" ဒဏ္ဍာရီလာ ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) ဆိုတာ အတွေးတစ်ချက်တည်းနဲ့ လေဟာနယ်ကို ဖြိုခွဲနိုင်တယ်ဆိုတဲ့ ကောလဟာလက အမှန်ပဲပေါ့ "
ရဲ့ဟိုင်ကိုကြည့်နေသော ယီရှောင်း၏မျက်လုံးများက ပိုမို၍ တောက်ပသထက် တောက်ပလာ၏။
ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) တွင်ရှိသော လူတစ်ယောက်က အင်မော်တယ်ဘုရင်အဆင့်ကိုဝင်ရောက်ရန် အပြည့်အဝ အရည်အချင်းရှိသော သူတစ်ယောက်ဖြစ်သည်။
" နင်ငါ့ ကိုတော်တော်လေး ဖက်လို့ကောင်းနေလား "
ထိုချိန်တွင် လုရန်ရန်က ရှက်ရွံ့မှုများနှင့်အတူ ပြောလိုက်၏။
မူလက ရဲ့ဟိုင် သူမကိုပွေ့ဖက်ထားသည်က အဆင်ပြေသေးသည်။ မည်သို့ပင်ဆိုပါစေ ဤကောင်က သူမ၏အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်၏။ သို့သော် ပြဿနာက ဤကောင်သည် ပွေ့ဖက်ထားရင်း သူမ၏ခန္ဓာကိုယ်ကိုပါ ပွတ်သပ်နေခြင်းဖြစ်သည်။
လုရန်ရန် ဤအရာကိုတော့ မည်ကဲ့သို့ ခံစားနိုင်မည်နည်း။
ထိုအချိန်ကျမှ ရဲ့ဟိုင်ကလဲ လုရန်ရန်၏ခါးကို ရှက်ရွံ့သော အမူအရာဖြင့် လွှတ်ပေးလိုက်၏။
" တောင်းပန်ပါတယ် .. ငါတစ်ဖက်ကိုစိတ်ရောက်သွားတော့ ဒီဘက်မှာ ဘာလုပ်မိနေလဲ မသိလိုက်ဘူး "
ရဲ့ဟိုင် လုရန်ရန်အား တီးတိုးပြောကာ တောင်းပန်သည်။
ထိုစကားကြားလျှင် လုရန်ရန်က သူမ၏ခြေထောက်ကို ဆောင့်လိုက်ပြီး ယီရှောင်း၏နံဘေးသို့ အလျင်အမြန်ပင် ပြေးသွားလိုက်၏။
လုရန်ရန် ဒဏ်ရာကင်းမဲ့နေသည်ကိုမြင်လျှင် ယီရှောင်း၏ စိုးရိမ်ပူပန်စိတ်များက နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ ထို့နောက် လုရန်ရန်၏ မျက်နှာက နီရဲနေသောအရောင်ကို သတိပြုမိလိုက်သောအခါ သူ၏မျက်လုံးထဲ၌ အရောင်တချို့ ဖြတ်ပြေးသွား၏။
" ကြည့်ရတာ ရန်ရန်က ရဲ့ဟိုင်အတွက် ခံစားချက်အချို့ ရှိနေတဲ့ပုံပဲ၊ ငါသာသူတို့နှစ်ယောက်ကို ချိတ်ပေးလိုက်နိုင်ရင် အကောင်းဆုံးရလဒ် ဖြစ်သွားမှာမှလား "
ရဲ့ဟိုင်မှာ ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) တွင်ရှိသော အနာဂါတ်တွင် အင်မော်တယ်ဘုရင်အဆင့် ဖြစ်လာမည့်သူဖြစ်သည်။
ထို့အပြင် ယီရှောင်းသည် အစောကြီးကတည်းက ရဲ့ဟိုင်ကို သတ်ဖြတ်ရန်ရည်ရွယ်ချက် လုံးဝမရှိချေ။
ယခုဆိုလျှင် ပို၍ပင် သတ်ဖြတ်လိုစိတ် မရှိတော့ဘူးဖြစ်၏။ ရဲ့ဟိုင်လိုလူတစ်ယောက်ကို ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ထိ ပြုစုပျိုးထောင်ပေးနိုင်သော သူ၏နောက်ခံက လုံးဝကို သာမန်ဖြစ်နေမှသာလျှင် ထူးဆန်းနေပေလိမ့်မည်။
" မင်းဘာကိုဆိုလိုချင်တာလဲ "
ကျိုးဘူတန် ရဲ့ဟိုင်ကိုကြည့်ကာ မျက်မှောင်ကုပ်၍ မေးလိုက်သည်။
" ငါဘာကိုဆိုလိုလဲဆိုတာကို .. မင်းသိတယ်မလား "
ရဲ့ဟိုင် ကျိုးဘူတန်ကို အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ကြည့်လိုက်ပြီး ..
