" ငါ့ကိုပြန်ပေး "
လုရန်ရန်၏ စိန်ရောင်တဖျတ်ဖျတ်လက်နေသော မျက်လုံးများက ရဲ့ဟိုင်ကိုစိုက်ကြည့်ပြီး ပြောလိုက်၏။
" မင်းက ဒီလောက်လှတာကို ဘာလို့ယောကျ်ားလို ဝတ်နေဦးမှာလဲ "
ရဲ့ဟိုင် လူအရေပြား မျက်နှာဖုံးကို သိမ်းဆည်းလိုက်ပြီး ပြန်ပြောလိုက်သည်။
" ဟမ့် နင့်ကြောင့်သာမဟုတ်ရင် ငါကဒီလိုဝတ်စရာ လိုဦးမှာလား "
လုရန်ရန် ထိုသို့ပြောလာလျှင် ရဲ့ဟိုင်၏မျက်နှာ၌ ထူးဆန်းမှုများ ဖြစ်ပေါ်လာ၏။
ကျန်သူများအကုန်လုံးကလဲ လုရန်ရန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
" ငါမင်းကို လုံးဝမသိတာသေချာတယ် .. ဟုတ်တယ်မလား "
ရဲ့ဟိုင် လုရန်ရန် ကိုကြည့်ကာ မေးလိုက်၏။ ထိုမိန်းမလှလေးကို သူပထမဆုံးတွေ့ဖူးတာ အသေချာပင်။
" နင်ငါ့ကို မသိဘူးဆိုပေမဲ့ စီဖူကိုတော့ သိတယ်မဟုတ်လား "
" မသိဘူး "
ရဲ့ဟိုင် ခေါင်းကိုခါယမ်းလိုက်၏။ တကယ်လဲ စီဖူဆိုသည့်ကောင်က ဘယ်သူလဲ သူလုံးဝမသိချေ။
" နင်ကသူ့ကို မသိဘူးလို့ ပြောရဲတယ်ပေါ့ "
လုရန်ရန် ဒေါသတကြီးဖြင့်...
" နင်လွန်ခဲ့တဲ့တစ်လက မီးလျှံတောင်တန်းပေါ်မှာ ငါတို့ရှန်ကျင်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့်တစ်ယောက်ကို သတ်ခဲ့တာ ဒီလောက်မြန်မြန်ဆန်ဆန်ပဲ မေ့သွားပြီလား "
လုရန်ရန် မီးလျှံတောင်တန်းအကြောင်း ပြောလာသည့်အခါကျမှ ရဲ့ဟိုင် ရုတ်တရက် ထိုနေရာတွင် သူသတ်ခဲ့သောကောင်ကို သတိရသွားသည်။
" အဲ့တာဆိုရင် မင်းကစောစောတည်းက ရှင်းရှင်းလင်းလင်း ပြောပြပါလား .. အဲ့ဒီကောင်နာမည်က စီဖူဆိုတာကို ငါကဘယ်လိုလုပ်သိမှာလဲ "
" ဒါဆိုရင် နင်လူသတ်ခဲ့တယ်ဆိုတာကို ဝန်ခံတယ်ပေါ့ "
" ဟုတ်တယ် "
ရဲ့ဟိုင် တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်လိုက်၏။
" အဲ့တာဆို နင်ငါနဲ့ လိုက်ခဲ့ရမယ် "
" ဘယ်ကိုလဲ "
" ရှန်ကျင်းဂိုဏ်း "
ရဲ့ဟိုင်၏ မျက်လုံးက မှေးစဥ်းသွားပြီး...
