" မင်းဘယ်သူလဲ "
ကျိုးဘူတန် အနောက်သို့ ခြေတစ်လှမ်းခန့်ဆုတ်သွားပြီး ရဲ့ဟိုင်ကို အလန့်တကြားဖြင့် ကြည့်လိုက်၏။
" လုရန်ရန် ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) ဆိုတာက အဲ့ဒီအဆင့်ရဲ့ အဆုံးစွန်ကန့်သတ်ချက် မဟုတ်ဘူးဆိုတာကို မင်းသိလား "
ရဲ့ဟိုင် ကျိုးဘူတန်ကို လုံးဝ လျစ်လျူရှုထားပြီး လုရန်ရန်ကို ကြည့်ကာ...
" ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) ဆိုတာက အဲ့ဒီအဆင့်ရဲ့ အစပဲရှိသေးတယ်၊ အင်မော်တယ်ဘုရင်အဆင့်မှာ မင်းဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာက မင်းခန္ဓာကိုယ်ထဲရှိနေတဲ့ စွမ်းအင်အပ်စိုက်မှတ်တွေအပေါ် မူတည်နေတာပဲ "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး ကျိုးမိသားစုမှ အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်ရှေ့တွင် ဖျတ်ခနဲပေါ်လာသည်။
ထို့နောက် သူ၏လက်က ဓားတစ်စင်းအသွင်ဖြင့် ထိုအင်မော်တယ်သခင်အဆင့် ကျင့်ကြံသူကို ခုတ်ပိုင်းချလိုက်၏။
လုံးဝကိုရိုးရှင်းသော တိုက်ခိုက်မှုလေးတစ်ခုပင်။
သို့သော် ရဲ့ဟိုင် လုရန်ရန်၏ အနားသို့ ပြန်ရောက်သွားသည့်အချိန်တွင် ကျိုးမိသားစုမှ အင်မော်တယ်သခင် အဆင့် ( 6 ) ကျင့်ကြံသူမှာ၊ ခန္ဓာကိုယ်နှစ်ခြမ်းဖြစ်သွားပြီး ပွဲချင်းပြီးသေဆုံးသွားသည်။
ကြည့်နေသောလူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
" အဲ့ဒီလို ကျောက်စိမ်းအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်က တကယ်လုပ်နိုင်စွမ်းရှိတာလား "
လုရန်ရန် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
" ငါ့ခန္ဓာကိုယ်က လက်ရှိအချိန်မှာ အကန့်အသတ်ကို ရောက်နေပြီလား မရောက်သေးဘူးလားဆိုတာကို ငါမသိဘူး၊ ဒါပေမဲ့ လက်ရှိ ငါ့ရဲ့ ခန္ဓာကိုယ်စွမ်းအားနဲ့ဆိုရင် အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတွေကို ခွေးလို ကြက်လို သတ်ဖြတ်နိုင်စွမ်းရှိတယ် "
စကားဆုံးသည်နှင့် ရဲ့ဟိုင်၏ခန္ဓာကိုယ်က ရိပ်ခနဲ ထပ်မံပျောက်ကွယ်သွားပြီး ကျိုးမိသားစုမှ အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်အရှေ့တွင် ထပ်မံပေါ်လာပြန်၏။ ထို့နောက် သူ၏ လက်က ဓားတစ်စင်းအသွင် ပြောင်းလဲသွားပြန်သည်။
ယခုနကလို လုံးဝရိုးရှင်းသည့် ခုတ်ပိုင်းချက်တစ်ခုပင်။
သို့သော် ရဲ့ဟိုင် လုရန်ရန်အနားသို့ ပြန်ရောက်သွားသည့်အချိန်၌ ကျိုးမိသားစု၏ ထိုအင်မော်တယ်သခင်အဆင့် ပုဂ္ဂိုလ်မှာ ဒုတိယမြောက် သေဆုံးသူနေရာကို ရယူသွားလေ၏။ သူ့တွင် ခုခံနိုင်စွမ်းတောင် မရှိခဲ့ချေ။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျိုးဘူတန်၏ မျက်နှာက မဲမှောင်သွားသည်။
ကျိုးဘူတန်သည် အရာအားလုံးကိုတွက်ချက်ပြီး ထည့်စဉ်းစားခဲ့သော်လည်း ဤရဲ့ဟိုင်ဆိုသောကောင်က သူ၏ အစီအစဉ်များအားလုံးကို ယခုလို ပြောင်းပြန်လှန်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူများကို ခွေးများ ကြက်များလို အလွယ်တကူ သတ်ဖြတ်နိုင်သောစွမ်းအား... ဤစွမ်းအားကို ပိုင်ဆိုင်ထားသည့်လူမှာ မည်မျှကြောက်စရာကောင်းမည်ဆိုတာကို စိတ်ကူးပင် ယဉ်ကြည့်နိုင်မည် မဟုတ်ပေ။
