ထိုမြင်ကွင်းက ယီရှောင်း၏ စိတ်များကို လေးလံသွားစေသည်။
လုရန်ရန်ဆိုသည်မှာ ရှန်ကျင်းဂိုဏ်းတွင် သူမ၏ ခေတ်တစ်ခေတ်ကို အုပ်စိုးနိုင်သော အကောင်းဆုံးပါရမီရှင် တစ်ယောက်ဖြစ်၏။
ယခုတော့ သူမက မျက်စိရှေ့တွင်ပင် သေဆုံးသွားခဲ့သည်။
ယီရှောင်းသူသာ ဂိုဏ်းသို့ပြန်ရောက်လျှင် ရင်ဆိုင်ရမည့်အပြစ်ဒဏ်ကို စိတ်ကူးယဥ်နိုင်ခြင်းပင်မရှိပေ။
တစ်ဖက်တွင် ကျိုးခေ့ခေ့ကလဲ မြေပြင်ပေါ်သို့ ခွေကျသွား၏။
ရဲ့ဟိုင်က သူမကိုကူညီရန်အတွက် လာခဲ့ခြင်းဖြစ်ပြီး ယခုတော့ သူမ၏ပယောဂမကင်းသောကိစ္စကြောင့် သေဆုံးသွားရချေပြီ။
ရဲ့ဟိုင်၏ခန္ဓာကိုယ် အစအနလေးတောင် မကျန်ခဲ့သော တွင်းပေါက်ကြီးကိုကြည့်ပြီး ကျိုးခေ့ခေ့မှာ နာကျင်မှုများနှင့်အတူ ပါးပေါ်သို့ မျက်ရည်များက သွင်သွင်စီးကျလာလေသည်။
ကျိုးမိသားစုမှလူများ အားလုံးကလည်း ၎င်းအဖြစ်အပျက်ကြောင့် အံ့အားသင့်ပြီး ဆွံ့အနေကြ၏။
ဘာတွေဖြစ်နေသနည်း။
ကျောက်စိမ်းအင်မော်တယ်အဆင့် ( 32 ) တွင်ရှိသော ပါရမီရှင်တစ်ယောက်က တိမ်လွှာကောင်းကင်မိုးကြိုးပုလဲတစ်လုံးဖြင့် လျူရှန်၏ ဖျက်ဆီးမှုကြောင့် သေဆုံးသွားခဲ့သည်လား။
" တိမ်လွှာကောင်းကင်မိုးကြိုးပုလဲ "
ထိုအချိန်တွင် နံပါတ်တစ်မှော်ဆေးပညာရှင် ရှီစင်းယု၏အသံက ထွက်ပေါ်လာသည်။
" ဒီလိုတန်ဖိုးကြီးတဲ့ရတနာကို လျူရှန်ဆိုတဲ့ကောင်က ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မှာလဲ "
" ဆရာ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲဆိုတာ ရှားပါးပေမဲ့ လျူရှန်က အဲ့တာကိုပိုင်ဆိုင်ထားတာ သိပ်ပြီးအံ့ဩစရာတော့ မဟုတ်ပါဘူး "
ရှီစင်းယု၏တပည့်ဟောင်အယ် တစ်ခဏတုံ့ဆိုင်းပြီးနောက် ဝင်ပြောလိုက်၏။
" မဟုတ်ဘူးတပည့်လေး .. ဒီကိစ္စက မင်းထင်သလောက် မရိုးရှင်းဘူး လျူရှန်သာ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူမီးလျှံတောင်တန်းမှာ ရဲဟိုင်နဲ့ရင်ဆိုင်တုန်းက ဘာလို့အသုံးမပြုခဲ့တာလဲ "
ရှီစင်းယု ခေါင်းကိုညှင်သာစွာ ခါယမ်းလိုက်ပြီး...