" ဘာလဲ ငါ့ကို နင်တို့ဂိုဏ်းမှာ စီရင်ချက်ချဖို့လား "
" နင်က ငါတို့ရှန်ကျင်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့်တစ်ယောက်ကို သတ်ခဲ့တာလေ နင့်အနေနဲ့ဒါကို ရှင်းပြသင့်တာပဲမဟုတ်ဘူးလား "
လုရန်ရန်သည် ရဲ့ဟိုင်၏ အချိုးမပြေသော အမူအရာကိုကြည့်ပြီး တော်တော်လေးပင် အမြင်ကပ်လာသည်။
မီးလျှံတောင်တန်းတွင် စီဖူသေဆုံးခဲ့သည့်သတင်းက ရှန်ကျင်းဂိုဏ်းကို တော်တော်လေး ဒေါသထွက်စေခဲ့၏။
သို့သော်လည်း စီဖူသည် လူငယ်မျိုးဆက်သစ်တစ်ယောက်၏လက်ထဲတွင် ကျဆုံးသွားခြင်းဖြစ်သည်ဟု ဂိုဏ်းကယူဆပြီး သန်မာသော မျိုးဆက်သစ်ပါရမီရှင်တစ်ဦးကို စေလွှတ်ရန်အတွက် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် စီဖူနှင့် အဆက်အသွယ်ရှိခဲ့သော လုရန်ရန်က စေတနာ့ဝန်ထမ်း ဝင်လုပ်ခဲ့ခြင်းပင်။ သို့သော်လည်း လုရန်ရန်သည် လူအများ၏အာရုံစိုက်မှုကို မခံလိုသဖြင့် ယောကျ်ားလေးအသွင်သဏ္ဌာန် လူ့အရေပြားမျက်နှာဖုံးကို ဝတ်ဆင်ခဲ့ခြင်းဖြစ်၏။
တကယ်တော့ မီးလျှံတောင်တန်းသို့ ရောက်ရှိလာသည့် ရှန်ကျင်းဂိုဏ်းမှ ယီရှောင်းနှင့် လျူရှန်တို့အပြင် လုရန်ရန်ကပါ တိတ်တဆိတ်ပါလာခဲ့သည်။
ထို့နောက်သူတို့က မီးလျှံတောင်တန်းတွင် မှော်ဆေးပညာရှင် ရှီစင်းယုနှင့် တွေ့ဆုံပြီး ကျိုးမိသားစုသို့ အတူတကွ ရောက်လာကြခြင်းပင်။
ကျိုးမိသားစုရောက်သောအခါ မိသားစုပြိုင်ပွဲက ပြုလုပ်နေပြီး ရဲ့ဟိုင်ကလဲ ၎င်းပြိုင်ပွဲဝင်တစ်ဦး ဖြစ်သည်ဆိုတာကို သိလိုက်လျှင် သူတို့က ကျိုးမိသားစုဆီ ချဥ်းကပ်ကာ ပြိုင်ပွဲတွင် ကျိုးဝူမင်၏ အကူအဖြစ် လုရန်ရန်က ဝင်ရောက်ရန်ပြောခဲ့၏။
၎င်းကို ကျိုးဝူမင်ကလဲ ငြင်းဆန်ခြင်းမရှိပေ။
ယီရှောင်းသည် တစ်ဖက်လူ၏ခွန်အားနှင့် မည်ကဲ့သို့ နောက်ခံ ရှိသည်ဆိုတာကို စုံစမ်းလိုသောကြောင့် ဤကဲ့သို့ စမ်းသပ်ရန်အတွက် လုရန်ရန်ကို ရင်ဆိုင်စေခဲ့ခြင်းဖြစ်သည်။
ယခုတော့ ရဲ့ဟိုင်၏ခွန်အားက လုရန်ရန်ထက်ပင် သာလွန်နေသည်ကို တွေ့လိုက်သောအခါ အလွန်အံ့အားသင့်သွားခဲ့ရ၏။
" အဟက် .. မင်းတို့ရှန်ကျင်းဂိုဏ်းကိုယ်တိုင်က ငါ့ကိုရှင်းပြချက်ပေးရမှာ မဟုတ်ဘူးလား "
ရဲ့ဟိုင် ရယ်မောကာ ပြောလာလျှင် လုရန်ရန် မျက်မှောင်ကြုတ်သွား၏။
" နင် ဘာကိုဆိုလိုချင်တာလဲ "
နတ်သမီးလိုလှပသည့် အဆင့်ရှိသော မိန်းကလေးများက သူတို့၏ဂုဏ်ပုဒ်နှင့် တကယ်ကိုထိုက်တန်သည်။ မျက်မှောင်ကြုတ်လိုက်တာတောင်မှ အလွန်အမင်းကို စွဲဆောင်မှုရှိနေဆဲပင်။
" အဲ့ဒီအရူးကောင် စီဖူဆိုတဲ့ကောင်က ငါ့ကို မီးလျှံတောင်တန်းမှာ လုယက်သတ်ဖြတ်ဖို့အထိ ကြိုးစားခဲ့ရုံမကဘဲ၊ ငါ့ရဲ့အဖော်မိန်းကလေးကိုလည်း မုဒိန်းကျင့်ဖို့အတွက် ကြိုးစားခဲ့တယ် "
ရဲ့ဟိုင်ထိုသို့ပြောပြီးသည်နှင့် လုရန်ရန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး...
" မင်းတို့ရှန်ကျင်းဂိုဏ်းသာ ဒီကိစ္စကို သေချာရှင်းပြချက် မပေးဘူးဆိုရင် ငါရှန်ကျင်းဂိုဏ်းကို လုံးဝအလွတ်မပေးဘူး "
" ကောင်လေး မင်းဘာပြောနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်နားလည်လား "
ထိုအချိန်တွင် ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ရှန်ကျင်းဂိုဏ်း၏ တရားစီရင်ရေးခန်းမမှ လက်ထောက်ခေါင်းဆောင် ယီရှောင်းက လေထုထဲတွင် ထွက်ပေါ်လာ၏။
" ငါပြောတဲ့စကားကို မင်းသေချာကြားလိုက်မယ်ထင်တယ် "
ရဲ့ဟိုင် ယီရှောင်းကို စိုက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်...
