ကျိုးဘူတန်သည် မျိုးနွယ်စု၏ ထိပ်သီးအကြီးအကဲများကို လျှို့ဝှက်စွာ အကြောင်းကြားပြီးထားပြီဖြစ်၏။ အင်မော်တယ်သခင်အဆင့် အကြီးအကဲများက လာနေသည့် လမ်းတစ်ဝက်ကိုပင် ဤနေရာကို ရောက်ရှိနေချေပြီ။ ထို့ကြောင့် ကျိုးဘူတန်သည် သူ၏လက်ထဲကနေ ရှီစင်းယုနှင့် ယီရှောင်းတို့နှစ်ယောက်လုံး လုံးဝလွတ်မြောက်နိုင်မည်ဟု မထင်ချေ။
ကျိုးမိသားစုဆိုသည်မှာ သူတို့လာချင်သလိုလာ ထွက်ချင်သလိုထွက် သွားနိုင်သည့် နေရာဟု တကယ်ပင် ထင်နေခဲ့သည်လား။
" မိသားစုခေါင်းဆောင်ကျိုး ငါကိုယ်တိုင်ကလဲကျိုးမိသားစုကိုရောက်နေသလို ဂိုဏ်းကတပည့်တွေ တော်တော်များများကလည်း ကျိုးမိသားစုကိုရောက်နေတာနော်၊ သူတို့သာ အချိန်မီပြန်မရောက်ဘူးဆိုရင် ဂိုဏ်းက ရှင်တို့ ကျိုးမိသားစုနဲ့ လာပြီးစာရင်းရှင်းလိမ့်မယ် "
လုရန်ရန် နှစ်ဖက်ကြား တော်တော်ကြီး တင်းမာလာသည် တွေ့သောအခါ အလောတကြီးပင် ဝင်ရောက်ပြောဆိုလိုက်၏။
" အဲ့တော့လဲ ဘာဖြစ်လဲ "
ကျိုးဘူတန် လုရန်ရန်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး...
" မင်းကိုယ်တိုင် ငါတို့ကျိုးမိသားစုထဲ ရှိနေတာလေ ရှန်ကျင်းဂိုဏ်းက မင်းကို ငါတို့ ဖမ်းထားတဲ့အချိန်မှာ ဒေါသတကြီး ပြုမူရဲမယ်လို့ထင်လား "
ထိုစကားကိုကြားသောအခါ လုရန်ရန်သည် ကျိုးဘူတန်က အဘယ့်ကြောင့် ဤမျှမကြောက်မရွံ့ လုပ်ရဲသည်ဆိုတာ နားလည်သွားသည်။
သူမကိုသာ ဖမ်းထားမည်ဆိုလျှင် ရှန်ကျင်းဂိုဏ်းနှင့် ညှိနှိုင်းနိုင်မည့်အပြင် အကျိုးအမြတ်များတောင်မှ ရယူနိုင်လေ၏။
" ရဲ့ဟိုင် မင်းရဲ့နောက်ကွယ်က အကာအကွယ်ပေးမယ့်သူတွေ ဘယ်မှာလဲ "
ယီရှောင်း ရဲ့ဟိုင်ကိုကြည့်ကာ မေးလိုက်သည်။
" ဒီအခြေအနေလေးကို ဘယ်သူက အကာအကွယ်လိုအပ်နေမှာလဲ "
ရဲ့ဟိုင်ပြုံးပြီး ပြန်ပြောလာသော ထိုစကားက ယီရှောင်းကို အံ့အားသင့်သွားစေ၏။
ယခုလိုအချိန်တွင်တောင်မှ ရဲ့ဟိုင်က အဘယ့်ကြောင့် အေးဆေးနေလဲဆိုတာကို သူလုံးဝနားမလည်နိုင်ချေ။
" ရန်ရန် ငါ့နောက်လိုက်ခဲ့ "
ယီရှောင်း ထိုသို့ပြောလိုက်ခြင်းက တိုက်ခိုက်ကာထိုးဖောက်ထွက်ရန် ရည်ရွယ်လိုက်ခြင်းဖြစ်သည်။ သို့သော် သူတိုက်ခိုက်ထိုးဖောက်ထွက်ရန် ကြံရွယ်လိုက်သည့်အချိန်တွင် ပတ်ပတ်လည်ရှိ လေဟာနယ်စွမ်းအားကို လုံးဝ မထိန်းချုပ်နိုင်တော့ကြောင်း အံ့အားသင့်စွာဖြင့် တွေ့လိုက်ရလေ၏။
