ထိုကဲ့သို့ ဆက်တိုက်မေးခွန်းများကို ရင်ဆိုင်ရသည့်အချိန်တွင် လျူရှန်၏ မျက်နှာက ပို၍ဖြူဖျော့သထက် ဖြူဖျော့လာ၏။
ထိုအချိန်တွင် ရုတ်တရက် သူ၏မျက်လုံးက ကြည်လင်ပြတ်သားမှုများ မရှိတော့ဘဲ မှိန်ဖျော့ကာ တွေဝေသွားလေသည်။
ထို့နောက် သူ၏ပါးစပ်မှ ဒေါသတကြီး အော်ဟစ်သံက ထွက်ပေါ်လာ၏။
" ရဲ့ဟိုင်က မိသားစုရှေ့မှာ ငါ့ကိုအရှက်ခွဲလိုက်တော့ ငါဝမ်းကွဲညီမကို ဘယ်တော့မှ မရနိုင်တော့မှန်း သိလိုက်တယ်လေ၊ အဲ့တာကြောင့် ငါမရမယ့် အတူတူ ရဲ့ဟိုင်လဲမရအောင်လို့ သူတို့နှစ်ယောက်လုံးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာ "
ထိုစကားပြောနေရင်း လျူရှန်၏မျက်လုံးက တဖြည်းဖြည်း နီရဲလာကာ ...
" ဟုတ်တယ် .. သူတို့ နှစ်ယောက်ကို ဖျက်ဆီးမယ့် အစီအစဥ်အတွက် စီဖူကို ငါက အငှားဓားတစ်ချောင်းအဖြစ် အသုံးပြုခဲ့တာပဲ၊ ဒါပေမဲ့ အဲ့ဒီအမှိုက်ကောင် စီဖူက ရဲ့ဟိုင်နဲ့ မယှဥ်နိုင်ဘူးလို့ ဘယ်သူက တွေးထားမှာလဲ "
လျူရှန် ပြောနေသည့်စကားများကို နားထောင်ရင်း လုရန်ရန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော ဆန္ဒများက တစ်စတစ်စ သိပ်သည်းစွာ ဖြစ်ပေါ်လာ၏။
ထိုသတ်ဖြတ်လိုသောစိတ်ဆန္ဒကြောင့် အနားတွင်ရှိနေသော လျူရှန်ကလဲ တွေဝေမိန်းမောနေရာမှ လန့်နိုးလာလေသည်။
သူလန့်နိုးလာသည်နှင့် ထိတ်လန့်တကြား မေးလိုက်၏။
" ငါ .. ငါ .. ငါခုနက ဘာပြောလိုက်တာလဲ "
" မင်းပြောသင့်တာအကုန်လုံးကိုတော့ သေချာပြောသွားခဲ့တယ် "
ရဲ့ဟိုင် တည်တည်ငြိမ်ငြိမ်ပင် ဝင်ပြောလိုက်သည်။
ထိုအချိန်တွင် လျူရှန်က သူယခုနက ဘာစကားများ ပြောခဲ့သည်ဆိုတာကို စိတ်ထဲတွင် တရိပ်ရိပ်ဖြင့် ပြန်လည်၍ မှတ်မိလာ၏။ ထိုသို့မှတ်မိလာသည်နှင့် မျက်နှာကပို၍ ဖြူဖျော့သွားပြီး တစ်ကိုယ်လုံးက တဆတ်ဆတ် တုန်ယင်လာတော့သည်။
ထို့နောက် သူ ရဲ့ဟိုင်အား ဒေါသတကြီး စိုက်ကြည့်လိုက်ကာ...
