ်အထိပ်၏ တစ်ရာခိုင်နှုန်းမျှသာ ရှိသော်လည်း ၎င်းမှာ အထွတ်အထိပ်စွမ်းအားပင်။
သူသည် ချန်ကျီရှင်းကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အထက်စီးမှ ကြည့်လိုက်သည်။
"ကြည့်ရတာ သတ်ရတာ သိပ်မလွယ်ဘူးပဲ"
ချန်ကျီရှင်းက သူ၏နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးစများကို သုတ်ရင်း သက်ပြင်းချလိုက်မိသည်။
"ချန်ကျီရှင်း... ငါ ဝန်ခံရမယ်။ မင်းက တကယ်ကို အစွမ်းထက်တဲ့ ပြိုင်ဘက်ပဲ။ မင်းရဲ့ ခွန်အားနဲ့ဆိုရင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သတ္တမအဆင့်အောက်က ဘယ်သူမှ မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
"တောက်... အသက်တစ်ဆယ်ကျော်ရုံလေးနဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်နေတာလား။ တကယ့်ကို တစ်ခေတ်တစ်ခါမှာ တစ်ယောက်ပဲ ပေါ်ဖူးမယ့် ပါရမီရှင်ပဲ"
နင်ချန်းယွီက သာသာယာယာ ရယ်မောလိုက်သည်။
"နှမြောစရာကောင်းတာက မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသွားတာပဲ။ ငါသာ မင်းနေရာမှာဆိုရင် ငါ့ရဲ့ အထောက်အထားအစစ်အမှန်ကို သိပြီးသားဖြစ်နေတဲ့အတွက် မင်းလိုမျိုး တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ဘူး"
ချန်ကျီရှင်းက သူ၏နှုတ်ခမ်းပေါ်မှ သွေးစများကို သုတ်လိုက်ပြီး ခေါင်းညိတ်ကာ "မင်းပြောတာ မှန်တယ်" ဟု ပြောလိုက်သည်။
"မှန်တယ် ဟုတ်လား"
နင်ချန်းယွီက ရယ်ချင်ပတ်ကျိ ဖြစ်သွားပုံရပြီးနောက် ခေါင်းယမ်းလျက်
"အခုမှ သိသွားတာတော့ အရမ်းနောက်ကျသွားပြီ"
"နောက်ဘဝကျရင်တော့ သင်ခန်းစာကောင်းကောင်း ယူထားလိုက်ဦး"
စကားအဆုံးတွင် နင်ချန်းယွီ၏ အကြည့်မှာ ထက်မြက်သွားပြီး မဆိုင်းမတွပင် လက်ကိုမြှောက်ကာ ချန်ကျီရှင်းကို ဖိချရန် ပြင်လိုက်သည်။
"သွားတော့..."
သူ၏ ပါးစပ်မှ သေပေတော့ဟူသော စကားလုံး မထွက်လာမီမှာပင်...
စကားလုံးဖြင့် ဖော်ပြရန် မစွမ်းသာသော ကြီးမားလှသည့် လက်ဝါးကြီးတစ်ခုသည် လေထုထဲတွင် ရုတ်တရက် စုစည်းပေါ်ပေါက်လာသည် ထိုလက်ဝါးကြီးက ဘေးတိုက်တွန်းပို့လိုက်ရာဝယ် နေနှင့်လတို့မှာ နိမ့်ဆင်းမြင့်တက်ကာ ကြယ်တာရာများမှာလည်း လက်ဝါးပြင်အလယ်တွင် ရွေ့လျားသွားကြကုန်၏။ လက်ဖဝါးပေါ်ရှိ လိုင်းကြောင်းတိုင်းမှာ မဟာတာအိုတစ်ခုစီကဲ့သို့ပင်။
နောက်တစ်ခဏ၌ မပျက်စီးနိုင်သော နတ်ဘုရားများ ကမ္ဘာကြီးကို ဖျက်ဆီးနေသကဲ့သို့ ခန့်ညားထည်ဝါလှသော ကောင်းကင်ဘုံအရှိန်အဝါများနှင့်အတူ ထိုလက်ဝါးကြီးမှာ နင်ချန်းယွီအပေါ်သို့ ဖိချလိုက်တော့သည်။
ကောင်းကင်နှင့် မြေကြီး အက်ကွဲသွားကာ တာအိုအားလုံး ပဲ့တင်ထပ်သွား၏။
ဘုန်း ဘုန်း ဘုန်း…
ဟင်းလင်းပြင်မှာ ချက်ချင်းပင် ပြိုကွဲပျက်စီးသွားတော့သည်။