" ခုနက လျူရှန်ရဲ့အပြုအမူနဲ့ လေသံကနေတစ်ဆင့် သူရဲ့ဟိုင်အပေါ် ဘယ်လောက်တောင် မုန်းတီးနေတယ်ဆိုတာကို သိနေနိုင်တာပဲ၊ ရဲ့ဟိုင်ကို သူကမုန်းလွန်းလို့ သူအရမ်းချစ်ခဲ့တဲ့ ဝမ်းကွဲညီမကိုတောင်မှ တစ်ဖက်လူလက်ထဲ စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့တယ်၊ အဲ့ဒီအချိန်တုန်းကသာ သူ့လက်ထဲ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲရှိနေရင် တိုက်ရိုက်ထုတ်သုံးမှာ သေချာတယ် "
ရှီစင်ယု၏ ထိုစကားများက ယီရှောင်းကို အသိစိတ်ပြန်ဝင်လာစေသည်။
လက်ရှိအဖြစ်အပျက်များအကုန်လုံးက တကယ်ကိုလုံးဝ သံသယရှိဖွယ်ပင်။
ပထမအချက်အနေဖြင့် လျူရှန်၏ အဆင့်အတန်းဖြင့်ဆိုလျှင် တိမ်လွှာကောင်းကင်မိုးကြိုးပုလဲလို အဖိုးတန်ရတနာကို ပိုင်ဆိုင်ထားစရာ အကြောင်းမရှိချေ။
ဒုတိယအချက်အနေဖြင့် သူ့တွင်တကယ်သာ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို ကံကောင်းပြီး ပိုင်ဆိုင်ထားခဲ့မည်ဆိုလျှင် မီးလျှံတောင်တန်းတွင်တည်းက သုံးခဲ့သင့်သည်။
ထိုအချိန်တုန်းက လျူရှန်သည် ရဲ့ဟိုင်၏ ကျင့်ကြံအဆင့်က ယခုလိုမျိုး ကျောက်စိမ်းအင်မော်တယ်အဆင့် ( 32 ) တွင် ရှိသည်ဆိုတာကို လုံးဝမသိသေးပေ။ ကျောက်စိမ်းအင်မော်တယ် အဆင့် ( 20 ) ဟုသာ ထင်ထားခဲ့ခြင်းဖြစ်၏။
ထိုအဆင့်ဖြင့်ဆိုလျှင် ရဲ့ဟိုင်မှာ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲ၏ တိုက်ခိုက်မှုကနေ လုံးဝလွတ်မြောက်နိုင်မည် မဟုတ်ချေ။ လျူရှန်၏ဒေါသဖြင့်ဆိုလျှင် ကျိန်းသေ၎င်းရတနာကို အသုံးပြုပြီး ရဲ့ဟိုင်အား သတ်ဖြတ်ပစ်မည်မှာ သေချာသည်။
တတိယအချက်အနေဖြင့် လျူရှန်တွင် တိမ်လွှာကောင်းကင်မိုးကြိုးပုလဲသာ ရှိနေမည်ဆိုလျှင် သူကစီဖူကို အဘယ့်ကြောင့် အကူအညီတောင်းခဲ့ရမည်နည်း။
လျူရှန်က ရှန်ကျင်းဂိုဏ်းသို့ အလျင်အမြန် ပြန်လာသည့်အချိန်တွင် တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို ကောက်ယူခဲ့ကြောင်း တွေးဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်ချေ။ ထိုကောင်သာ ၎င်းပုလဲကို ကောက်ယူနိုင်ခဲ့သည်ဆိုလျှင် ဂိုဏ်းက ရဲ့ဟိုင်ကို အပြစ်ပေးသည်အား စောင့်မည်မဟုတ်ဘဲ သူကိုယ်တိုင် ရဲ့ဟိုင်အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမည်ဖြစ်၏။
မိမိအမုန်းဆုံးရန်သူကို ကိုယ်တိုင်လက်ဖြင့် သတ်ရသည်က အကောင်းဆုံးပင် ဖြစ်သည်မဟုတ်လား။
" ဒါနဲ့ အားလုံးက သတိထားမိလိုက်လားတော့မသိဘူး လျူရှန်က တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို အသက်သွင်းလိုက်တဲ့အချိန်မှာ သူ့မျက်နှာက တော်တော်လေးကို ပျက်ယွင်းနေခဲ့တယ်၊ ကြည့်ရတာ တစ်စုံတစ်ယောက်ရဲ့ အတင်းအကြပ် ခြိမ်းခြောက်ခိုင်းစေမှုကို ခံခဲ့ရတဲ့ပုံပဲ "
ရှီစင်းယု ထိုသို့ပြောပြီးသည်နှင့် ကျိုးဘူတန်ကိုလှမ်း၍ အေးစက်စက် စိုက်ကြည့်လိုက်ကာ...
" အဲ့ဒီကောင်လေး မျက်နှာပျက်ယွင်းနေတဲ့အချိန်မှာ ငါ့နတ်အသိစိတ်အာရုံကို ထုတ်လွှတ်ခဲ့တဲ့အချိန် အခြားနတ်အသိစိတ်အာရုံတစ်ခုကိုလည်း သတိထားမိခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒီနတ်အသိစိတ်အာရုံက မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားတယ်လေ "
" မိသားစုခေါင်းဆောင်ကျိုး မင်းအနေနဲ့ ရှန်ကျင်းဂိုဏ်းကို ရှင်းပြဖို့အတွက် တစ်စုံတစ်ခု မရှိဘူးလား "
မှော်ဆေးပညာရှင်ရှီစင်းယု၏ အကြည့်မှတစ်ဆင့် ယီရှောင်းသည် သံသယအချက်အလက်များစွာ အကုန်လုံးက ကျိုးမိသားစုကို ညွှန်ပြနေကြောင်း မည်ကဲ့သို့မသိဘဲနေမည်နည်း။ ထို့ကြောင့် ကျိုးမိသားစု၏ ခေါင်းဆောင်ကျိုးဘူတန်ကို သူက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။
တစ်ဖက်တွင် ကျိုးဘူတန်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်ပင်...
