" မင်းတို့လဲ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးအကြောင်းကို သိနေမှတော့ မီးတောက်မြက်က အဓိက ပါဝင်ပစ္စည်းဖြစ်တယ်ဆိုတာကိုလည်း သိထားသင့်တယ် "
ရဲ့ဟိုင် ဟောင်အယ်ကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ပြောလိုက်၏။
" ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးရဲ့ အကျိုးကျေးဇူးက ဘာတွေမို့လို့ အဲ့လောက်တောင်မှ အဖိုးတန်နေရတာတုန်း "
လုရန်ရန် ရဲ့ဟိုင်ကို သိချင်စိတ်များနှင့်အတူ မေးလိုက်လေသည်။
" ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးဆိုတာက ကျောက်စိမ်းအင်မော်တယ်အဆင့် ( 13 ) မှာရှိတဲ့ လူတစ်ယောက်ကို ကျင့်ကြံအဆင့်နှစ်ခု တိုက်ရိုက်တိုးတက်စေနိုင်စွမ်းရှိတယ်၊ ကျောက်စိမ်းအင်မော်တယ်အဆင့် ( 18 ) အထက် ကျင့်ကြံသူတွေကိုလည်း နယ်ပယ်တစ်ခုကို အဆင့်တိုးစေနိုင်စွမ်းရှိတဲ့ ဆေးပဲ "
ရဲ့ဟိုင်ထိုသို့ပြောပြီးသည်နှင့် လုရန်ရန်အားကြည့်လိုက်ပြီး...
" အခုလောက်ဆိုရင် မီးတောက်မြက်တစ်ပင်ရဲ့ တန်ဖိုးက ဘာလဲဆိုတာ မင်းနားလည်သွားပြီမလား "
" မဟုတ်သေးဘူး၊ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးအကြောင်းကို နင်သိတယ်ဆိုရင် အဲ့ဒီဆေးလုံးကို သန့်စင်ဖို့ကလဲ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို နင်ကောင်းကောင်းသိထားသင့်တယ်၊ ပါးစပ်ကပြောသလို ဆေးက ချက်ချင်း ထွက်လာနိုင်တာ မဟုတ်ဘူး "
ဟောင်အယ် လက်မခံလိုစိတ်များနှင့်အတူ ဝင်ပြောလိုက်၏။
" အခက်အခဲ ဟုတ်လား "
ရဲ့ဟိုင် ပြုံးလိုက်ပြီး ...
" ဆေးလုံးကို သန့်စင်ဖို့ ဘယ်လောက်ခက်ခဲမှာမို့လို့လဲ "
" နင်စကားပြောမစောနဲ့ဦး လက်ရှိ လူတိုင်းလက်ထဲမှာရှိနေတဲ့ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးညွှန်းတွေက မပြည့်စုံတဲ့ ဆေးညွှန်းတွေပဲ၊ ငါ့ဆရာရဲ့ ဆေးညွှန်းကတော့ လုံးဝပြီးပြည့်စုံတဲ့ ဆေးညွှန်းတစ်ခုဖြစ်နေပြီ "
ဟောင်အယ် ယုံကြည်မှုရှိစွာဖြင့် …
" အဲ့ဒါကြောင့် မီးတောက်မြက်က နင့်လက်ထဲမှာထက် ငါ့ဆရာလက်ထဲမှာ ပိုအသုံးဝင်တယ်၊ ငါ့ဆရာထက် ဘယ်သူကမှ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးကို ဖော်စပ်နိုင်မှာမဟုတ်ဘူး "
" ဒါဆိုရင် နင့်ရဲ့ဆရာက အဲ့ဒီဆေးလုံးကို တကယ်သန့်စင်နိုင်ပြီပေါ့ "
ရဲ့ဟိုင် ဟောင်အယ်ကို တအံ့တဩဖြင့်ကြည့်ပြီး မေးလိုက်သည်။
" ဒါပေါ့ .. "
ဟောင်အယ် ထိုသို့ပြောလိုက်သည့်အချိန်တွင် တစ်ဖက်၌ ရှီစင်းယု၏ နှုတ်ခမ်းက တဆတ်ဆတ် တုန်ခါသွား၏။
ရှီစင်းယုသည် ဆေးညွှန်းအပြည့်အစုံကို ရရှိထားပြီးသော်လည်း ၎င်းက အစစ်အမှန်ဖြစ်ကြောင်းကို စမ်းသပ်ပြီး မဖော်စပ်ရသေးပေ။
သို့သော် ရှီစင်းယုကလဲ သူ၏တပည့်ဖြစ်သူဟောင်အယ်က ပြောပြီးမှတော့ မငြင်းဆန်နိုင်တော့ဘူးဖြစ်သည်။
" အိုး"
ရဲ့ဟိုင် လုရန်ရန်ကို ကြည့်လိုက်ပြီး...