" အဲ့တာတွေအားလုံး မင်းကြောင့်ပဲ .. သေလိုက်စမ်း "
လျူရှန်သည် ယခုအချိန်တွင် သူ၏စိတ်ဆန္ဒက ပြိုကွဲလုနီးပါး ဖြစ်သွားချေပြီ။ အကုန်လုံးကို ဖွင့်ပြောပြီးသွားပြီဖြစ်သဖြင့် ဂိုဏ်းကသူ့ကို လုံးဝ အသက်ရှင်လျှက် လွှတ်ပေးတော့မည်မဟုတ်ချေ။
ထို့ကြောင့် သေမည့်အတူတူ သူအမုန်းဆုံးရဲ့ဟိုင်ကိုပါ အပေါ်ခေါ်သွားရန် စဥ်းစားခြင်းဖြစ်၏။
လျူရှန်၏လက်ထဲတွင် ဓားတစ်ချောင်းထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှ စွမ်းအားအကုန်လုံး လောင်ကျွမ်းကာ ဓားထဲသို့ စီးဝင်သွားသည်။ ထို့နောက် ၎င်းဓားက ရဲ့ဟိုင်၏နှလုံးတည့်တည့်ရှိရာသို့ တိုက်ရိုက်ပင် တိုးဝင်သွား၏။
လက်ရှိအချိန်တွင် လျူရှန်သည် ဤတိုက်ခိုက်မှုမှာ သူ၏တစ်ဘဝလုံးတွင် အသန်မာဆုံး တိုက်ခိုက်မှုဆိုတာကို ကောင်းကောင်းခံစားနေရသည်။ သူ၏ဓားက ရဲ့ဟိုင်၏ နှလုံးသားနှင့် နီးကပ်သွားသည်နှင့်အမျှ မျက်လုံးနှစ်လုံးကလဲ သွေးရောင်များဖြင့် ပြည့်နှက်နေပြီဖြစ်၏။
သို့သော် လျူရှန် မမျှော်လင့်ထားသည့်အရာမှာ ရဲ့ဟိုင်နှင့် ( 10 ) မီတာအကွာသို့ ရောက်ရှိသည့်အချိန်တွင် ဓားက မမြင်နိုင်သော စွမ်းအားတစ်ခုကြောင့် ရပ်တန့်သွားခဲ့သည်။
ရပ်တန့်သွားခဲ့သည် ဆိုတာထက် လုံးဝအရှေ့သို့ ဆက်မတိုးနိုင်တော့ခြင်းဖြစ်၏။
" မဟုတ်ဘူး .. ဘာလို့လဲ "
လျူရှန် စိတ်ပျက်အားငယ် မုန်းတီးမှုများဖြင့် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏နောက်ဆုံးကြိုးစားမှုကလဲ ဤကဲ့သို့ အရာမထင် ဖြစ်သွားမည်ဟု မမျှော်လင့်ထားချေ။
" လျူရှန် မင်းရဲ့သိုလှောင်အိတ်ထဲမှာရှိတဲ့ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို အသုံးပြုလိုက် "
ထိုအချိန်တွင် လျူရှန်၏နားထဲ၌ အေးစက်စက်အသံတစ်ခုက ပဲ့တင်ထပ်၍ ဝင်ရောက်လာ၏။
" ဘာ .. ငါ့ရဲ့သိုလှောင်အိတ်ထဲမှာ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲ ရှိတယ်ဆိုတာကို မင်းကဘယ်လိုလုပ်သိတာလဲ "
လျူရှန် အံ့အားသင့်သွားပြီး အသံပို့လွှတ်ကာ ပြန်မေးလိုက်သည်။
" ဟမ့် မင်းကိုယ်မင်း တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို မတော်တဆ ကောက်ယူနိုင်လောက်တဲ့အထိ ကံကောင်းတယ်လို့ ထင်နေတာလား၊ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲဆိုတာက အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတွေကိုတောင်မှ သတ်ဖြတ်နိုင်တဲ့ ရတနာပဲ "
အေးစက်သောအသံက ထပ်မံ၍ ထွက်ပေါ်လာ၏။
" ဒါဆိုရင် အဲ့ဒီမိုးကြိုးပုလဲကို ငါသွားမဲ့ လမ်းမှာ ရည်ရွယ်ချက်ရှိရှိ ထားခဲ့တာပေါ့ "
လျူရှန် ပြန်မေးလိုက်သည်။
" ငါမင်းနဲ့ စကားတွေအများကြီးပြောပြီး အချိန်မဖြုန်းချင်ဘူး .. မင်းသာ အခုနေ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို ထုတ်သုံးမယ်ဆိုရင် မင်းညီမလျူယုကို ငါအသက်ချမ်းသာပေးမယ် "
" မဟုတ်ဘူး မင်းဘယ်သူလဲ .. မင်းဘာလို့ ငါ့မှာ ညီမရှိနေတာကို သိနေတာလဲ "
လျူရှန်၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွား၏။
" ငါမင်းကိုစဥ်းစားဖို့အတွက် သုံးစက္ကန့်အချိန်ပေးမယ် "
ထိုသို့ပြောပြီးသည်နှင့် အေးစက်နေသော အသံထဲတွင် လူသတ်ငွေ့များ ပါလာပြီး...
