" မင်းတို့အဖွဲ့နှစ်ဖွဲ့ ကြားတိုက်ပွဲက ဘယ်လိုဖြစ်လာမလဲဆိုတာ ငါဂရုမစိုက်သလို ငါနဲ့လဲ မဆိုင်ဘူး၊ ဒါပေမဲ့ ငါ့ရဲ့မိတ်ဆွေ မိသားစုကိုတော့ လုံးဝမထိခိုက်စေနဲ့ "
ရဲ့ဟိုင် ကျိုးခေ့ခေ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
" စိတ်ချပါ .. သူမရဲ့မိသားစုကို မှည့်တစ်ပေါက်တောင် မစွန်းစေရပါဘူး "
" ကောင်းပြီ … အဲ့တာဆိုရင် ဒီကိစ္စ ငါနဲ့မဆိုင်တော့ဘူး "
ရဲ့ဟိုင် ကျိုးခေ့ခေ့ကို လက်ယက်ကာ ခေါ်လိုက်ပြီး ...
" ငါတို့ ထွက်သွားကြစို့ "
ကျိုးခေ့ခေ့သည် လေထဲသို့ လျင်မြန်စွာ ပျံသန်းတက်လာပြီး ရဲ့ဟိုင်အနားရောက်လာသည်။
" သွားကြရအောင် "
ရဲ့ဟိုင် တည်ငြိမ်စွာပြောပြီး လေထုထဲတွင် ပျံသန်း၍ ထွက်ခွာသွား၏။ ကျန်လူများကလဲ သူ့နောက်ကနေ လိုက်လာလေသည်။
ဤတစ်ကြိမ်တွင် ကျိုးမိသားစုမှ မည်သည့်ထိပ်သီးကျင့်ကြံသူမှ ရဲ့ဟိုင်တို့ အုပ်စုကို တားဆီးရဲခြင်းမရှိပေ။
အကုန်လုံးက အသက်ပင်ရဲရဲ မရှူရဲဘဲ ကျောက်ရုပ်ထုများလို တောင့်တောင့်ကြီး ရပ်နေကြသည်။
ထွက်ခွာသွားသော ရဲ့ဟိုင်၏ နောက်ကျောကိုကြည့်ပြီး ကျိုးဘူတန်သည် ကျိုးမိသားစုက သမိုင်းကြောင်းတွင် အကြီးမားဆုံး အန္တရာယ်တွင်းထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နားလည်လိုက်လေ၏။
ရှန်ကျင်းဂိုဏ်းဆိုသည်မှာ ရန်ချီနယ်မြေတွင် အစောဆုံးဖြစ်ပေါ်လာသည့်ဂိုဏ်းဖြစ်ပြီး ကျိုးမိသားစုက ၎င်းနှင့်မယှဉ်နိုင်ချေ။
ထို့အပြင် ရှီစင်းယု၏ အမိန့်အောက်၌ တာဝန်ထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေသော အင်မော်တယ်သခင်အဆင့် အဖွဲ့အစည်းအကြောင်းကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သေးသည်။
" စစ်ပွဲသတိပေးချက်ကို မျိုးနွယ်စုမှာ အမိန့်ထုတ်လိုက် .. တိုက်ပွဲအတွက် အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေပါစေ "
ကျိုးဘူတန်သည် တစ်ခဏတုံ့ဆိုင်းပြီးနောက် တိုက်ပွဲကို စတင်ရန်အတွက် မိသားစုဝင်များအား အမိန်ပေးလိုက်၏။
တစ်ဖက်တွင် ရဲ့ဟိုင်နှင့်အဖွဲ့ ပင်မကျိုးမိသားစုနေအိမ်မှ ထွက်ခွာလာပြီးနောက် ကျိုးခေ့ခေ့သည် သူမအိမ်ပြန်လိုကြောင်း ထုတ်ဖော်ပြောဆိုလာသည်။
ရဲ့ဟိုင် တစ်ခဏစဉ်းစားပြီးနောက်...