" မင်းတို့ ရှန်ကျင်းဂိုဏ်းက ရန်ချီနယ်မြေမှာ အစောဆုံးဖြစ်တည်လာတဲ့ ဂိုဏ်းမလား "
" ဟုတ်တယ် "
လုရန်ရန် ရဲ့ဟိုင်အဘယ့်ကြောင့် မေးသည်ဆိုတာကို မသိသော်လည်း ခေါင်းညိတ်လိုက်၏။
" ဒါဆိုရင် ငါ မင်းတို့ရှန်ကျင်းဂိုဏ်းကနေ အရင်းအမြစ်တချို့ကို ဝယ်ယူချင်တယ် "
" စိတ်မပူနဲ့ နင်လိုအပ်သလောက် အရင်းအမြစ်တွေကိုပြောလိုက် .. ငါနင့်ကို ရအောင်လုပ်ပေးမယ် "
လုရန်ရန် ချက်ချင်းပင် အာမခံကာ ပြောလိုက်သည်။ ရဲ့ဟိုင်သည် သူမ၏အသက်ကို တစ်ကြိမ်ကယ်တင်ခဲ့ရုံသာမက အလွန်အဖိုးတန်သော အင်မော်တယ်ဘုရင်သွေးတစ်စက်ကိုလည်း ပေးခဲ့၏။
ထို့ကြောင့် ဤအရင်းအမြစ်များကို သူမအနေဖြင့် ပြန်ပေးရန်က မခက်ခဲချေ။
" ဟုတ်တယ် မင်းလိုအပ်တဲ့ အရင်းအမြစ်စာရင်း ငါတို့ကိုပေးလိုက်ရုံပဲ၊ ကျန်တာဘာမှမလိုဘူး "
ယီရှောင်းကလဲ ဝင်ရောက်ပြောဆိုလိုက်သည်။ ယီရှောင်းသည် ရဲ့ဟိုင်၏တန်ဖိုးကို ကောင်းကောင်းသိလေ၏။ ထို့ကြောင့် ရဲ့ဟိုင်တောင်းဆိုချက်က အဆမတန် များပြားနေလျှင်တောင် ယီရှောင်းစိတ်မပူချေ။
ရဲ့ဟိုင်သာ ဂိုဏ်းအပေါ်ကို ကျေးဇူးကြွေးများများတင်သွားလေ အနာဂါတ်၌ များများပြန်ဆပ်ရလေဖြစ်သည်။ ထို့ကြောင့် ရဲ့ဟိုင်လိုအပ်သော အရင်းအမြစ်များကို အလကားပေးရန် စဉ်းစားထားလေ၏။
" မဟုတ်ဘူး အဲ့လိုမလုပ်နဲ့ .. တန်ရာတန်ကြေးအတိုင်းပဲ ပေးဝယ်မယ် "
ရဲ့ဟိုင် ခေါင်းကိုညှင်သာစွာခါယမ်း၍ ပြောလိုက်သည်။
ရဲ့ဟိုင်က ထိုသို့ပြောလာလျှင် ယီရှောင်း ဆက်မပြောတော့ချေ။
" ဒါဆိုရင်လဲ လိုအပ်တဲ့စာရင်းကိုသာပေးလိုက်ပါ၊ ရှန်ကျင်းဂိုဏ်းက မင်းစိတ်ကျေနပ်အောင်လို့ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ပေးမယ် "
" ရဲ့ဟိုင် ငါ့မှာလည်း မိတ်ဆွေနည်းနည်းပါးပါးရှိတယ်၊ မင်းလိုအပ်တဲ့အရာကိုသာပြောလိုက်၊ ငါလဲဖြည့်ဆည်းပေးနိုင်မှာ အသေအချာပဲ "
ရှီစင်းယုက ဝင်ရောက်ကာ ပြောဆို၏။
" ကျွန်တော်လိုအပ်တဲ့အရာက ကြီးကြီးမားမား မဟုတ်တော့ အကြီးကဲကို ဒုက္ခမပေးတော့ပါဘူး "
ရဲ့ဟိုင် ရှီစင်းယုကို ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းပယ်လိုက်သည်။
ရှီစင်းယု ဘာလိုချင်လဲဆိုတာ ရဲ့ဟိုင် ကောင်းကောင်းသိလေ၏။
ထို့ကြောင့် ရဲ့ဟိုင်က ရှီစင်းယုကို လုံးဝအကူအညီမတောင်းခြင်းပင်။
