လျှို့ဝှက်ခန်းမအတွင်း၌...
ချန်ကျီရှင်းသည် နောက်ဆုံးတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏စိတ်ထဲတွင် ပေါ်လာသော အသိပေးချက်များကို အသေအချာ ပြန်လည်ကြည့်ရှုလိုက်သည်။
[တင်း…သင်သည် ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် သူတို့၏ ကံကြမ္မာနှင့် မွေးရာပါ စွမ်းရည်အချို့ကို သိမ်းပိုက်ရရှိပါသည်]
[တင်း…သင်၏ ကံကြမ္မာတန်ဖိုး မူလ ၁၅၀% မှ နောက်ထပ် ၁၅၀% ထပ်မံ တိုးပွားသွားပါသည်။ စုစုပေါင်း ကံကြမ္မာတန်ဖိုး ၃၀၀% ဖြစ်လာပါပြီ]
[တင်း…သင်သည် ဘွဲ့ထူးအသစ်တစ်ခု ရရှိပါသည်။ မဟာကံတရားဆုပါ]
[မဟာကံတရား မဟာကံတရားကို ပိုင်ဆိုင်ထားသူဖြစ်၍ သင်သည် ကောင်းကင်နှင့် မြေကြီး၏ ကောင်းချီးမင်္ဂလာများကို ရရှိမည်ဖြစ်ပြီး ကျိန်စာများ၊ ဘေးအန္တရာယ်များ၊ ရောဂါဝေဒနာများ၊ ကောင်းကင်ဘုံလျှို့ဝှက်ချက် စူးစမ်းမှုများနှင့် အခြားသော အဖျက်စွမ်းအားအားလုံးမှ ကာကွယ်မှု ရရှိမည်ဖြစ်သည်]
[တင်း….သင်သည် အသက်သခင်ကျမ်းကို ရရှိပါသည်]
[တင်း…သင်သည် ကောင်းကင်ဘုံလဲလှယ်ခြင်းအတတ်ကို ရရှိပါသည်]
"မဟာကံတရားဟုတ်လား"
ချန်ကျီရှင်းသည် မျက်မှောင်ကို အသာအယာပင့်လိုက်ပြီး သူ၏မျက်နှာတွင် စိတ်ဝင်စားဟန် အမူအရာတစ်ခု ပေါ်လာသည်။ ယခင်ကလည်း သူ၏အစပိုင်းတွင် နတ်ဘုရားတို့၏ ကောင်းချီးနှင့် ကံကောင်းခြင်းလက်ဆောင်ကဲ့သို့သော ဘွဲ့ထူးများ ရှိခဲ့ဖူးသည်။ သို့သော် ထိုဘွဲ့ထူးများမှာ ဘာအစွမ်းမှမရှိသော ဘွဲ့အမည်သက်သက်သာ ဖြစ်ပုံပင်။
သို့သော် ယခုအသစ်ရရှိသော ဘွဲ့ထူးမှာမူ ကျိန်စာများ၊ ဘေးအန္တရာယ်များနှင့် ထောက်လှမ်းစူးစမ်းမှုများကဲ့သို့သော အဖျက်စွမ်းအား အားလုံးကို ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။
"မဆိုးဘူးပဲ..."
ချန်ကျီရှင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။ ဤဘွဲ့ထူး၏ အာနိသင်မှာ အပေါ်ယံကြည့်လျှင် သိပ်မထူးခြားလှဟု ထင်ရသော်လည်း အမှန်တကယ်၌မူ အလွန်အမင်း အစွမ်းထက်လှသည်။ ဥပမာအားဖြင့် မဟာကျင့်ကြံခြင်းဂိမ်းထဲတွင် လျှို့ဝှက်ဆန်းကြယ်လှသော ကျိန်စာဆရာကြီးတစ်ဦး ရှိခဲ့သည်ကို ချန်ကျီရှင်း မှတ်မိနေသည်။
ထိုပုဂ္ဂိုလ်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို တွက်ချက်ကာ ရန်သူ၏ အထောက်အထားကို ဖော်ထုတ်နိုင်ပြီး မိုင်ပေါင်းထောင်ချီ အဝေးမှနေ၍ ကျိန်စာတိုက်ကာ သတ်ဖြတ်နိုင်စွမ်း ရှိသူပင်။
သို့သော် ယခုအခါတွင်မူ မဟာကံတရားဘွဲ့ထူးကြောင့် သူသည် ထိုကဲ့သို့သော အန္တရာယ်အားလုံးမှ ကင်းဝေးသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် သူသည် သူ့၏စိတ်ထဲတွင် ကောင်းကင်ဘုံလဲလှယ်ခြင်းအတတ်နှင့် ပတ်သက်သော ကျယ်ပြောလှသည့် အသိပညာ ဗဟုသုတများ စီးဝင်လာသည်ကို ခံစားလိုက်ရသလိုသူ၏လက်စွပ်အတွင်း ဝှက်ထားသော အသက်သခင်ကျမ်းနှင့်လည်း မရေမရာသော ဆက်နွှယ်မှုတစ်ခု ရှိနေသည်ကို သိရှိလိုက်ရသည်။
"အသက်သခင်ကျမ်း..."