" ရဲ့ဟိုင် ငါတို့စကားကို အေးဆေးပြောရအောင် "
ရဲ့ဟိုင် ထပ်လှုပ်ရှားရန် ကြံရွယ်နေလျှင် ကျိုးဘူတန် ကမန်းကတန်း အော်ပြောလိုက်၏။ လက်ရှိအချိန်တွင် သူတကယ်ထိတ်လန့်နေပြီဖြစ်သည်။ သူသာ ရဲ့ဟိုင်ကို မတားဘူးဆိုလျှင် ကျိုးမိသားစု၏ အင်မော်တယ်သခင်အဆင့် ပုဂ္ဂိုလ်များအားလုံး ထိုကောင်၏လက်ထဲ၌ သေဆုံးသွားနိုင်ဖွယ်ရှိ၏။
ထိုကောင် ဒုတိယမြောက်သတ်သွားသည့်လူက ကျိုးမိသားစုတွင် အင်မော်တယ်သခင်အဆင့် ( 7 ) ကို ရောက်ရှိနေသောသူဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်သခင်အဆင့် ( 8 ) တွင်ရှိသော သူကလဲ ရဲ့ဟိုင်ကိုဘာမှလုပ်နိုင်မည်မဟုတ်ချေ။
" မင်းမေ့နေတဲ့ပုံပဲ .. ငါတို့ကြားထဲမှာ ဘာမှဆွေးနွေးစရာ မရှိဘူးလို့ထင်တယ် "
ရဲ့ဟိုင် ကျိုးဘူတန်ကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။
" မဟုတ်ဘူး ရဲ့ဟိုင် ငါတို့ကျိုးမိသားစုက တတ်နိုင်တဲ့အရာဆိုရင် မင်းဘာမဆို တောင်းဆိုလို့ရတယ်၊ ကျေးဇူးပြုပြီးတော့ ဆက်ပြီးမလှုပ်ရှားပါနဲ့တော့ "
ကျိုးဘူတန် ရဲ့ဟိုင်ကို တောင်းပန်ခယသော အမူအရာဖြင့် ပြောလိုက်သည်။
" တကယ်လား "
ရဲ့ဟိုင်ပြုံးပြီး ပြန်မေးလိုက်၏၊
" တကယ်ပါ .. လုံးဝကို ကြိုက်တာတောင်းဆိုလို့ရပါတယ်၊ တစ်ချက်လေးတောင် လက်မတွန့်စေရပါဘူး "
ကျိုးဘူတန် ကမန်းကတန်းပင် ခေါင်းညိတ်ကာ ပြောလိုက်သည်။ သိက္ခာကျရမည် ဆိုရင်တောင်မှ သူ ထိုနတ်ဆိုးကောင်ကို နည်းနည်းလေးတောင် ထပ်လှုပ်ရှားခွင့် မပေးနိုင်တော့ချေ။
" ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့ကျိုးမိသားစုမှာ ငါစိတ်ဝင်စားတဲ့အရာ ဘာတစ်ခုမှမရှိဘူး "
ရဲ့ဟိုင်၏ စကားက ဘာတောင်းတောင်း ရအောင်ပေးမည်ဟု ဆုံးဖြတ်ထားသော ကျိုးဘူတန်ကို အံ့အားသင့်သွားစေ၏။ သို့သော်လည်း ရဲ့ဟိုင်၏ လက်ရှိ စွမ်းအားနှင့် ကြောက်စရာကောင်းနိုင်လောက်သည့် နောက်ခံကို ပြန်စဉ်းစားမိလိုက်သောအခါ ဤအရာက သဘာဝကျသည်ဆိုတာကို နားလည်သွားသည်။
ထိုအချိန်တွင် ရဲ့ဟိုင်သက်ပြင်းချလိုက်ပြီး...
" ဒါပေမဲ့ ကျိုးခေ့ခေ့ ကြောင့် မင်းတို့ကျိုးမိသားစုကို ရှင်သန်ဖို့အတွက် ငါအခွင့်အရေးပေးလိုက်မယ် "
" ကျိုးခေ့ခေ့ မင်းအခုကော ပင်မကျိုးမိသားစုနဲ့ ပေါင်းစပ်ဖို့အတွက် ဆန္ဒရှိသေးလား "
ရဲ့ဟိုင် ကျိုးခေ့ခေ့ ကိုကြည့်ကာ မေးလိုက်၏။
" ငါ့ရဲ့ ကျိုးမိသားစုခွဲမှာပဲ အေးအေးဆေးဆေး နေချင်တော့တယ်၊ ပင်မမိသားစုထဲကို မဝင်ချင်တော့ဘူး "
ကျိုးခေ့ခေ့ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
မူလက မိမိမိသားစု၏ တာဝန်များအားလုံးကို ပုခုံးပေါ်ထမ်းထားရသဖြင့် ပင်မကျိုးမိသားစုထဲကို အတင်းအကြပ် ဝင်ရောက်လိုခဲ့ခြင်းဖြစ်၏။
သို့သော် ယခုတော့ ထိုကျိုးဘူတန်ဆိုသော လူ၏ ရည်မှန်းချက်များက အလွန်အမင်းကို ကြီးမားလွန်းလှသည်။
ထို့ကြောင့် ကျိုးခေ့ခေ့ သည် ပင်မကျိုးမိသားစုနှင့် ဝေးဝေးမှာနေလိုက်သည်က အကောင်းမွန်ဆုံးဆိုတာကို နားလည်သွားပြီဖြစ်၏။
" သူပြောတာကြားလား "
ရဲ့ဟိုင် ကျိုးဘူတန်အား စိုက်ကြည့်လိုက်ပြီး ကျိုးခေ့ခေ့ ကို ညွှန်ပြကာ ...