" ဒါက မင်းအတွက်ပဲ "
" မဟုတ်ဘူး .. ငါအဲ့တာကိုမလိုချင်ဘူး "
ကျိုးခေ့ခေ့ ရဲ့ဟိုင်ထုတ်ပေးလာသော သိုလှောင်အိတ်ကိုကြည့်ပြီး အသည်းအသန်ပင် ငြင်းဆန်လိုက်၏။ တစ်ချိန်လုံး ရဲ့ဟိုင်က သူမကို ကူညီပေးခဲ့ပြီး သူမအနေဖြင့် ဘာမှကူညီပေးနိုင်ခဲ့ခြင်း မရှိပေ။
မည်ကဲ့သို့ မျက်နှာနှင့် ရဲ့ဟိုင်ပေးထားသော သိုလှောင်အိတ်ကို ထပ်မံ၍ယူဆောင်ရမည်နည်း။
" ယူလိုက် .. ငါဒီကနေ မကြာခင်ထွက်ခွာသွားတော့မှာ "
ရဲ့ဟိုင် သိုလှောင်အိတ်ကို ကျိုးခေ့ခေ့၏ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
" ဒါဆို ငါနင့်ကို ထပ်ပြီးတော့ အနာဂါတ်မှာ တွေ့ရဦးမှာလား "
ကျိုးခေ့ခေ့၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားပြီး ရဲ့ဟိုင်ကို မျှော်လင့်ချက်များ ပြည့်နေသော မျက်လုံးဖြင့် ကြည့်ကာမေးလိုက်၏။
ဘေးနားတွင်ရှိသော လုရန်ရန်က ရဲ့ဟိုင် ဤနေရာကနေ ထွက်ခွာသွားမည်ဆိုသော စကားအဓိပ္ပါယ်ကို သေချာမသိနိုင်သော်လည်း၊ ကျိုးခေ့ခေ့ကတော့ ရဲ့ဟိုင် မကြာခင် ကောင်းကင်ဘုံမှထွက်ခွာပြီး အင်မော်တယ်ဘုံသို့ ပြန်သွားမည်ဆိုတာကို သေချာသိလေသည်။
" အခွင့်အရေးရှိခဲ့ရင်ပေါ့ "
ရဲ့ဟိုင် မယုတ်မလွန် ပြန်ပြောလိုက်၏။
ထိုစကားက ကျိုးခေ့ခေ့၏မျက်နှာကို ညှိုးငယ်သွားစေသည်။
" ကောင်းပြီ နင်နောက်တစ်ခါ .. ရန်ချီနယ်မြေထဲရောက်လာရင် ငါ့ကိုမဖြစ်မနေ လာတွေ့ရမယ် "
ကျိုးခေ့ခေ့ ရဲဆေးတင်ကာဖြင့် ရှေ့ကိုခြေတစ်လှမ်းတိုးပြီး ရဲ့ဟိုင်အား ပွေ့ဖက်လိုက်လေသည်။ ပြန်ခွာလိုက်ချိန်တွင် သူမ၏ မျက်လုံးထဲ၌ မျက်ရည်များက စိုစွတ်နေခဲ့ချေပြီ။
ရဲ့ဟိုင် ဘာမှမပြောဘဲ ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။
ကျိုးခေ့ခေ့သည် ထွက်ခွာသွားရန်အတွက် တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင်သူမ ပြတ်သားစွာဖြင့် လှည့်ထွက်သွားခဲ့၏။
တကယ်တော့ ကျိုးခေ့ခေ့ ဤကဲ့သို့ အလျင်အမြန် ထွက်ခွာသွားရသည့် အကြောင်းအရင်းမှာ လုရန်ရန် ကြောင့်ဖြစ်သည်။
လုရန်ရန်၏ ရှေ့မှောက်တွင် ကျိုးခေ့ခေ့ သူမက ဟာသဖြစ်နေသလို ခံစားနေရ၏။ ကျင့်ကြံဆင့် သို့မဟုတ် ရုပ်ရည်၊ စွမ်းအား၊ အရှိန်အဝါ မည်သည့်နေရာတွင်ဖြစ်စေ လုရန်ရန်က သူမထက်အများကြီး သာလွန်လှသည်။
ထို့ကြောင့် ရဲ့ဟိုင်ဘေးနားတွင် လုရန်ရန်နှင့် အတူတူ ယှဉ်တွဲနေရသည်က ဒေါင်းငှက်တစ်ကောင်နှင့် ဘဲရုပ်ဆိုးတစ်ကောင်ကို အတူယှဉ်တွဲပြနေသလို ဖြစ်နေ၏။
ထို့ကြောင့် သူမ ရဲ့ဟိုင်နှင့် လုရန်ရန်ကို ထားခဲ့ပြီး ဤကဲ့သို့ အလျင်စလို ထွက်ခွာလာခဲ့ခြင်းပင်။
ကျိုးခေ့ခေ့ ထွက်ခွာသွားပြီးနောက် ရှီစင်းယုသည် စကားပြောရန်အတွက် အခွင့်အရေးရသွားပြီး ...