" ရဲ့ဟိုင် ငါနင့်ကို ပြောနိုင်တာတစ်ခုက ငါ့ရဲ့ ဆရာဆိုတာ ရန်ချီနယ်မြေရဲ့ နံပါတ်တစ်မှော်ဆေးပညာရှင်တစ်ယောက်ပဲ၊ နင်လိုအပ်တဲ့ ဆေးပင်အကုန်လုံး သူ့အနေနဲ့ အလွယ်တကူ ရှာပေးနိုင်စွမ်းရှိတယ် "
ဟောင်အယ် မကျေမနပ်နှင့် ဝင်ပြောလေသည်။
ပြောရရင် သူမက မကျေမနပ် ဖြစ်နေတောင်မှ အလွန် လှသည် ဆိုရမည်ဖြစ်သည်။ သူမသည် နှင်းဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်ကောက်ကောက်ကောက်လေးနှင့် တင်ပါးလုံးပြီး ခန္ဓာကိုယ်အချိုးအစားကလည်း ထင်နေအောင် ထွက်ပေါ်နေသည်။
ယခု သူမ ခါးထောက်ပြီး ရဲ့ဟိုင်ကို ဒေါသထွက်စွာ မကျေမနပ်ဖြင့် ပြောနေသည့်ပုံက သူမ၏ တင်ပါးအချိုးအစားကို ပို၍ပင် ထင်ရှားသွားစေ၏။ ၎င်းပုံစံက ရဲ့ဟိုင်ကို စချင်စိတ်ဖြစ်ပေါ်လာစေသည်။
" ကောင်မလေး နင် ငါ့ကိုသာ အဲ့ဒီလို ထပ်ပြီးတော့ စိုက်ကြည့်နေမယ်ဆိုရင် .. ငါ့ရဲ့ပုံရိပ်က နင့် နှလုံးသားထဲထိပါ စွဲမြဲသွားလိမ်မယ်နော် "
" ကောင်မလေး ဟုတ်လား .. နင်ဘယ်သူ့ကို ကောင်မလေးလို့ ခေါ်လိုက်တာလဲ "
ဟောင်အယ် မယုံကြည်နိုင်သော ဒေါသများဖြင့်အတူ...
" နင့်အသက်နဲ့ ငါ့အသက် ဘယ်လောက်ကွာလို့ ငါ့ကို ကောင်မလေးလို့ ခေါ်ရတာတုန်း "
ဟောင်အယ် ရဲ့ဟိုင်၏ အရိုးသက်တမ်းကို ကြည့်ရှုရုံဖြင့် သူမနှင့် အသက်သိပ်မကွာကြောင်း ကောင်းကောင်းလေး ပြောနိုင်၏။
" ငါ မင်းရဲ့ အသက်အရွယ် ကြည့်ပြီး ကောင်မလေးလို့ ခေါ်နေတာ မဟုတ်ဘူးနော် "
" ဒါဆို နင်ဘာကို ကြည့်ပြောနေတာလဲ "
ဟောင်အယ် ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင် သူမ၏ ရင်ဘတ်ကို စိုက်ကြည့်နေသည်အား သတိပြုမိလိုက်ပြီး ထိုကောင် ဘာပြောချင်မှန်း နားလည်သွားသည်။
သူမမှာ တင်ပါးစွင့်ကားပြီး ခန္ဓာကိုယ်က အလွန်လှသော်လည်း အသက်ငယ်သေးသဖြင့် ရင်ဘတ်ကတော့ အနည်းငယ် ပြားချပ်နေခဲ့၏။
" ရဲ့ဟိုင် .. နင် လူယုတ်မာကောင် "
ဟောင်အယ် ဒေါသတကြီး အော်ဟစ်လိုက်ပြီး မျက်နှာလည်း နီရဲတောက်သွားသည်။
ရှီစင်းယု၏ တိုက်ရိုက်တပည့်တစ်ယောက်အနေဖြင့် သူမ မည်သည့်ယောက်ျားမဆို သဘောကျပြီး မမြှောက်ပင့်သူ ရှိသနည်း။
ရှန်ကျင်းဂိုဏ်း၏ တိုက်ရိုက်တပည့်များပင် သူမကို ဤကဲ့သို့ မလှောင်ပြောင်ရဲချေ။ ယခုတော့ ထိုကောင်က ပေါ်ပေါ်တင်တင်ပင် လှောင်ပြောင်နေလေ၏။
" ကောင်းပြီ .. သွားကြရအောင် ဒီနေရာမှာ ဆက်နေလဲ အပိုပဲ "
ရဲ့ဟိုင် လုရန်ရန်ကို ကြည့်ကာ စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
***