စိတ်ကူးလိုက်ရုံမျှဖြင့် ရှေးဟောင်းရွှေရောင်စာအုပ်တစ်အုပ်မှာ ချန်ကျီရှင်း၏ လက်ထဲတွင် ပေါ်လာတော့သည်။ ထိုရှေးဟောင်းစာအုပ်၏ မျက်နှာဖုံးပေါ်တွင် ထောင်လိုက်ပုံစံ အက်ကွဲကြောင်းသဏ္ဌာန် မျက်လုံးတစ်လုံးကို ရေးဆွဲထား၏။
ချန်ကျီရှင်း၏ အကြည့်မှာ ထိုကျဉ်းမြောင်းသော မျက်လုံးအိမ်ပေါ်သို့ ကျရောက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်း၏ ကံကြမ္မာအားလုံးမှာ သူ၏စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ပေါ်လာတော့သည်။
"နင်ချန်းယွီက ငါ့ကိုသတ်ဖို့ ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲဆိုတာ မဆန်းတော့ပါဘူး။ သူ့နေရာမှာ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမျိုးကို ခုခံနိုင်ဖို့ ခက်ခဲမှာပဲ မဟုတ်လား"
ချန်ကျီရှင်းက ခေါင်းယမ်းလိုက်မိသည်။
လူတိုင်းက လောဘသမားတွေပဲ... ထာဝရအသက်ရှည်ခြင်းကို ပေးစွမ်းနိုင်မယ့် ကံကြမ္မာမျိုးနဲ့ ကြုံလာရရင် ဘယ်သူကများ အေးအေးဆေးဆေး နေနိုင်မှာလဲ။
နောက်တစ်ခဏ၌ ချန်ကျီရှင်းသည် အသက်သခင်ကျမ်းကို သူ၏ ဒန်ထျန်ဝိညာဉ်ပင်လယ်အတွင်းသို့ သိမ်းဆည်းလိုက်ပြီး တွေးတောနေဟန် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
ပြောရမယ်ဆိုရင်... နင်ချန်းယွီရဲ့ အရင်ဘဝက အောင်မြင်မှုလမ်းကြောင်းက အသက်သခငကျမ်းကို ရရှိခဲ့ရာကနေ စတင်ခဲ့တာပဲ။ အဲဒီနောက်မှာ သူက တိုက်တိုက်ဆိုင်ဆိုင်ပဲ ကောင်းကင်လှိုင်းသန့်စင်သောမြေက ဖူရှူးလို့ခေါ်တဲ့ အကြီးအကဲတစ်ယောက်ကို သတ်ခဲ့တယ်။
အဲဒီ အကြီးအကဲ ဖူရှူးမှာ ကောင်းကင်ဝါးမြိုခြင်း မိစ္ဆာခန္ဓာဆိုတဲ့ ကံကြမ္မာ ပါတယ်။ ဒီကံကြမ္မာရဲ့ ထူးခြားချက်က တူညီတဲ့ ကံကြမ္မာမျိုးကို သိမ်းပိုက်ပြီးတော့ သူ့ရဲ့အဆင့်ကို မြှင့်တင်နိုင်တာပဲ။
လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ ကောင်းကင်ဘုံက သတ်မှတ်ပေးထားတာဆိုတာ လူတိုင်းသိကြပါတယ်။ အဲဒီလို ကံကြမ္မာမျိုးကိုတောင် အဆင့်မြှင့်တင်နိုင်တယ်ဆိုတာ ဘယ်လောကတောင် ကြောက်ဖို့ကောင်းလိုက်မလဲ။
ဥပမာအားဖြင့် မင်းမှာ သာမန်လူတွေရဲ့ မီးခိုးရောင်အမည်းရောင်ကံကြမ္မာပဲ ရှိတယ်ဆိုပါစို့။ အဲဒီ အသက်သခင်ကျမ်းကိုသုံးပြီး တခြား သာမန်လူတွေရဲ့ ကံကြမ္မာတွေကို ဝါးမြိုသိမ်းပိုက်
လိုက်ရုံနဲ့ မင်းရဲ့ ကံကြမ္မာအဆင့်ဟာ တရိပ်ရိပ် မြင့်တက်လာနိုင်တာမျိုးပေါ့။