" သခင်လေးရဲ့ မင်းက .. မှော်ဆေးပညာရှင်တစ်ယောက်လားဆိုတာ မေးလို့ရမလား "
" ဘာလို့အဲ့လိုမေးတာလဲ "
ရဲ့ဟိုင် တအံ့တဩဖြင့်ကြည့်ကာ ရှီစင်းယုကို ပြန်မေးလိုက်၏။
" ငါ့ဆရာပြောချင်တာက မီးလျှံတောင်တန်းပေါ်ကနေ မီးတောက်မြက်တွေကို နင်ယူသွားတာလားလို့ .. အဓိကမေးချင်တာ "
ထိုအချိန်တွင် ဟောင်အယ်က သူမ ဆရာ ပြောမထွက်ဖြစ်နေသည်ကို နားလည်သဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
ရှီစင်းယု တပည့်မဖြစ်သူ ဟောင်အယ်ကို စိုက်ကြည့်လိုက်ပြီး...
" ကောင်မလေး ဒီနေရာမှာ နင့်ကိုစကားဝင်ပြောခိုင်းလို့လား "
ရဲ့ဟိုင် ပြုံးလိုက်ပြီး...
" ဟုတ်တယ် .. မီးတောက်မြက်တွေကိုယူသွားတာ ကျုပ်ပဲ "
" ဒါဆို သခင်လေးရဲ့ .. မင်းငါ့ကို မီးတောက်မြက် တစ်ပင်လောက် ပေးနိုင်မလားလို့ တောင်းဆိုချင်ပါတယ် "
ရဲ့ဟိုင်က တိုက်ရိုက်ဝန်ခံလာလျှင် ရှီစင်ယု အံ့အားသင့်သွားခဲ့၏။ ထို့နောက် ရဲ့ဟိုင်ဆီက သူ မီးတောက်မြက်တစ်ပင်ကို တလေးတစားပင် တောင်းဆိုလိုက်သည်။
အခြားလူများသာဆိုလျှင်သူ ဤကဲ့သို့ပြောနေမည်မဟုတ်ချေ။ မီးတောက်မြက်များ အကုန်လုံးကို တန်ရာတန်ကြေးပေးပြီး ဝယ်ယူလိုက်မည်ဖြစ်၏။
ရဲ့ဟိုင်ကတော့ မတူညီဘူးဖြစ်သည်။
" မရဘူး "
ရဲ့ဟိုင် ပြတ်ပြတ်သားသား ငြင်းလိုက်၏။
" ရဲ့ဟိုင် .. ဆရာရှီက ရန်ချီနယ်မြေတစ်ခုလုံးမှာ နံပါတ်တစ် မှော်ဆေးပညာရှင်တစ်ယောက်ပါ "
ထိုအချိန်တွင် လုရန်ရန် ရဲ့ဟိုင်အနားကပ်ကာ တီးတိုးလေသံဖြင့် …
" ဆရာရှီဆီမှာသာ ကျေးဇူးကြွေးတင်သွားရင် နောင်ဆေးလုံးတစ်လုံး သန့်စင်ဖို့လိုအပ်တဲ့အချိန် ... "
လုရန်ရန်သည် စကားကိုထိုမျှနှင့် ရပ်တန့်လိုက်ပြီး အဆုံးထိမပြောခဲ့သော်လည်း အဓိပ္ပါယ်ကတော့ ရှင်းလင်းနေ၏။
သို့သော် လုရန်ရန် မမျှော်လင့်ထားသည်မှာ ရဲ့ဟိုင် ခေါင်းကိုညှင်သာစွာ ခါယမ်းလိုက်ပြီး...