" လုပ်မနေနဲ့ ငါကြိုးစားပြီးပြီ၊ ကျိုးဘူတန်က အမာခံအဖြစ်ထားပြီးတော့ သူ့ကိုယ်သူ အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူ ( 8 ) ယောက်ရဲ့ ပံ့ပိုးမှုအကူအညီနဲ့ ဒီနေရာရဲ့လေဟာနယ်ကို အတင်းအကြပ် ချုပ်နှောင်ထားလိုက်ပြီ "
ရှီစင်းယု ရှုံ့တွနေသော မျက်နှာနှင့်အတူ ပြောလိုက်သည်။
တစ်နည်းဆိုရသော် လက်ရှိအချိန်တွင် သူတို့က အင်မော်တယ်သခင်အဆင့်များဖြစ်သော် လည်း လေဟာနယ်စွမ်းအားကို အသုံးမချနိုင်တော့သဖြင့် တစ်ဖက်လူ၏ ထောင်ချောက်ထဲတွင် ပိတ်မိသော သိုးသူငယ်လေးများ ဖြစ်သွားကြချေပြီ။
ပို၍ဆိုးဝါးသည်မှာ ထိုအချိန်တွင် နောက်ထပ် အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူနှစ်ယောက်က ရုတ်တရက်ထွက်ပေါ်လာပြီး လေဟာနယ်ချိတ်ပိတ်ခြင်းတွင် ပူးပေါင်းကာ ပါဝင်လာခြင်းဖြစ်၏။
" ဘယ်လိုလဲ .. မင်းတို့ထွက်သွားနိုင်တယ် ထင်နေသေးလား "
ကျိုးဘူတန် ယီရှောင်းနှင့် ရှီစင်းယု နှစ်ယောက်ကိုကြည့်ပြီး ပြုံးကာမေးလိုက်သည်။
တစ်ဖက်တွင် နှုတ်ဆိတ်နေပြီး ယီရှောင်းက ရှီစင်းယုကလဲ ဘာစကားမှ ပြောခြင်းမရှိပေ။
လုရန်ရန်၏ မျက်လုံးအနက်ရှိုင်းဆုံးနေရာတွင်တော့ စိုးရိမ်ပူပန်မှုများက တစ်စတစ်စ ဖြစ်ပေါ်လာလေ၏။
ကျိုးမိသားစု၏ လက်ထဲကို ကျရောက်သွားသည့် အကျိုးဆက်များကို သူမစိတ်ကူးပင် မယဉ်ရဲချေ။
" လုရန်ရန် အခုမင်းရဲ့ ကျင့်ကြံအဆင့်က အကန့်အသတ်ကို ရောက်သွားပြီလား "
ထိုအချိန်တွင် လူတိုင်းကိုအံ့အားသွားစေသည်မှာ ရဲ့ဟိုင်က လုရန်ရန်အား ထိုမေးခွန်းကို မေးလာခြင်းဖြစ်သည်။
" မရောက်သေးဘူး "
လုရန်ရန်သည် ရဲ့ဟိုင်က အဘယ့်ကြောင့်မေးလာမှန်း မသိသော်လည်း တီးတိုးပင် ပြန်ဖြေပေးလိုက်၏။
" ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ကို ရောက်ဖို့ဆိုတာက အင်မော်တယ်ဘုရင်အဆင့်သွေးကို လိုအပ်တယ်လေ၊ သွေးကို ငါတို့ရှန်ကျင်းဂိုဏ်းက အခုချိန်ထိ ရှာမတွေ့နိုင်သေးဘူး၊ အဲ့တာကြောင့် လက်ရှိငါ အဆင့်တက်ဖို့အတွက် အင်မော်တယ်သခင်အဆင့် သွေးစွမ်းအားကိုပဲ အားကိုးပြီး အသုံးပြုနေရတယ် "
" ဒါဆိုရင် ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) ကို ဖြတ်ကျော်ဖို့အတွက် ဘယ်လောက်ထပ်ကြာနိုင်မလဲ "
" သုံးနှစ်လောက် အနည်းဆုံးကြာမယ်ထင်တာပဲ "
လုရန်ရန် ခန့်မှန်းချေတစ်ခုကို ပြောလိုက်ပြီး မျက်မှောင်ကုတ်ကာ …
" ဒါနဲ့ နင်က ဘာလို့မေးတာလဲ "