" မင်းဘာပြောလဲဆိုတာ ငါမသိဘူး "
" ဟမ့် ငါခန့်မှန်းထားသလောက်ဆိုရင် လျူရှန်ကို မင်းကိုယ်တိုင်ကပဲ တိမ်လွှာကောင်းကင်မိုးကြိုးပုလဲကို ပေးခဲ့တာ မဟုတ်လား "
ယီရှောင်း ကျိုးဘူတန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်ပြီး...
" ခုနက လျူရှန်ကိုခြိမ်းခြောက်ခဲ့တဲ့လူဆိုတာကလဲ မင်းပဲဖြစ်ရမယ်၊ ဒီနေရာမှာ ငါတောင်မှ မခန့်မှန်းမိအောင်လို့ လျူရှန်ကို တွန်းအားပေးခြိမ်းခြောက်နိုင်တာ မင်းတစ်ယောက်ပဲရှိတယ်လေ "
" ယီရှောင်း ထင်ကြေးသက်သက်နဲ့ စကားကိုလွယ်လွယ်မပြောနဲ့ "
ကျိုးဘူတန် အေးစက်သော အမူအရာဖြင့်...
" မင်းက ရှန်ကျင်းဂိုဏ်းရဲ့ တရားစီရင်ခန်းမက လက်ထောက်အကြီးအကဲတစ်ယောက် ဖြစ်နေရင်တောင်မှ သက်သေအထောက်အထားမရှိဘဲ စကားကိုလွယ်လွယ် ပြောလို့မရဘူးဆိုတာ သိတယ်မလား "
" အဲ့တာက ထင်ကြေး မဟုတ်ပဲ အမှန်တရားဆိုတာကို ခင်ဗျားက လူတိုင်းထက် ပိုသိမယ်ထင်တယ် "
ကျိုးဘူတန်၏ စကားဆုံးသွားသည်နှင့် အသံတစ်သံက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ထို့နောက် လူအုပ်ကြီး၏ အံ့အားသင့်နေသော မျက်လုံးအကြည့်အောက်တွင် ရဲ့ဟိုင်သည် လုရန်ရန်ကို ခါးမှကိုင်ကာ လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။
ရဲ့ဟိုင်နှင့် လုရန်ရန် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျိုးဘူတန်၏ မျက်လုံးများက ကျဥ်းမြောင်းသွားပြီး...
" သူတို့ .. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
ဟုတ်၏။
ဤအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ရဲ့ဟိုင်ကအဘယ့်ကြောင့် လေဟာနယ်ကို တိုက်ရိုက်ဆွဲခွဲကာ ဖွင့်နိုင်ရသနည်း။ ဤသည်မှာ အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူများတွင်သာ ပိုင်ဆိုင်သော တန်ခိုးစွမ်းအားသာဖြစ်သည်။
" ပြောနေကျစကားတစ်ခွန်းကို ပြောပါရစေ ..လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး၊ ကျောက်စိမ်းအင်မော်တယ်အဆင့် ဖြစ်နေတာနဲ့ပဲ လေဟာနယ်ကို ခွဲထုတ်လို့မရဘူးလား "
စကားဆုံးသည်နှင့် ရဲ့ဟိုင်၏ ပတ်ပတ်လည်လေဟာနယ်က တအုန်းအုန်းပေါက်ကွဲသံများနှင့်အတူ အက်ကွဲသွားပြီး ဟင်းလင်းပြင်အပိုင်းအစများ ဖြစ်ပေါ်လာလေ၏။
" အဆင့် ( 33 ) ... ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 )၊ ပြီးတော့ အဓိပတိရတနာခန္ဓာကိုယ် "
ရှီစင်းယု အလန့်တကြားပင် ထအော်လိုက်သည်။ သူ၏မျက်နှာတွင်လည်း ရန်ချီနယ်မြေ၏ နံပါတ်တစ်မှော်ဆေးပညာရှင်ဆိုသော တည်ကြည်ခန့်ညားမှုများက မရှိတော့ချေ။ တစ္ဆေသရဲတစ်ကောင်ကို မြင်နေရသကဲ့သို့ မျက်လုံးအစုံက ပြူးကျယ်နေလေ၏။
***