" ဘာလဲ မင်းတို့က ခွန်အားကြီးတာနဲ့ပဲ ငါ့ကိုအနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား "
" မင်း "
တစ်ဖက်တွင် ယီရှောင်းသည် ဒေါသများနှင့်အတူ ရဲ့ဟိုင်ကိုတိုက်ရိုက် တစ်ခါတည်း တိုက်ခိုက်လိုက်ချင်လေသည်။ သို့သော် သူ့အနေဖြင့် ထိုသို့အလောတကြီး ပြုလုပ်ရဲခြင်းမရှိပေ။
အနည်းဆုံးတော့ ထိုကောင်၏ကျင့်ကြံအဆင့်က ကျောက်စိမ်းအင်မော်တယ် အဆင့် ( 32 ) သို့ ရောက်ရှိနေမည်မှာ ကျိန်းသေ၏။ မဟုတ်ပါက လုရန်ရန်၏ မျက်နှာမှ မျက်နှာဖုံးကို ဖယ်ရှားသွားနိုင်မည်မဟုတ်ချေ။
ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်က မည်ကဲ့သို့ ရိုးရှင်းမည်နည်း။
ယီရှောင်းသည် ရဲ့ဟိုင်၏နောက်ကွယ်တွင် အင်အားကြီးနောက်ခံ မရှိဘူးဆိုတာကို လုံးဝယုံမည်မဟုတ်ပေ။
တကယ်လို့ ရဲ့ဟိုင်ကိုသာ သူလက်ရှိ တိုက်ခိုက်လိုက်လျှင် ဂိုဏ်းကြီးနှစ်ခုကြား တိုက်ရိုက်စစ်ပွဲပင် ဖြစ်ပွားနိုင်သည်။
ထိုအချိန်တွင် ရဲ့ဟိုင်သည် ယီရှောင်း၏ ဘေးနားတွင် ရပ်နေသော လျူရှန်ကိုကြည့်လိုက်ကာ...
" လျူရှန် မင်းက မင်းလူတွေကို တကယ်ဒီခေါ်လာရဲတဲ့ သတ္တိ ရှိသေးတယ်ပေါ့ "
" ဝမ်းကွဲအစ်ကို နင်ကဘယ်လိုလုပ် အဲ့လောက်တောင်မှ အရှက်မဲ့ရတာလဲ "
ကျိုးခေ့ခေ့ကလဲ လျူရှန်ကိုကြည့်ကာ ဒေါသတကြီးဖြင့် ...
" ရဲ့ဟိုင်က နင့်ကို ဘာစော်ကားထားထာမှမရှိဘူး .. ဒါတောင်မှနင်က ဂိုဏ်းကပါရမီရှင်တစ်ယောက်ရဲ့ ဓားကို ငှားပြီးတော့ သူ့ကိုသတ်ဖြတ်ခိုင်းခဲ့တယ်၊ လူသတ်လုယက်ရုံပဲဆိုရင် တော်သေး .. ဒါပေမဲ့နင်က ညီမဖြစ်တဲ့ ငါ့ကိုပါ အရှက်ရစေဖို့အတွက် တစ်ဖက်လူရဲ့ လက်ထဲကို ထိုးပေးခဲ့တယ် .. ဘယ်လောက်တောင် ယုတ်မာလိုက်လဲ "
တစ်ဖက်တွင် ၎င်းစကားကိုနားထောင်ပြီး လုရန်ရန်၏ မျက်လုံးက ကျဥ်းမြောင်းသွားသည်။
သူမ လျူရှန်ကို စိုက်ကြည့်လိုက်ကာ...
" ဒါကနင့်ရဲ့ ဝမ်းကွဲလား "
လျူရှန်မှာ တုံ့ဆိုင်းနေပြီး ဘာစကားတစ်ခွန်းမှ မပြောရဲချေ။
" သူမက နင့်ရဲ့ ဝမ်းကွဲလား "
လုရန်ရန်၏ လေသံက မာထန်လာလျှင် လျူရှန် ခေါင်းညိတ်လိုက်၏။
" ဟုတ်ပါတယ် "
" ဒါဆို သူပြောတာအမှန်ပဲလား "
" မဟုတ်ဘူး .. မဟုတ်ဘူး .. အဲ့တာက လုံးဝမမှန်ဘူး "
လျူရှန် အလျင်စလို ငြင်းလိုက်သည်။
ဤအရာကို သူမည်ကဲ့သို့ ဝန်ခံနိုင်မည်နည်း။
" ဒါဆိုရင်နင်က စီဖူကို ဘာလို့ မီးလျှံတောင်တန်းကို ခေါ်သွားလဲဆိုတာ ငါ့ကိုပြောပြနိုင်မလား "
လုရန်ရန်၏ အသံမှာ တဖြည်းဖြည်းပို၍ အေးစက်လာပြီး...
" နင်က စီဖူကို မီးလျှံတောင်တန်းဆီ ခေါ်သွားတာကိုငါသိတယ်၊ ပြီးတော့ ရဲ့ဟိုင်ကလဲ အကြောင်းပြချက်မရှိဘဲနဲ့ စီဖူကို ဒီအတိုင်းသတ်ပစ်မှာမဟုတ်ဘူး၊ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ငါ့ကိုသေချာပြော "
***