" မင်းက လျူရှန်ကို သူ့ရဲ့ညီမ လျူယုနဲ့ ခြိမ်းခြောက်ဖို့အတွက် ကြိုးစားခဲ့တာပဲ .. ဘယ်လောက်တောင်မှ ရွံစရာကောင်းလိုက်လဲ "
ထိုစကားကြားလျှင် ကျိုးဘူတန်၏ နှလုံးခုန်သံက တဒုတ်ဒုတ်ဖြင့် မြန်ဆန်လာသည်။ သို့သော် သူ၏မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိပေ။
" မင်းဘာတွေပြောနေလဲဆိုတာကို ငါနားမလည်ဘူး "
" ကြည့်ရတာ ဒီကိစ္စကို ထိပ်တိုက်ရှင်းဖို့အတွက် လျူရှန်ကို ခေါ်ထုတ်ရမဲ့ပုံပဲ "
ရဲ့ဟိုင်ထိုသို့ပြောပြီးသည်နှင့် လက်ခုပ်တစ်ချက်တီးလိုက်လျှင် လေဟာနယ်ထဲမှ လူတစ်ယောက်က ထွက်ပေါ်လာ၏။
ထိုလူက လျူရှန်မှလွဲ၍ အခြားလူမဟုတ်ပေ။
လျူရှန်သည် သဘာဝအတိုင်း လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်စွမ်း လုံးဝမရှိချေ။ လျူရှန်ကို ဤကဲ့သို့ အသက်ကယ်တင်ခဲ့သူမှာ ရဲ့ဟိုင်သာဖြစ်လေသည်။
" မင်း .. မင်း မသေသေးဘူး "
ဒီတစ်ခေါက်တော့ ကျိုးဘူတန်၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားလေ၏။
" ငါမသေသေးတာ မင်းမျှော်လင့်ထားတာထက် ကျော်လွန်နေတယ်မလား "
လျူရှန် ကျိုးဘူတန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး...
" မင်း ငါ့ကိုဘာလို့ တိမ်ကောင်းကင်မိုးကြိုးပုလဲကို အသက်သွင်းခိုင်းတာလဲဆိုတာကို ငါသိချင်ခဲ့မိတယ်၊ အခုတော့ မင်းမပြောလဲ ငါနားလည်လိုက်ပြီ၊ မင်းဆိုတဲ့သောက်အဘိုးကြီးက တိမ်ကောင်းကင်မိုးကြိုးပုလဲကိုအသုံးပြုပြီး ရဲ့ဟိုင်နဲ့ လုရန်ရန်ကို သေအောင်လို့ သတ်ချင်နေတာပဲ "
" ဒါမှ ရဲ့ဟိုင်ရဲ့နောက်ကွယ်က အဖွဲ့အစည်း ရှန်ကျင်းဂိုဏ်းကို ဒေါသတကြီးနဲ့ တိုက်ခိုက်လိမ့်မယ်၊ အဲ့ဒီတိုက်ပွဲမှာ ရှန်ကျင်းဂိုဏ်းက ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကြီးကြီးမားမား ဆုံးရှုံးမှုကို ခံစားရမှာတော့ အသေအချာပဲ၊ ပြီးတော့ မင်းရဲ့ကျိုးမိသားစုက ရှန်ကျင်းဂိုဏ်းရဲ့ အရင်းအမြစ်တွေကို အလစ်ဝင်သိမ်းပိုက်မယ်ပေါ့ ... ဟုတ်တယ်မလား၊ ဘယ်လောက်တောင် ညဏ်များလိုက်လဲ မြေခွေးအိုကြီးလဲ "
လျူရှန်သည် ဉာဏ်နည်းသောသူတစ်ယောက် မဟုတ်သဖြင့် ကျိုးဘူတန်၏ အတွေးများအားလုံးကို သေချာနားလည် သဘောပေါက်လေသည်။
" လျူရှန် မင်းဘာလို့ငါ့ကို ဒီလိုမျိုးလာပြီး စွပ်စွဲလဲဆိုတာ ငါနားမလည်ဘူး၊ လူဆိုတာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူနိုင်ရတယ်နော် "
ကျိုးဘူတန် လျူရှန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး တစ်ကိုယ်လုံးတွင် ကြောက်စရာကောင်းသော လူသတ်ငွေ့များလည်း သိပ်သည်းစွာဖြင့် ဖြစ်ပေါ်လာ၏။
" ငါလဲ ပြန်ပြောလိုက်မယ် .. ငါနားလည်လိုက်တာတစ်ခုက မင်းရဲ့တောင်းဆိုမှုကို လိုက်လျောရင်တောင် ငါ့ညီမက မင်းလက်ထဲကနေ လွတ်မြောက်မှာမဟုတ်ဘူးဆိုတာပဲ "
လျူရှန် ကျိုးဘူတန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ...