" ငါကမင်းကို အဲ့ဒီကျင့်ကြံခြင်းသုံးနှစ်အချိန်ကို လျော့ကျစေတဲ့ အခွင့်အရေး ပေးမယ်ဆိုရင်ကော .. ဘယ်လိုလဲ "
ရဲ့ဟိုင်ပြုံးကာ ပြောလိုက်၏။
" အင်း ကောင်းတာပေါ့ .. အမ် .. နင် ခုဏက ဘာပြောလိုက်တာ "
လုရန်ရန် ခေါင်းညိတ်ပြီးမှ အလန့်တကြားဖြင့် ပြန်မေးလိုက်လေသည်။
ထိုအချိန်တွင် ရဲ့ဟိုင်၏ လက်ထဲ၌ အလွန်ကြောက်စရာကောင်းသော ဖိအားနှင့် အရှိန်အဝါပါဝင်နေသည့် သွေးတစ်စက် ထွက်ပေါ်လာသည်ကို လုရန်ရန် အံ့အားသင့်စွာ တွေ့လိုက်ရ၏။
ထိုသွေးစက်သည် သက်ရှိသတ္တဝါများအားလုံးကို အုပ်စိုးသူတစ်ပါးကဲ့သို့ လူတိုင်းအား ဒူးထောက်စေလိုသော ဖိအားနှင့် တန်ခိုးစွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။
" အင်မော်တယ်ဘုရင်အဆင့် သွေး "
လုရန်ရန်သည် ယခင်က အင်မော်တယ်ဘုရင်အဆင့်သွေးများကို မမြင်ဖူးသော်လည်း ရဲ့ဟိုင်လက်ထဲတွင်ရှိသောသွေးက ၎င်းအဆင့်ဖြစ်ကြောင်း သူမကောင်းကောင်းကြီးသိရှိနိုင်လေ၏။
" နင် .. နင် .. နင် ငါ့ကို ဒီသွေးကိုပေးမယ်လို့ ဆိုလိုနေတာလား "
လုရန်ရန် မျက်နှာတွင် မယုံကြည်နိုင်မှုများနှင့်အတူ ရဲ့ဟိုင်ကိုကြည့်ကာ မေးလိုက်သည်။
အင်မော်တယ်ဘုရင်အဆင့်သွေးဆိုသည် မှာ မည်မျှတန်ဖိုးရှိလိုက်သနည်း။ ရှန်ကျင်းဂိုဏ်းကပင် အင်အားစုတစ်စုလုံးကို အသုံးချပြီး ရှာဖွေခဲ့တာတောင်မှ အင်မော်တယ်သွေးတစ်စက်ကို စုဆောင်းနိုင်ခဲ့ခြင်းမရှိပေ။
ယခုမှသာ သိကျွမ်းခဲ့ရသည့် ရဲ့ဟိုင်က သူမအား အင်မော်တယ်ဘုရင်အဆင့်သွေးတစ်စက် ကို ပေးနေခဲ့သည်လား။
" ဒါက မင်းကိုငါ အခွင့်ကောင်းယူခဲ့မိတဲ့အတွက် ပြန်ပြီးတော့ ပေးဆပ်တာပဲ "
ရဲ့ဟိုင် လုရန်ရန်ကို မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောလိုက်၏။
ရဲ့ဟိုင်၏ ထိုစကားက လုရန်ရန်၏ လည်ပင်းနှင့်မျက်နှာကို ရဲတွတ်သွားစေသည်။
" နင်ဘာတွေလာပြောနေတာလဲ "
သူမသည် ထိုသို့ပြောလိုက်သော်လည်း လက်ကတော့ အင်မော်တယ်ဘုရင်အဆင့်သွေးကို လှမ်းကာယူလိုက်ဆဲပင်။ အင်မော်တယ်ဘုရင်အဆင့်သွေးဆိုသည် မှာ သူမအတွက် အလွန်အရေးကြီးသော အရာတစ်ခုဖြစ်လေသည်။ ထို့ကြောင့် တစ်ဖက်လူက စေတနာဖြင့် ပေးလာသည့်အချိန်တွင် သူမ၌ ငြင်းဆန်နိုင်သော ခွန်အားမရှိချေ။
" အင်မော်တယ်ဘုရင်အဆင့်သွေး "
အဝေးတွင်ရှိနေသော ကျိုးဘူတန် ၎င်းသွေးကိုကြည့်ပြီး မျက်လုံးက အရောင်တလက်လက် တောက်ပလာ၏။