" ငါ့အတွက်လိုအပ်တဲ့ ဆေးလုံးမှန်သမျှကို ငါကိုယ်တိုင်သန့်စင်နိုင်တယ် "
" ဟမ့် .. နင့်ရဲ့ မှော်ဆေးပညာရပ်က ငါ့ဆရာထက် မြင့်နိုင်လို့လား "
ရဲ့ဟိုင်၏ စကားကိုကြားလျှင် ဟောင်အယ် တိတ်ဆိတ်ကာ မနေနိုင်တော့ဘဲ ခပ်စွာစွာဖြင့် ဝင်ရောက်ပြောဆိုသည်။
" အခုလောလောဆယ် ငါက ရွှေအင်မော်တယ်အဆင့်နဲ့ အင်မော်တယ်သခင်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်တဲ့ အရည်အချင်းတော့မရှိဘူး၊ ဒါပေမဲ့ ကျောက်စိမ်းအင်မော်တယ်အဆင့်နဲ့ အဲ့ဒီအောက်ဆေးလုံးတွေမှာတော့ ငါ့ကိုယှဉ်ပြိုင်နိုင်တဲ့ မှော်ဆေးပညာရှင် များများစားစားမရှိတာ အသေအချာပဲ "
" လေကတော့ကြီးချက်ပဲ နင်သိထားရမှာက ငါ့ဆရာရဲ့ မှော်ဆေးလုံး ဖော်စပ်နှုန်းက အမြဲတမ်း ( 90 ) ရာခိုင်နှုန်းအကျော်မှာရှိတယ် "
ဟောင်အယ် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ထပ်ပြောလိုက်၏။
" အဲ့လိုဆိုရင်တောင်မှ မီးတောက်မြက်တွေက ငါ့အတွက် အသုံးဝင်တယ်၊ ငါတစ်ပင်လေးတောင်မှ မစွန့်လွှတ်နိုင်ဘူး "
ရဲ့ဟိုင် ဟောင်အယ်ကိုကြည့်ကာ ပြောလိုက်ခြင်းမဟုတ်ဘဲ ရှီစင်းယုကိုကြည့်ကာ တည့်တိုးပြောလိုက်ခြင်းဖြစ်သည်။
" အဲ့တာဆိုရင် ငါ့ကို တစ်ပင်မဟုတ်ဘဲ .. တစ်ပိုင်းပဲပေးပါ၊ တစ်ပိုင်းကလုံလောက်ပါပြီ "
ရှီစင်းယု ရဲ့ဟိုင်က အကြမ်းဖက်လို့ ရသောသူ မဟုတ်သဖြင့် တစ်ထစ်လျော့ကာ တောင်းဆိုလိုက်လေ၏။
သူ့တပည့် ခူးလာသော တစ်ပင်နှင့် ရဲ့ဟိုင်ဆီက တစ်ပိုင်းရလျှင် သူဆေးညွှန်းအသစ်ကို သုံးခါ ဖော်စပ်ပြီး စမ်းသပ်နိုင်ချေပြီ။
" ရဲ့ဟိုင် ငါသိသလောက်ဆိုရင် မီးလျှံတောင်တန်းမှာ မီးတောက်မြက်က အပင် ( 600 ) ကျော်ရှိတယ်၊ ဆရာရှီကို အပင် ( 10 ) ပင် ဒါမှမဟုတ် ( 8 ) ပင်လောက်ပေးတာက နင့်အတွက်ဘာမှ မနစ်နာသွားဘူးမလား "
လုရန်ရန်သည် ရဲ့ဟိုင်ကဲ့သို့ ဉာဏ်ကောင်းသော သူတစ်ယောက်က အဘယ့်ကြောင့် လက်ရှိအချိန်တွင် မိုက်မဲစွာ ပြုမူနေလဲဆိုတာကို လုံးဝနားမလည်နိုင်ချေ။
ဤအရာက မည်ကဲ့သို့သော ရွှေရောင်အခွင့်အရေးဖြစ်သနည်း။
ရှီစင်းယုလို ထိပ်တန်းမှော်ဆေးပညာရှင်တစ်ယောက်နှင့် ချိတ်ဆက်မိခြင်းက ရဲ့ဟိုင်၏ အနာဂါတ်အတွက် အလွန်အမင်း အကျိုးရှိစေမည်ဖြစ်၏။
" မီးတောက်မြက်တစ်ပင်ရဲ့ တန်ဖိုးကို မင်းသိလား "
ရဲ့ဟိုင် လုရန်ရန်ကို တည်တည်ငြိမ်ငြိမ်ကြည့်ပြီး ပြန်မေးလိုက်သည်။
" တန်ဖိုးဟုတ်လား သူကဘယ်လောက်တန်လို့လဲ "
လုရန်ရန် မီးတောက်မြက်၏တန်ဖိုးကို တကယ် လုံးဝသိခြင်းမရှိပေ။
" မီးတောက်မြက်တစ်ပင်ဆိုတာက ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံး နှစ်ခါဖော်စပ်နိုင်ပြီး ဆေးလုံး ( 18 ) လုံး ရရှိနိုင်တယ် "
ရဲ့ဟိုင် စကားဆုံးသည်နှင့် ရှီစင်းယုနှင့် ဟောင်အယ်တို့နှစ်ယောက်က အလန့်တကြား ထအော်လိုက်လေ၏။
" ဘာ .. ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးအကြောင်းကို နင်ကဘယ်လိုလုပ်သိနေတာလဲ "
***