နင်ချန်းယွီ၏ စိုက်ကြည့်နေသော အကြည့်အောက်၌ ချန်ကျီရှင်းသည် သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။
"ချန်ကျီရှင်း... ငါ့ကို အခွင့်အရေးတစ်ခုပေးပါ။ နောင်ကျရင် မင်းရဲ့အစေအပါးအဖြစ် ငါ အမှုထမ်းပါ့မယ်"
နင်ချန်းယွီသည် ချန်ကျီရှင်းကို စိုက်ကြည့်ရင်း သူ၏မျက်ဝန်းများတွင် အသက်ရှင်လိုစိတ် ပြင်းပြနေကာ နောက်ဆုံးလက်ကျန် အားအင်ဖြင့် ကြိုးစားဖျောင်းဖျနေသည်။
"ငါ့မှာ မရေမတွက်နိုင်တဲ့ အတတ်ပညာတွေနဲ့ အတွေ့အကြုံတွေ ရှိတယ်။ ငါ့ရဲ့အကူအညီသာရှိရင် မင်းက တစ်ခေတ်တစ်ခါမှာ အကြီးကျယ်ဆုံးသူ ဖြစ်လာမှာ အသေအချာပဲ"
ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းက ခပ်သဲ့သဲ့လေး ပြုံးလိုက်ပြီး သူ၏အနားသို့ ကိုင်းညွှတ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"မင်းကို ကောင်းကင်ဘုံက အခွင့်အရေးတစ်ခု ပေးခဲ့ပြီးသား မဟုတ်လား"
ချက်ချင်းဆိုသလို နင်ချန်းယွီ၏ မျက်သူငယ်အိမ်များ ကျုံ့သွားတော့သည်။ သူ၏ပါးစပ်မှ တစ်ခွန်းမျှ မဟနိုင်သေးမီမှာပင်...
"မင်း သိလား ငါ့အတွက် မင်းရဲ့ တည်ရှိနေမှုဆိုတာ စည်ကားပြီး အေးချမ်းနေတဲ့ ဈေးတန်းကြီးထဲမှာ တစ်စုံတစ်ယောက်က ရုတ်တရက် ဓားတစ်လက် ထုတ်လိုက်သလိုပဲ။ အဲဒီဓားက ငါ့ဆီကို ဦးတည်မနေရင်တောင် ငါကတော့ ကြောက်နေမိမှာပဲ"
"ဒါကြောင့်... အစကတည်းက မင်းရဲ့လက်နက်ကို ချထားလိုက်ပါ။ ဒါမှမဟုတ်ရင်တော့... သေလိုက်တော့"
ဝုန်းးးးးး
ချန်ကျီရှင်းသည် နင်ချန်းယွီ၏ ဦးခေါင်းကို အင်အားအပြည့်ဖြင့် နင်းခြေပစ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နင်ချန်းယွီ၏ ဦးခေါင်းမှာ လုံးဝကြေမွသွားပြီး အသားစိုင်တုံးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုအချိန်မှာပင် ချန်ကျီရှင်း၏ စိတ်ထဲ၌ အေးစက်သော အသိပေးသံများ ဆက်တိုက် ပဲ့တင်ထပ်လာတော့သည်။
[တင်း….သင်သည် ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် သူတို့၏ ကံကြမ္မာနှင့် မွေးရာပါ စွမ်းရည်အချို့ကို သိမ်းပိုက်ရရှိပါသည်]
[တင်း… သင်၏ ကံကြမ္မာတန်ဖိုး မူလ ၁၅၀% မှ နောက်ထပ် ၁၅၀% ထပ်မံ တိုးပွားသွားပါသည်။ စုစုပေါင်း ကံကြမ္မာတန်ဖိုး ၃၀၀% ဖြစ်လာပါပြီ]
[တင်း…သင်သည် ဘွဲ့ထူးအသစ်တစ်ခု ရရှိပါသည်။ မဟာကံတရားဆုပါ]
