" ကျေးဇူးပြုပြီး ပြိုင်ပွဲရလဒ်ကို ကြေညာပေးပါ "
" မင်းဘာပြောလိုက်တယ် "
ကျိုးဘူတန် သူနားကြားမှားသွားသလားအထင်ဖြင့် ရဲ့ဟိုင်ကို သေချာစိုက်ကြည့်ကာ မေးလိုက်သည်။
" ဖေးလီဆိုတဲ့ ကောင်က သူ့ဘာသာသူ ပြိုင်ပွဲစင်မြင့်ပေါ်က ဆင်းသွားတယ်လေ .. အဲ့တာက ငါအနိုင်ရတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား "
ရဲ့ဟိုင် ကျိုးဘူတန်ကိုကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
တစ်ဖက်တွင် ကျိုးဘူတန်မှာ ပါးစပ်ကိုဖွင့်လိုက်သော်လည်း ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။
" မင်းက သောက်ရူးလား .. "
ဖန်ယီပင်း ရဲ့ဟိုင်ကိုဓားဖြင့်ညွှန်ကာ ပြောလိုက်၏။
" မင်းခုနက ဘယ်သူ့ကို အရူးလို့ပြောလိုက်တာလဲ "
ရဲ့ဟိုင် ဖန်ယီပင်းကို ပြန်ကြည့်ကာ မေးလိုက်လေသည်။
" ငါပြောတာက မင်း .. "
ဖန်ယီပင်း စကားမဆုံးခင် ရဲ့ဟိုင်က သူ၏ရှေ့၌ ဖျတ်ခနဲပေါ်လာလျှင် မျက်လုံးပြူးသွား၏။ နီးကပ်နေခြင်းဖြစ်သောကြောင့် ဓားဖြင့်ခုတ်ပိုင်းရန် မဖြစ်နိုင်သဖြင့် ချက်ချင်းပင် လွတ်နေသောလက်ဖြင့် ရဲ့ဟိုင်၏နှလုံးရှိရာနေရာသို့ ထိုးချလိုက်သည်။
သို့သော် ဖတ်ခနဲမြည်သံနှင့်အတူ သူ၏လက်သီးက ရဲ့ဟိုင်၏လက်ဝါးဖြင့် အလွယ်တကူ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။
ထို့နောက် ဖန်ယီပင်း၏မျက်နှာက ချက်ချင်းပင် လူသေကောင်ကဲ့သို့ ဖြူဖျော့သွားသည်။
ထိုကောင်၏လက်ထဲတွင် သူ၏လက်သီးမှာ ကြိတ်ဆုံကြီးထဲထည့်ကာ ကြိတ်ခံလိုက်ရသကဲ့သို့ အရိုးများအားလုံး တဂျွတ်ဂျွတ်ဖြင့် ကျိုးကြေသွားလေ၏။
" အ ... "
ဖန်ယီပင်း နာကျင်စွာဖြင့် အော်ဟစ်ရန် ကြံရွယ်သည့် အချိန်မှာပင် ရဲ့ဟိုင်က သူ၏ဒူးကို ဖြတ်ကန်လိုက်သည်။
" ခရက် "
အရိုးကျိုးသံနှင့်အတူ ဖန်ယီပင်း ရဲ့ဟိုင်အရှေ့တွင် ဒူးတစ်ဖက်ထောက်ကျသွား၏။
ထိုမြင်ကွင်းက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
ကျောက်စိမ်းအင်မော်တယ် အဆင့် ( 28 ) ကို ရောက်ရှိနေပြီဖြစ်သော ဖန်ယီပင်းက ရဲ့ဟိုင်အရှေ့တွင် ဤမျှအလွန်အားနည်းနေမည်ဟု လုံးဝမမျှော်လင့်ထားပေ။
ကျိုးခေ့ခေ့ကလဲ ထိုမြင်ကွင်းကိုကြည့်ပြီး မျက်လုံးကပို၍ပင် ပြူးကျယ်လာ၏။
နောက်ဆုံးတော့ရဲ့ဟိုင် သူမ ထိုလူများအကြောင်းကို ပြောသည့်အချိန်တွင် ဘာကြောင့်ဂရုမစိုက်လဲဆိုတာ နားလည်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ရဲ့ဟိုင်၏ကျင့်ကြံအဆင့်က အနည်းဆုံး ကျောက်စိမ်းအင်မော်တယ် အဆင့် ( 30 ) တွင် ရှိပေမည်။
ထိုခွန်အားဖြင့်ဆိုလျှင် သူ့ကိုဤပြိုင်ပွဲ၌ မည်သူက အလွယ်တကူ အနိုင်ယူနိုင်မည်နည်း။
ထိုအချိန်တွင် ရဲ့ဟိုင်က ဖန်ယီပင်း၏ ဆံပင်ကိုဆွဲကာ မျက်နှာကိုမော့စေလိုက်ပြီး...