" အဲ့ဒါကြောင့် အခု မင်းရဲ့ မျက်နှာဖုံးကို ခွာပြီးတော့ မင်းဘယ်လိုလူလဲဆိုတာ လူတိုင်းမြင်အောင် ငါပြပေးမယ် "
ထိုသို့ပြောပြီးသည်နှင့် လျူရှန်သည် ဂိုဏ်းအကြီးအကဲယီရှောင်းကိုကြည့်လိုက်ကာ...
" အကြီးအကဲယီ ကျွန်တော်ကောင်းကင်ဘုံကို တိုင်တည်ပြီးတော့ ကျိန်ဆိုနိုင်ပါတယ်၊ ကျွန်တော်ပြောခဲ့တဲ့ စကားလုံးတွေထဲမှာ အမှားတစ်ခုပါခဲ့ရင် ကျွန်တော့်ရဲ့အသက်ကို အခုချက်ချင်း ကောင်းကင်တာအိုက ရယူသွားပါစေ "
လျူရှန် ထိုသို့ကျိန်ဆိုလိုက်ပြီးသည်နှင့် သူ၏ပတ်ပတ်လည် လေဟာနယ်က ပွင့်သွားပြီး ဟင်းလင်းပြင်ဓားတစ်ချောင်းက အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် သူ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်ရန်အတွက် ဝင်ရောက်လာလေသည်။
တစ်ဖက်တွင် ယီရှောင်းက ရုတ်တရတ် ထိုအဖြစ်ပျက်ကြောင့် အံ့အားသင့်သွားသော်လည်း ဒေါသများနှင့်အတူ လူသတ်လိုစိတ်များက ခန္ဓာကိုယ်တွင် ဖြစ်တည်လာ၏။
" ကျိုးဘူတန် မင်းက သေချင်နေတာပဲ "
ယီရှောင်းသည် ကျိုးဘူတန်က လျူရှန်ကို အားလုံး၏ ရှေ့တွင်ပင် ပေါ်တင်သတ်ဖြတ်ရန်ကြိုးစားမည်ဟု လုံးဝမထင်မှတ်ထားပေ။
ကျိုးဘူတန် အဘယ့်ကြောင့် ဤကဲ့သို့လုပ်လဲဆိုတာကို အရူးတစ်ယောက်တောင်မှ နားလည်နိုင်လေသည်။
" သေချင်နေတယ် ဟုတ်လား "
ကျိုးဘူတန် လှောင်ပြုံးပြုံးကာ ယီရှောင်းကို စိုက်ကြည့်လိုက်ပြီး...