နင်ချန်းယွီမှာ လုံးဝ ဆွံ့အသွားပြီး ဇဝေဇဝါဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူ၏အမြင်အာရုံတစ်ခုလုံးမှာ ထိုလက်ဝါးကြီးဖြင့် ဖုံးလွှမ်းသွား၏။
ဖျပ်…
ဟင်းလင်းပြင်ကို နင်းလျက် အထွတ်အထိပ်စွမ်းအားများကို ပိုင်ဆိုင်ကာ သတ္တဝါအားလုံးကို အုပ်စိုးတော့မည့်အလား ဖြစ်နေသော နင်ချန်းယွီမှာ ပုရွက်ဆိတ်တစ်ကောင်ကို ရိုက်ချသကဲ့သို့ မြေပြင်ပေါ်သို့ အလွယ်တကူ ဆောင့်ချခြင်း ခံလိုက်ရသည်။
နောက်တစ်ခဏ၌ ဖြူဖွေးသော ဆံနွယ်များ လွင့်ခါနေပြီး မတ်မတ်နှင့် ခန့်ညားထည်ဝါလှသော အဘိုးအိုတစ်ဦးသည် ဟင်းလင်းပြင်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။
"မျိုးနွယ်စုခေါင်းဆောင်"
ချန်ကျီရှင်းက ရှေ့တွင်ရှိသော ဆံပင်ဖြူ အဘိုးအိုကို ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"ငါ့ကို ဘာလို့ လှုပ်ရှားခိုင်းရတာလဲလို့ စဉ်းစားနေတာ။ အထွတ်အထိပ်စွမ်းအား အကြွင်းအကျန်လေး ပါနေတဲ့ ကောင်လေးတစ်ယောက်ကိုး"
ချန်တောက်ယန်သည် နင်ချန်းယွီကို စိတ်ဝင်စားဟန်ဖြင့် ကြည့်လိုက်သည်။
"ကြီးမြတ်တဲ့ ပညာရှင်တစ်ယောက် ပြန်လည်မွေးဖွားလာတာလား ဒါမှမဟုတ် အထွတ်အထိပ် ပညာရှင်တစ်ယောက်ရဲ့ အမွေအနှစ်ကို ရထားတာလား"
ကောင်းကင်ယံကို ဖုံးလွှမ်းထားပြီး တာအိုအားလုံးကို တုန်ခါစေခဲ့သော လက်ဝါးကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ မဟာတာအို အခြေခံတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသော နင်ချန်းယွီမှာ မြေပြင်ပေါ်တွင် ရွှံ့ပုံတစ်ခုအလား ပုံလျက်သား ဖြစ်နေသည်။
သူသည် အလွန်ခက်ခဲစွာဖြင့် ခေါင်းကိုမော့ကာ ချန်တောက်ယန်ကို စိုက်ကြည့်လိုက်သည်။
"ချန်တောက်ယန်... မင်းပဲ"
နင်ချန်းယွီသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် အသံနိမ့်နိမ့် အော်ပြောလိုက်သည်။
သူ မမျှော်လင့်ထားခဲ့ပေ။ ချန်ကျီရှင်းက သူ့ကိုသတ်ရန်အတွက် ဇီဝေတောင်တန်းမှာပဲ တစ်နှစ်ပတ်လုံးနေပြီး အပြင်ကို ဘယ်တော့မှ မထွက်တတ်သော ချန်တောက်ယန်ကိုပင် ခေါ်ထုတ်လာလိမ့်မည်ဟု သူမထင်ထားပေ။
"တောက် နည်းနည်းလေးပဲ... နည်းနည်းလေးပဲ လိုတော့တာကို... ငါ အောင်မြင်တော့မှာပါ" နင်ချန်းယွီက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ၏မျက်ဝန်းများမှာ ပြင်းထန်သော မကျေနပ်မှုများဖြင့် တောက်လောင်နေသည်။
တကယ်လို့သာ... စောစောက ရှေးဟောင်းနယ်မြေထဲမှာ ငါ့ရဲ့ အထွတ်အထိပ်စွမ်းအား ထက်ဝက်ကျော်ကို မသုံးခဲ့ရဘူးဆိုရင် ချန်တောက်ယန် ဒီမှာရှိနေလည်း ဘာဖြစ်လဲ။ အားလုံးက ဟိုကောင်ကြောင့်ပဲ။ လမ်းမှာ ရတနာတွေ့ပြီလို့ အော်ဟစ်ခဲ့တဲ့ အဲဒီလူသာ မရှိခဲ့ရင် ငါ့အစီအစဉ်တွေ ဒီလိုမျိုး ပျက်စီးသွားမှာ မဟုတ်ဘူး။ အဲဒီကောင်က ငါ့ကို အကြီးအကျယ် ဖျက်ဆီးလိုက်တာပဲ။
***