" မင်းခုနက ဘယ်သူ့ကိုအရူးလို့ပြောတာလဲ "
ဖန်ယီပင်း ရဲ့ဟိုင်ကို ထိတ်လန့်တကြားဖြင့်ကြည့်ကာ...
" မင်း .. မင်း .. ဘယ်သူလဲ "
" ငါမေးတာပဲဖြေ မင်းခုနက ဘယ်သူ့ကိုအရူးလို့ပြောတာလဲ "
စကားဆုံးသည်နှင့် ရဲ့ဟိုင်မှာ ဖန်ယီပင်း၏ ဆံပင်များကို ဆောင့်ဆွဲလိုက်လျှင် ဦးရေပြားတစ်လွှာက သူ၏လက်ထဲ၌ ပါလာ၏။
ချက်ချင်းပင် ဖန်ယီပင်း၏ဦးခေါင်းက ပြောင်ရှင်းသွားပြီး သွေးများက မျက်နှာအထိပါ စီးကျလာတော့သည်။
" မင်း ... "
ဖန်ယီပင်း ဒေါသတကြီးဖြင့် ရဲ့ဟိုင်ကို ကြည့်လိုက်သော်လည်း ချက်ချင်းပင် မျက်နှာက ပြန်၍ ဖြူဖျော့သွား၏။
" ငါမေးတာကို မပြောသေးဘူးလား "
ချက်ချင်းပင် ရဲ့ဟိုင်၏ လက်တစ်ဖက်က ဓားချီအရှိန်အဝါနှင့်အတူ ဖန်ယီပင်း၏ ပုခုံးပေါ်သို့ ရောက်ရှိလာသည်။
" နေပါဦး ပြောမယ် .. ငါပြောမယ် ငါမင်းကိုပြောမယ် "
ဖန်ယီပင်း သူသာတစ်ခဏမျှ တုံ့ဆိုင်းနေမည်ဆိုလျှင် ထိုလူ၏ လက်မှဓားချီက မိမိပုခုံးကို ဖြတ်သွားမည်ဆိုတာကို လုံးဝအသေအချာ သိနေ၏။
" ငါကအရူးပါ .. ငါ့ကိုယ်ငါအရူးလို့ ပြောနေတာပါ .. ဘယ်သူ့အကြောင်းမှ ပြောနေတာမဟုတ်ပါဘူး "
" အစောကြီးတည်းက ဒီလိုပြောလိုက်ရင် အသားမနာတော့ဘူးမလား "
ရဲ့ဟိုင်ပြုံးကာ ဖန်ယီပင်းကို လွှတ်ပေးလိုက်သည်။ ထို့နောက် ပြိုင်ပွဲဝင်များဘက်သို့ လှည့်ကြည့်လိုက်ပြီး...
" ငါ့ကိုစိန်ခေါ်ချင်တဲ့သူတိုင်း စင်ပေါ်ကိုတက်လာခဲ့ .. အကုန်လုံးအတူတူ တက်လာရင်တောင်မှ ငါ့အတွက်ဘာပြဿနာမှမရှိဘူး "
ကျန်ပြိုင်ပွဲဝင်များအကုန်လုံးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မည်သူမှရှေ့ကို လှမ်းတက်ရဲကြခြင်းမရှိချေ။
သို့သော် ၎င်းထဲတွင် ကျိုးဝူမင်၏ဘေးနားတွင် ရပ်နေသောလူငယ်ကတော့ မပါဝင်ဘူးဖြစ်၏။
ထိုလူငယ် ရဲ့ဟိုင်ကို စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။
" သူ့ကို အနိုင်ယူနိုင်လား "
ကျိုးဝူမင် သူ၏ဘေးနားမှ လူငယ်ကိုလှည့်ကာ အလေးအနက် အမူအရာဖြင့် မေးလိုက်၏။
" သိပ်မသေချာဘူး "
" မင်းတောင်မှ သိပ်မသေချာဘူးဟုတ်လား "
ကျိုးဝူမင် အလန့်တကြားဖြင့် မေးလိုက်သည်။ အခြားလူများမသိသော်လည်း ကျိုးဝူမင်က ဤလူမှာ မည်သူလဲဆိုတာကို သူကောင်းကောင်းသိလေ၏။
" ကောင်းပြီ ဒီအတိုင်းတွေးနေတာထက် .. ကြိုးစားကြည့်လိုက်ရင် အဖြေကို သေချာသိရတာပေါ့ "
လူငယ်က ထိုသို့ပြောပြီးသည်နှင့် ခန္ဓာကိုယ်က တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။
ထိုလူငယ် ပျောက်ကွယ်သွားသည့်အချိန်တွင် ရဲ့ဟိုင်ကလဲ တစ်စုံတစ်ခုကို ခံစားမိလိုက်ကာ ပြုံး၍ နောက်ကျောဆီသို့ လက်သီးတစ်ချက်ကို ပစ်ထိုးလိုက်၏။
တစ်ချိန်တည်းမှာပင် ရဲ့ဟိုင်၏လက်ဆီသို့လဲ နောက်ထပ်လက်သီးတစ်လုံးက ပြန်လည်၍ ထိပ်တိုက်တွေ့ဆုံလာသည်။
လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အချိန်တွင် အုန်းခနဲပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လူငယ်တစ်ယောက် အင့်ခနဲညည်းညူကာ အနောက်သို့ ပြန်ဆုတ်သွားရ၏။
သူ ရဲ့ဟိုင်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ကာ...