" ဒီနေရာက ဘယ်သူ့နယ်မြေလဲဆိုတာကို မင်းနားမလည်သေးတဲ့ပုံပဲ "
ကျိုးဘူတန်၏ စကားဆုံးသည်နှင့် အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူ ( 8 ) ယောက်က လေဟာနယ်ကို ဆုတ်ဖြဲကာ သူတို့၏ပတ်ပတ်လည်တွင် ထွက်ပေါ်လာလေ၏။
ထိုလူများကိုကြည့်ပြီး ယီရှောင်း၏ မျက်နှာအမူအရာက လေးနက်သွားသည်။
" ကျိုးဘူတန် ဘာလဲမင်းက ရှန်ကျင်းဂိုဏ်းနဲ့ စစ်ပွဲကိုစချင်တာလား "
" အခုလိုအချိန်မှာ ဒီစကားက အဓိပ္ပါယ်ရှိဦးမယ်လို့ မင်းထင်နေတာလား "
ကျိုးဘူတန် ယီရှောင်းကို လှောင်ပြုံးနှင့်အတူကြည့်ကာ ပြောလိုက်၏။
ဂိုဏ်းနှစ်ခုကြားစစ်ပွဲက ယခုကတည်းက စတင်နေပြီဖြစ်သည်။
ကျိုးဘူတန်သည် လျူရှန်အား လုရန်ရန်ကို သတ်ဖြတ်ရန်အတွက် အမိန့်ပေးလိုက်သည့် အချိန်မှစ၍ ဂိုဏ်းနှစ်ခုကြားတိုက်ပွဲကို မည်သို့မှ ရှောင်လွှဲနိုင်တော့မည်မဟုတ်ချေ။
တစ်ဖက်တွင် ယီရှောင်း ရှီစင်းယုကိုမကြည့်ဘဲ မနေနိုင်ပေ။
ယီရှောင်းသည် သူတစ်ယောက်၏ ခွန်အားဖြင့်ဆိုလျှင် ကျိုးမိသားစုကနေ အလွယ်တကူ လွတ်မြောက်သွားရန် မဖြစ်နိုင်ဘူးဆိုတာ ကောင်းကောင်းသိလေ၏။ သူ့အတွက် လက်ရှိအချိန်တွင် အားကိုးစရာမဟာမိတ်က ရှီစင်းယုသာရှိသည်။
ရှီစင်းယု ကျိုးဘူတန်ကို မျက်လုံးမှေးစဥ်းကာ ကြည့်လိုက်ပြီး...
" ကျိုးမိသားစုက ငါ့အတွက် ဘယ်လိုစီစဥ်ထားလဲဆိုတာကို ငါလဲသိချင်မိသား ... "
" ငါတို့ကျိုးမိသားစုရဲ့ မှော်ဆေးပညာခန်းမမှာ ခေါင်းဆောင်တစ်ယောက်မရှိတာကြာပြီ၊ ရှီစင်းယုမင်းက အဲ့ဒီမှာခေါင်းဆောင်လုပ်ဖို့ အသင့်တော်ဆုံးလူပဲလို့ ငါထင်တယ် "
ကျိုးဘူတန် ပြုံးကာပြောလိုက်၏။
" ဘာလဲ မင်းတို့ကျိုးမိသားစုက ငါ့ကိုချုပ်နှောင်ပြီးတော့ ဆေးလုံးအတင်းအကြပ် သန့်စင်ခိုင်းဖို့အတွက် စီစဥ်ထားတာလား "
" မင်းအနေနဲ့ ရှင်းရှင်းလင်းလင်း နားလည်ထားတော့လဲ၊ စကားအပိုတွေ မပြောရတော့ဘူးပေါ့ "
ကျိုးဘူတန် ပြုံးပြုံးလေးသာ ထပ်မံ၍ ပြောလိုက်သည်။
တစ်ဖက်တွင် ရှီစင်းယု၏ မျက်လုံးက ဒေါသများဖြင့် အရောင်တလက်လက် တောက်ပလာ၏။
" မင်းတို့ ငါ့ကို အဲ့လိုလုပ်ချင်တယ်ဆိုရင် ကျိုးမိသားစုက ပြန်ပြီးပေးဆပ်ရမယ့်ဈေးနှုန်းကို မတတ်နိုင်မှာ ငါစိုးရိမ်မိသား "
" ဟား .. ဟား မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ "
ကျိုးဘူတန် ရယ်မောကာ ပြောလိုက်သည်။
ကျိုးဘူတန်သည် မျိုးနွယ်စု၏ ထိပ်သီးအကြီးအကဲများကို လျှို့ဝှက်စွာ အကြောင်းကြားပြီးထားပြီဖြစ်၏။ အင်မော်တယ်သခင်အဆင့် အကြီးအကဲများက ဤနေရာကို လာနေသည့် လမ်းတစ်ဝက်ကိုပင် ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကျိုးဘူတန်သည် သူ၏လက်ထဲကနေ ရှီစင်းယုနှင့် ယီရှောင်းတို့နှစ်ယောက်လုံး လုံးဝလွတ်မြောက်နိုင်မည်ဟု လုံးဝမထင်ချေ။
ကျိုးမိသားစုဆိုသည်မှာ သူတို့လာချင်သလိုလာပြီး ထွက်ချင်သလိုထွက် သွားနိုင်သည့် နေရာဟု တကယ်ပင် ထင်နေခဲ့သည်လား။
***