" အခုချိန်ကစပြီး မင်းရဲ့ ပင်မကျိုးမိသားစုက ကျိုးခေ့ခေ့ မျိုးနွယ်ကို လုံးဝနှောင့်ယှက်ပြီး ထိပါးလို့မရဘူး၊ ပြီးတော့ ကျိုးခေ့ခေ့ရဲ့ မျိုးနွယ်ခွဲက တစ်ခြားအင်အားစုတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရရင်လဲ မင်းဝင်ရောက်စွက်ဖက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းပေးရမယ် "
" သခင်လေးရဲ့"
ထိုအချိန်တွင် ယီရှောင်းက လေးနက်သော အမူအရာဖြင့် ရဲ့ဟိုင်ကို ဦးညွှတ်လိုက်ပြီး...
" ဒီကိစ္စပြီးသွားရင် ငါတို့ရှန်ကျင်းဂိုဏ်းက ကျိုးမိသားစုနဲ့ တိုက်ပွဲဖြစ်မှာ အသေအချာပဲ၊ သခင်လေးရဲ့ ရပ်တည်ချက်က ဘယ်လိုလဲဆိုတာ သိချင်ပါတယ် "
ယခင်ကဆိုလျှင်တော့ ယီရှောင်း ရဲ့ဟိုင်၏ ရပ်တည်ချက်ကို လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ချေ။
လျစ်လျူရှုထားမည်ဖြစ်သည်။
သို့သော် ယခုတော့ သူဤကဲ့သို့ မလုပ်နိုင်တော့ဘူးဖြစ်၏။
ယီရှောင်းသည် သူ၏ခန့်မှန်းချက်အရဆိုလျှင် ရဲ့ဟိုင်၏ရုပ်ခန္ဓာက အင်မော်တယ်ဘုရင်အဆင့်များနှင့်ပင် နှိုင်းယှဉ်နိုင်ကြောင်း သတိထားမိသည်။
ထိုသို့သာမဟုတ်လျှင် သူက ကျိုးမိသားစု၏ ထိပ်တန်းအင်မော်တယ်သခင်အဆင့် ကျင့်ကြံသူများကို ခွေးလိုကြက်လို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
" အင်မော်တယ်ဘုရင်အဆင့် ရုပ်ခန္ဓာ "
တစ်နည်းဆိုရသော် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်မှလွဲ၍ မည်သူကမှ ရဲ့ဟိုင်ကို ယှဉ်နိုင်တော့မည် မဟုတ်ဘူးဖြစ်၏။
ရှန်ကျင်းဂိုဏ်းတွင်လည်း အင်မော်တယ်ဘုရင်အဆင့် ဘိုးဘေးတစ်ပါးရှိသည်။ သို့သော် ထိုဘိုးဘေးတောင်မှ ရဲ့ဟိုင်ကို သတ်ဖြတ်နိုင်မည်ဟု မည်သူမှ အာမမခံနိုင်ချေ။
အင်မော်တယ်ဘုရင်အဆင့်ထဲတွင်လည်း သူ့အားသာချက်နှင့် အားနည်းချက်များ ကိုယ်စီရှိကြလေ၏။
အဓိကအချက်မှာ ရဲ့ဟိုင်၏ ခန္ဓာကိုယ်က မည်မျှလောက်ထိ သန်မာလဲဆိုတာကို သူလဲမသိပေ။ သိအောင် စမ်းသပ်ဖို့ကြတော့လဲ လူတချို့သည် သွား၍စမ်းသပ်လို့ ရသည့်သူများမဟုတ်ကြောင်း သိအောင် ယီရှောင်းကောင်းကောင်းနားလည်ထားသည်။
ထို့အပြင် ဤကဲ့သို့ ပါရမီရှင်တစ်ယောက်ဖြစ်သော ရဲ့ဟိုင်၏ နောက်တွင်လည်း ထိပ်သီးအင်အားစုက မရှိဘဲနေမည်လား။
၎င်းနောက်ခံကို တွေးလိုက်တိုင်း သူ့တွင် ထိတ်လန့်မှုကလွဲ၍ ဘာအဖြေမှ ရှိမလာချေ။
***