နင်ချန်းယွီသည် ထိုသူ၏ ကံကြမ္မာကို လုယူခဲ့ပြီး အဆိုပါအစွမ်းကို အသုံးချကာ အခြားသူများ၏ ကံကြမ္မာများကို အဆက်မပြတ် ဝါးမြိုခဲ့ခြင်းပင်။ ဤသို့ဖြင့် သူ၏ ပါရမီကို အဆင့်မြှင့်တင်ရင်း မည်သူမျှ မယှဉ်နိုင်သော အခြေအနေအထိ ရောက်ရှိကာ တစ်ဟုန်ထိုး အောင်မြင်လာခဲ့ခြင်းပက်။
အကြီးအကဲ ဖူရှူး၏ ကောင်းကင်ဝါးမြိုခြင်း မိစ္ဆာခန္ဓာ ကံကြမ္မာသည် အသက်သခင်ကျမ်း၏ စွမ်းပကားကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်ပေးခဲ့ခြင်းပင်။ အမှန်စင်စစ် အကြီးအကဲ ဖူရှူးသည် သူ့ကံကြမ္မာ၏ စွမ်းအားအစစ်အမှန်ကို နားမလည်ခဲ့သလို အသက်သခင်ကျမ်းကိုလည်း မပိုင်ဆိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် အခြားသူများ၏ စိတ်စွမ်းအင်များကို တိတ်တဆိတ် စုပ်ယူ၍ ကိုယ့်ကိုယ်ကိုယ် သန်မာအောင် ပြုလုပ်ခြင်းမျှသာ တတ်နိုင်ခဲ့သည်။
ဤလုပ်ဆောင်မှုများကို နောက်ဆုံး၌ ကောင်းကင်လှိုင်း သန့်စင်သောမြေက သိရှိသွားသဖြင့် သူ့ကို ရက်ရက်စက်စက် လိုက်လံနှိမ်နင်းခဲ့ကြသည်။ ထိုသို့ဖြင့် သူ သေခါနီးအချိန်သို့ ရောက်မှသာ နင်ချန်းယွီက အခွင့်ကောင်းယူ၍ သတ်ဖြတ်ခဲ့ကာ သူ၏ အောင်မြင်မှု ခရီးလမ်းကို တရားဝင် စတင်ခဲ့ခြင်းပင်။
“ငါ မှတ်မိသလောက်ဆိုရင်... မုန့်ဟဲတုန်းကလည်း လွန်ခဲ့တဲ့ ဆယ်နှစ်က ကောင်းကင်လှိုင်း သန့်စင်သောမြေရဲ့ သန့်စင်သောမိန်းကလေး လီရန်နဲ့ ထားခဲ့တဲ့ ဆယ်နှစ်ကတိကို ဖြည့်ဆည်းဖို့ အဲဒီကို မကြာခင် သွားတော့မှာ မဟုတ်လား”
“အခွင့်အရေး ရခဲ့မယ်ဆိုရင် ငါလည်း ကောင်းကင်လှိုင်း သန့်စင်သောမြေဆီကို ခရီးတစ်ခု သွားသင့်တယ်”
“ပထမအချက်ကတော့ အဲဒီ အကြီးအကဲ ဖူရှူးကို သတ်ဖို့ နည်းလမ်းရှာရမယ်။ ပြီးတော့ အသက်သခင်ကျမ်းရဲ့ စွမ်းရည်တွေကို အသုံးချပြီး ငါ့ရဲ့ တောက်ပသော ရွှေရောင်ကံကြမ္မာတွေကို ဧကရာဇ်ခရမ်းရောင်အဆင့်အထိ အဆင့်မြှင့်တင်ရမယ်”
“ဒုတိယအချက်ကတော့ မုန့်ဟဲတုန်း ရောက်မလာခင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ပဲ”
ချန်ကျီရှင်းသည် ခဏမျှ စဉ်းစားပြီးနောက် ဤကိစ္စကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ ကောင်းကင်ယံ မှောင်စပြုလာသည်ကို မြင်မှသာ အဘိုးဖြစ်သူ ချန်တောက်ယန် မှာကြားခဲ့သည်ကို သတိရပြီး တံခါးအပြင်ဘက်သို့ ချက်ချင်း လှမ်းထွက်လိုက်တော့သည်။
...