" မင်းလိုပါရမီရှင်တစ်ယောက်က ရန်ချီနယ်မြေထဲမှာ ဘယ်တုန်းကပေါ်လာတာတုန်း "
" ငါ့လိုလူတစ်ယောက်က ရန်ချီနယ်မြေထဲမှာ ဘယ်တုန်းကပေါ်လာလဲဆိုတာ အရေးမကြီးဘူး၊ အရေးကြီးတာက မင်းဘာလို့ မျက်နှာအစစ်အမှန်နဲ့ မတိုက်ခိုက်လဲ ဆိုတာကိုပဲ၊ ဘာလဲ ငါ့ကိုအထင်သေးတာလား "
စကားဆုံးသည်နှင့် ရဲ့ဟိုင်က လျှပ်စီးလက်သလို လူငယ်ဆီသို့ ပြေးဝင်သွားသည်။
ရဲ့ဟိုင်၏အရှိန်မှာ အလွန်ပင် မြန်ဆန်လွန်းသောကြောင့် ၎င်းလူငယ်လေးက အရိပ်ကိုသာ မြင်လိုက်ရလေ၏။
သို့သော်လည်း သူ၏သန်မာသော တိုက်ခိုက်ရေးဗီဇအရ လူငယ်လေးသည် ရဲ့ဟိုင်၏ တိုက်ခိုက်မှုများအားလုံးကို အလျင်အမြန် ပိတ်ဆို့နိုင်ခဲ့သည်။
သို့သော်လည်း လူချင်းပြန်ကွဲကွာသွားသည့်အချိန်တွင် ၎င်းလူငယ်မှာ ရဲ့ဟိုင်ကို မျက်လုံးပြူးကာ ထိတ်လန့်တကြား ကြည့်နေ၏။
ရဲ့ဟိုင်၏ လက်ထဲတွင် လူ့အရေပြား မျက်နှာဖုံးတစ်ခု ရှိနေလေသည်။
" မိန်းကလေးလား ... "
" ကျိုးဝူမင်က မိန်းကလေးတစ်ယောက်ကို ဖိတ်ကြားခဲ့တာပေါ့ "
" နေပါဦး အဲ့ဒီကောင်မလေးကို ငါဘာလို့ ရင်းနှီးနေရတာလဲ "
" အိုး နတ်ဘုရားတွေ ဒါက လုရန်ရန်မလား ..ရှန်ကျင်းဂိုဏ်းက နံပါတ်တစ်ပါရမီရှင် "
" အထူးသဖြင့် လုရန်ရန်ရဲ့ ကျင့်ကြံအဆင့်က ကျောက်စိမ်းအင်မော်တယ် အဆင့် ( 32 ) ကို ရောက်နေပြီလေ "
" လုရန်ရန်တောင်မှ ရဲ့ဟိုင်ကိုမယှဥ်နိုင်ဘူးလား ဒါကမယုံကြည်နိုင်စရာပဲ "
လုရန်ရန်သည် ရန်ချီနယ်မြေ၏ လူငယ်မျိုးဆက်သစ် ပါရမီရှင်များထဲတွင် အသန်မာဆုံးဖြစ်သည်ဆိုတာကို လူတိုင်းသိကြ၏။
တစ်ဖက်တွင် ရဲ့ဟိုင်က သူ့ရှေ့တွင် ပြောင်းလဲသွားသော လူငယ်လေးကို အံ့အားသင့်စွာ ကြည့်နေသည်။
သူက မျက်နှာဖုံးကို ဆွဲခွာလိုက်ချိန်တွင် တစ်ဖက်လူ၏ ဆံပင်ရှည်များက ပျံဝဲကာကျလာပြီး စိန်ကဲ့သို့ တလက်လက် တောက်ပနေသောမျက်လုံး၊ စင်ယော်တောင်မျက်ခုံး၊ ဖြောင့်စင်းသွယ်လျနေသောနှာတံနှင့် မက်မွန်သီးအရောင်လိုရဲနေသော ပါးလေးများက ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာ၏။
ဤမြင်ကွင်းကိုကြည့်ပြီး စကားတစ်ခွန်းသာ ပြောနိုင်သည်။
" သဘာဝမှ ထုဆစ်ပေးထားသော လောက၏ ပန်းချီကားတစ်ချပ်အလား အလှတစ်ခု .. "
***