လုရန်ရန်က ၎င်းသွေးကို ယူသွားသည်အား သူလုံးဝတားမြစ်ခြင်းမရှိပေ။ လုရန်ရန် ၎င်းအင်မော်တယ်ဘုရင်အဆင့်သွေးကို ရသွားလျှင် သူမ၏လက်ရှိ ကျင့်ကြံအဆင့်က မည်သို့တိုးတက်သွားမည်ဆိုတာကို သူကောင်းကောင်းသိသည်။
သို့သော် သူမမှာ မိမိ၏အကျဉ်းသား ဖြစ်နေဆဲပင်။ မည်သည့်အရာကို စိတ်ပူရမည်နည်း။
ကျိုးဘူတန်၏ လောဘတောက်ပနေသော မျက်လုံးကို တွေ့သောအခါ လုရန်ရန် အင်မော်တယ်ဘုရင်အဆင့်သွေးကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေ၏။
" မဟုတ်ဘူး .. ဒါက ငါ့ဥစ္စာပဲ "
" မင်းရဲ့ ဥစ္စာ၊ ဟုတ်လား .. ဟား ဟား .. ဘယ်လောက်တောင်ရယ်စရာကောင်းလဲ "
ကျိုးဘူတန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ..
" ကောင်မလေးကြည့်ရတာ မင်းက လက်ရှိအခြေအနေကို သဘောမပေါက်သေးဘူးထင်တယ် "
ထိုအချိန်တွင် ရဲ့ဟိုင်က လုရန်ရန်၏ ထိတ်လန့်နေသော အမူအရာကိုကြည့်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ ..
" နင်က ဘာတွေစိတ်ပူနေတာလဲ "
လုရန်ရန် ရဲ့ဟိုင်ကို တအံ့တဩဖြင့် ပြန်ကြည့်လိုက်သည်။ ရဲ့ဟိုင် ပြဿနာစဖြစ်ကတည်းက အဆုံးသတ်အချိန်အထိ အဘယ့်ကြောင့်ယခုလို တည်ငြိမ်အေးဆေးနေလဲဆိုတာကို သူမနားမလည်နိုင်သေးချေ။
" ငါတို့အားလုံး အခု ကျိုးမိသားစုလက်ထဲရောက်နေတာလေ နင်နည်းနည်းလေးတောင်မှ စိတ်ပူပန်မှုမရှိဘူးလား "
လုရန်ရန် ရဲ့ဟိုင်ကိုကြည့်ကာ မမေးပဲ မနေနိုင်တော့ချေ။
" ဘယ်လောက်တောင်ဉာဏ်နည်းလိုက်လဲ အင်မော်တယ်ဘုရင်အဆင့်သွေး ဒီလိုလူသိရှင်ကြား ငါမင်းကို ပေးဝံ့မှတော့ အဓိပ္ပါယ်က ဘာလဲဆိုတာကို မင်းအခုချိန်အထိ သဘောမပေါက်သေးဘူးလား "
စကားဆုံးသည်နှင့် ရဲ့ဟိုင်၏ခန္ဓာကိုယ်က ရိပ်ခနဲရွှေ့လျားသွားပြီး သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးများကလည်း အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ထို့နောက် အုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ကျိုးဘူတန်နှင့် သူ၏လူများအကုန်လုံး ပိတ်ဆို့အကျဉ်းချထားသည့် လေဟာနယ်က ရဲ့ဟိုင်၏ လက်သီးတစ်ချက်အောက်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာလေ၏။
ကျိုးမိသားစု၏ အင်မော်တယ်သခင်အလယ်အလတ်အဆင့် ကျင့်ကြံသူများ ၎င်းပေါက်ကွဲမှု လှိုင်းလုံးအောက်တွင် သွေးများဖူးခနဲအန်ကာ လွင့်ထွက်ကုန်သည်။
အင်မော်တယ်သခင် အဆင့်မြင့် ကျင့်ကြံသူများပင်လျှင် သူတို့၏ ချီနှင့်သွေးစွမ်းအားများက ခန္ဓာကိုယ်ထဲ၌ ဗရမ်းဗတာ ဖြစ်သွားလေ၏။
***