ခဏအကြာတွင်...
ချန်ကျီရှင်းသည် ပင်မတောင်ထိပ်သို့ ရောက်ရှိလာသည်။ အဝေးမှကြည့်လျှင် ချန်တောက်ယန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် သူ့ကို စောင့်ကြိုနေသည်ကို မြင်လိုက်ရ၏။
"အဘိုး..."
ချန်ကျီရှင်းက အနားသို့ ချဉ်းကပ်ကာ နှုတ်ဆက်လိုက်သည်။
"မင်းရဲ့ကိစ္စတွေ အားလုံးပြီးပြီလား" ချန်တောက်ယန်က ချန်ကျီရှင်းကို ကြည့်ပြီး ပြုံးလိုက်သည်။
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်၏။
"သွားကြစို့... အဘိုး မင်းကို တစ်ခုခုပြစရာရှိတယ်"
ချန်တောက်ယန်က သာယာစွာပြုံးရင်း ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။
ချန်ကျီရှင်းလည်း ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။ သူတို့နှစ်ဦး၏ ပုံရိပ်များသည် ဇီဝေတောင်တန်းမှ တဖြည်းဖြည်း ဝေးကွာသွားပြီး အတိုင်းအဆမရှိ မှောင်မိုက်လှသော ညဉ့်နက်ပိုင်းအတွင်းသို့ ပျောက်ကွယ်သွားကြသည်။
ညဉ့်အမှောင်ထုက မင်ရည်ကဲ့သို့ မည်းနက်နေသည်။
နှင်းကဲ့သို့ ဖြူဖွေးသော ဆံနွယ်များကို ပခုံးပေါ်သို့ ချထားသည့် ချန်တောက်ယန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရှေ့မှ ဦးဆောင်လမ်းလျှောက်နေသည်။ ချန်ကျီရှင်းကမူ အနောက်မှ လိမ္မာယဉ်ကျေးစွာ လိုက်ပါလာခဲ့၏။
"ကျီရှင်း... အဘိုး မင်းကို အရင်ဆုံး တစ်ခုမေးပါရစေ။ နောင်တစ်ချိန်မှာ ဇီဝေချန်မိသားစုကို မင်း တာဝန်ယူမှာလား"
ချန်တောက်ယန်က မေးလိုက်သည်။
"တာဝန်ယူမှာပါ"
ချန်ကျီရှင်းက ခေါင်းညိတ်၍ ဖြေလိုက်သည်။
ဤမေးခွန်းကို ချန်တောက်ယန်က ယခင်က တစ်ကြိမ် မေးခဲ့ဖူးသည်။ ထိုစဉ်က ချန်ကျီရှင်း၏ ရင်ထဲတွင် အဖြေမရှိခဲ့ပေ။ သို့သော် ဤဖြစ်ရပ်အားလုံးကို ကြုံတွေ့ပြီးနောက် ယခုအခါတွင်မူ သူ၌ အဖြေရှိနေပြီဖြစ်သည်။
တကယ်တော့ ဒီကမ္ဘာမှာ မိသားစုတစ်ခုက ပေးတဲ့ အခွင့်အရေးနဲ့ အဆင်ပြေမှုတွေကိုပဲ ယူပြီး အဲဒီမိသားစုအတွက် တာဝန်ယူရမှာကို ငြင်းချင်တဲ့သူ ဘယ်မှာ ရှိမှာလဲ။
ဒါတင်မကသေးဘူး...
အရင်ဘဝကရော အခုဘဝမှာပါ ငါ့ကို အမြဲနှိပ်ကွပ်နေခဲ့တာက ချန်ထျန်းရှုံ့ရဲ့ မျိုးနွယ်စုခွဲတစ်ခုတည်းပဲ။
ချန်မိသားစုတစ်ခုလုံးက ငါ့အပေါ် မကောင်းခဲ့တာ မဟုတ်ပါဘူး။
အဲဒီလိုသာ မဟုတ်ရင် အရင်ဘဝက ဇီဝေချန်မိသားစုက ငါ့ကြောင့်နဲ့ ဟိုကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်ရဲ့ လက်ချက်နဲ့ မျိုးတုံးသတ်ဖြတ်ခံရတဲ့အထိ ဖြစ်လာစရာ အကြောင်းမရှိဘူး။