[မဟာကံတရားကို ပိုင်ဆိုင်ထားသူဖြစ်၍ သင်သည် ကောင်းကင်နှင့် မြေကြီး၏ ကောင်းချီးမင်္ဂလာများကို ရရှိမည်ဖြစ်ပြီး ကျိန်စာများ၊ ဘေးအန္တရာယ်များ၊ ရောဂါဝေဒနာများနှင့် အခြားသော အဖျက်စွမ်းအားအားလုံးမှ ကာကွယ်မှု ရရှိမည်ဖြစ်သည်]
[တင်း…သင်သည် အသက်သခင်ကျမ်းကို ရရှိပါသည်။
[တင်း….သင်သည် ကောင်းကင်ဘုံလဲလှယ်ခြင်းအတတ်ကို ရရှိပါသည်။
ချန်ကျီရှင်း၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း ရရှိလာသော အရာများကို ချက်ချင်း စစ်ဆေးရန် အလောမကြီးသေးဘဲ ချန်တောက်ယန်ရှိရာသို့ လှည့်၍ လျှောက်လှမ်းသွားလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မဟုတ်ရင် ဒီနေ့ ကျွန်တော် အန္တရာယ်ရှိနိုင်ပါတယ်"
ချန်ကျီရှင်းသည် ချန်တောက်ယန်ကို လက်အုပ်ချီ အရိုအသေပေးရင်း လေးလေးနက်နက် ပြောလိုက်သည်။
"ကျီရှင်း... တကယ်တော့ မင်းက ငါ့ဆီကနေ အကူအညီတောင်းဖို့ ကိုယ်တိုင်ဆုံးဖြတ်ခဲ့တာကို ငါ တကယ်ဝမ်းသာမိတယ်"
ချန်တောက်ယန်က နွေးထွေးစွာ ပြုံးပြလိုက်သည်။ ထို့နောက် သူ၏အကြည့်မှာ ချန်ကျီရှင်းအပေါ်သို့ ကျရောက်သွားပြီး အံ့ဩရိပ်အချို့ ဖြတ်ပြေးသွား၏။
"မင်း... စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားပြီလား"
"ဟုတ်ပါတယ်"
ချန်ကျီရှင်းက ထပ်ပြီး မငြင်းတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
သူ၏ အဘိုးအရင်းဖြစ်သူ ဤမျိုးနွယ်စုခေါင်းဆောင်၏ ရှေ့မှောက်တွင် သူ ဖုံးကွယ်ထားစရာ ဘာမှမရှိတော့ပေ။ ယခင်က ဖုံးကွယ်ခဲ့ခြင်းမှာ ချန်တောက်ယန်၏ သဘောထားကို သူ မသေချာခဲ့၍သာ…
သို့သော် ယခုမူ ချန်တောက်ယန်၏ သူ့အပေါ် မည်မျှအထိ အလေးထားလုပ်ဆောင်ပေးခဲ့သည်ကို သူ အထင်အရှား မြင်တွေ့ခဲ့ရပြီဖြစ်ကာ အရင်ဘဝမှာရော၊ အခုဘဝမှာပါ ချန်
တောက်ယန်သည် သူ့ကို တစ်ခါမျှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးချေ။
ဒီလိုဆိုမှတော့ ငါဘာလို့ဖုံးကွယ်နေရမှာလဲ။
"ကောင်းတယ် ကောင်းတယ် တကယ်ကို ကောင်းတယ်"
ချန်ကျီရှင်း၏ အတည်ပြုချက်ကို ကြားလိုက်ရချိန်တွင် ချန်တောက်ယန်၏ မျက်ဝန်းများမှာ ပြင်းထန်သော ဝမ်းသာပီတိများဖြင့် ချက်ချင်း တောက်ပသွားတော့သည်။