" မင်းသာ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို မသုံးဘူးဆိုရင် .. မင်းညီမ မသေခင် ပြည့်တန်ဆာခန်းမဆီ ရောက်ဖို့ပြင်ထားတော့ "
" မဟုတ်ဘူး ငါအခုချက်ချင်းသုံးမယ် "
လျူရှန် အံကြိတ်လိုက်ပြီး သိုလှောင်အိတ်ထဲမှ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ပြတ်ပြတ်သားသားပင် ၎င်းမိုးကြိုးပုလဲအား အသက်သွင်းလိုက်၏။
တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို အသက်သွင်းလိုက်သည်နှင့် ကြောက်စရာကောင်းသော မိုးခြိမ်းသံတစ်ခုက ကောင်းကင်ကို ပျံ့နှံ့သွားလေသည်။
မိုးကြိုးလျှပ်စီးများကလဲ လျူရှန်ကိုဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လာ၏။
ထိုမြင်ကွင်းက ရှိနေသောလူများအားလုံးကို အံ့အားသင့်သွားစေသည်။
" မိုးကြိုးပုလဲ ပြီးတော့ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကြီး "
" ပြေး "
" ချီးပဲ ဒီခွေးကောင် လျူရှန်က ရူးသွားပြီလား "
တစ်ဖက်တွင် ယီရှောင်းကလဲ ၎င်းမြင်ကွင်းကိုကြည့်ပြီး ပါးစပ်ဟောင်းလောင်းဖြစ်နေ၏။
လျူရှန်၏ လက်ထဲတွင် တိမ်လွှာကောင်းကင်မိုးကြိုးပုလဲ ရှိနေမည်ဟု သူလုံးဝမထင်မှတ်ထားပေ။ ထိုအချိန်တွင် ယီရှောင်းက ရဲ့ဟိုင်အနားတွင်ရပ်နေသော လုရန်ရန်ကိုလည်း သတိပြုမိသွားသည်။
" မဟုတ်ဘူး .. ရန်ရန် "
တစ်ဖက်တွင် လုရန်ရန်မှာလဲ ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် အံ့အားသင့်နေ၏။ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲ၏ ပေါက်ကွဲမှုက ဘာလဲဆိုတာကို သူမကောင်းကောင်းသိသည်။ ၎င်းက အင်မော်တယ်သခင်များပင် ကြောက်ရသော ရတနာပစ္စည်းပင်။ သူမမည်ကဲ့သို့ ဤပေါက်ကွဲမှုကနေ လွတ်မြောက်နိုင်မည်နည်း။
သို့သော် ထိုအချိန်တွင် သန်မာသောလက်တစ်ဖက်က သူမ၏ခါးကိုဖက်လိုက်ပြီး လုရန်ရန် အလန့်တကြား အော်ဟစ်သံနှင့်အတူ လေဟာနယ်ထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရလေ၏။
" အုန်း "
လုရန်ရန် လေဟာနယ်ထဲ ဝင်ရောက်သွားသည်နှင့် တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကလဲ စွမ်းအားများက အလုံးစုံ ပေါက်ကွဲထွက်လာသည်။
ထိုကြောက်စရာကောင်းသော ပေါက်ကွဲမှုစွမ်းအင်က ပျံ့နှံ့လာသည့်အချိန်တွင် ကျိုးမိသားစု၏ အစွမ်းထက်သော ကျင့်ကြံသူများက အတားအဆီးအလွှာတစ်ခုကို အလျင်အမြန်ပင် တည်ဆောက်လိုက်ကြ၏။
သူတို့သာမတားဆီးလျှင် ကျိုးမိသားစု၏ တပည့်မည်မျှ သေဆုံးသွားမည်ဆိုတာကို မည်သူမှသိနိုင်မည်မဟုတ်ချေ။
ဤသို့ဖြင့် ပေါက်ကွဲမှုလှိုင်းလုံးကြီးက ထိပ်သီးကျင့်ကြံသူများအားလုံး၏ ဝိုင်းဝန်းတားဆီးမှုအောက်တွင် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဖုန်မှုန့်များပြယ်သွားသောအခါ ယီရှောင်း အလျင်အမြန်ပင် ပေါက်ကွဲမှုဗဟိုချက်နေရာကို ကြည့်လိုက်သည်။
ထိုနေရာတွင် တွင်းပေါက်ကြီးများ ဖြစ်ပေါ်နေပြီး ပတ်ပတ်လည်က ရှုပ်ပွသောအမှိုက်များနှင့် ပြည့်နှက်နေသည်ကလွဲလို့ သက်ရှိအရိပ်ယောင်လေးတောင် မရှိတော့ချေ။
***