"ဟားဟားဟား ငါ့မြေးက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားပြီဟေ့"
"ဆယ်ကျော်သက်အရွယ်နဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်တဲ့လား ဒီကမ္ဘာပေါ်မှာ ဒါမျိုး ဘယ်မှာ ရှာတွေ့နိုင်ဦးမှာလဲ"
"ငါတို့ ဇီဝေချန်မိသားစုမှာ ချီလင်သားတော် မရှိဘူးလို့ ဘယ်သူက ပြောရဲသေးလဲ။ ငါတို့မိသားစုမှာ ဆက်ခံမယ့်သူ မရှိဘူးလို့ ဘယ်သူက ပြောဦးမလဲ"
ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးပြီး ခံစားချက်ကို ထိန်းချုပ်နိုင်လွန်းသော ချန်တောက်ယန်ပင်လျှင် ဤအခိုက်အတန့်၌ အားရပါးရ ရယ်မောခြင်းကို မတားဆီးနိုင်တော့ပေ။
သူ၏ ရယ်မောသံများမှာ ဂုဏ်ယူဝင့်ကြွမှုနှင့် ကျေနပ်ပီတိများဖြင့် ပြည့်နှက်နေသည်။ သူသည် တစ်ကျော့ပြန် လူပျိုပြန်ဖြစ်သွားသကဲ့သို့ပင် အားအင်များ ပြည့်ဝနေဟန်ရှိ၏။
"ကျီရှင်း... မင်းမှာ လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာ အဘိုးသိပါတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် မပြောပြသရွေ့ အဘိုး ဘယ်တော့မှ မမေးဘူး"
"ငါ အလိုရှိတာ တစ်ခုပဲရှိတယ်။ နောင်တစ်ချိန်မှာ မင်း ဘာနဲ့ပဲ ကြုံကြုံ ဒီအချက်ကိုတော့ အမြဲမှတ်ထားပါ"
ချန်တောက်ယန်သည် သူ၏ ကြီးမားသော လက်ဝါးကို ချန်ကျီရှင်း၏ ပခုံးပေါ်သို့ တင်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ငါ ချန်တောက်ယန်က မင်းရဲ့ အဘိုးအဖြစ် ထာဝရ ရှိနေမှာပဲ"
"ငါ အသက်ရှင်နေသရွေ့ ဇီဝေချန်မိသားစုက မင်းရဲ့ အခိုင်မာဆုံး နောက်ခံတောင်ကြီး ဖြစ်နေမှာပဲ"
"မင်း ဘာလုပ်ချင်လဲ... ရဲရဲသာလုပ် ကောင်းကင်ကြီး ပြိုကျလာရင်တောင် အဘိုးက မင်းအတွက် မတင်ပေးထားမယ်"
ဤစကားကို ကြားလိုက်ရချိန်တွင် ချန်ကျီရှင်း၏ ရင်ထဲ၌ နွေးထွေးသော စီးကြောင်းတစ်ခု ဖြတ်သန်းသွားတော့သည်။
"ဟုတ်ကဲ့ပါ"
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ဦးသည် နားလည်မှုရှိရှိဖြင့် ပြုံးလိုက်ကြ၏။
"ဟို မိန်းကလေးကိုရော... မင်း ဘယ်လို ဖြေရှင်းဖို့ စိတ်ကူးထားလဲ"
ချန်တောက်ယန်သည် ရွှီချင်းကျိုး နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ဘုရားကျောင်းဆောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဒီအခွင့်အရေးကို အသုံးချပြီးတော့ရော....."
သူသည် ချန်ကျီရှင်းကို မင်း သိပါတယ်ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"အဟမ်း အဲဒါကိုတော့ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်"
ချန်ကျီရှင်းသည် လက်အုပ်ချီလျက် ချောင်းတစ်ချက် ဟန့်လိုက်မိသည်။
"ဟားဟားဟား ဒါဆိုရင်တော့ ငါ ဝင်မရှုပ်တော့ဘူး"
ချန်တောက်ယန်သည် ချန်ကျီရှင်းကို ပြုံး၍ ကြည့်လိုက်ပြီးနောက်
"ဒါနဲ့... အားလုံး ပြီးစီးသွားရင် ငါ့ဆီကို လာခဲ့ဦး"
"မင်းက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်နေပြီဆိုတော့... အချို့သောအရာတွေကို ပြသဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ အချိန်တန်ပြီပေါ့"
ထိုသို့ပြောပြီးသည်နှင့် ချန်တောက်ယန်သည် ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ ပျက်စီးနေသော ထိုကျောင်းဆောင်အတွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် ချန်ကျီရှင်း၏ မျက်နှာထက်၌ တွေးတောနေဟန် အမူအရာတစ်ခု ပေါ်လာပြီး ဗုဒ္ဓရုပ်ပွားတော်နောက်ကွယ်၌ အိပ်ပျော်နေသော ရွှီချင်းကျိုးရှိရာသို့ လှည့်ကြည့်လိုက်သည်။ နောက်တစ်ခဏ၌ သူ၏ပုံရိပ်မှာ ထိုဟောင်းနွမ်းစုတ်ပြတ်နေသော ကျောင်းဆောင်အတွင်းဝယ် ပေါ်လာခဲ့သည်။
တစ်ဝက်ခန့် ကျိုးပဲ့နေသော ဗုဒ္ဓရုပ်ပွားတော်မှာ တင်ပျဉ်ခွေလျက် ရှိနေဆဲပင်။ ဘေးသို့ လိမ့်ကျနေသော ဘုရားရှင်၏ ဦးခေါင်းတော်မှာလည်း ချန်ကျီရှင်းကို ကြည့်ကာ ပြုံးနေဟန်ရှိ၏။ ချန်ကျီရှင်းသည် အေးချမ်းစွာ အိပ်ပျော်နေသော ရွှီချင်းကျိုးအနားသို့ လျှောက်သွားလိုက်သည်။
သူသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့လေ"
ထို့နောက် သူသည် လက်ကိုဆန့်ထုတ်ကာ ရွှီချင်းကျိုး၏ သွယ်လျသော ခါးလေးကို ပွေ့ပိုက်၍ သူမကို ချီမလိုက်သည်။
ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းမှ နီရဲသော မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာပြီး ကျောင်းဆောင်တစ်ခုလုံးကို မီးပင်လယ်အဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။ ချန်ကျီရှင်းသည် ရှေ့သို့လှမ်းလျက် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထိုရှေးဟောင်းကျောင်းဆောင်ကို နောက်တွင် ချန်ရစ်ခဲ့၏။
သူ၏အောက်ခြေတွင်မူ တဟုန်းဟုန်းတောက်လောင်နေသော မီးလျှံများသည် တစ်ကျောင်းလုံးကို ဝါးမျိုသွားပြီး အရာအားလုံးကို ပြာအဖြစ်သို့ ပြောင်းလဲကာ တိုက်ပွဲ၏ အကြွင်းအကျန် အထောက်အထားမှန်သမျှကို ဖျက်ဆီးပစ်လိုက်သည်။
မည်သူမျှ သတိမထားမိသည်မှာ တောက်လောင်နေသော မီးလျှံများကြားတွင် ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းမှာ အေးချမ်းစွာ ပြုံးနေဆဲဖြစ်ပြီး ၎င်း၏ မျက်လုံးများမှာ ရုတ်တရက် ရွေ့လျားသွားကာ ဝမ်းနည်းမှုနှင့် ဝမ်းသာမှုတို့ ရောပြွမ်းနေသော အမူအရာတစ်ခုကို ပြသသွားခြင်းပင်။
...
ခဏအကြာတွင် ချန်ကျီရှင်းသည် လင်အန်းမြို့သို့ ရောက်ရှိလာပြီး လမ်းဘေးရှိ တည်းခိုခန်းတစ်ခုတွင် အခန်းတစ်ခန်း ငှားလိုက်သည်။ သူသည် ရွှီချင်းကျိုးကို အခန်းလွတ်တစ်ခု၌ ထားရှိကာ ကာကွယ်ရေးအစီအရင်တစ်ခုကို အလွယ်တကူ တပ်ဆင်ပေးခဲ့ပြီးနောက် ဇီဝေတောင်တန်း၏ တတိယတောင်ထိပ်ဆီသို့ ပြန်လာခဲ့တော့သည်။
***