တိမ်တိုက်လှေပေါ်တွင် ရဲ့ဟိုင် ရံဖန်ရံခါ လိုအပ်သော ဆေးအမည်စာရင်းများ ချရေးနေပြီး ရွှေအင်မော်တယ်အဆင့် တက်ရန်အတွက် နက်နဲသော တွက်ချက်မှုများ ပြုလုပ်နေ၏။
ရဲ့ဟိုင် ယခုအချိန်အထိ ရွှေအင်မော်တယ်အဆင့်သို့ အဆင့်တက်ရန် မကြိုးစားရသေးသည့် အကြောင်းအရင်းမှာ သူအချိန်ပိုယူလေ အဆင့်တက်သည့်အချိန်၌ အောင်မြင်မှု ကြီးမားလေဆိုတာကို ခံစားနေရသောကြောင့်ပင်။
ဤသို့ဖြင့် တစ်ရက်ခွဲကျော်သောအခါ ယီရှောင်း၏ ခွန်အားအပြည့်ဖြင့် မောင်းနှင်လာသော တိမ်တိုက်လှေ ရှန်ကျင်းဂိုဏ်းရှိရာသို့ ရောက်ရှိလာသည်။
ရှန်ကျင်းဂိုဏ်းသို့ ရောက်သည်နှင့် ယီရှောင်း ဂိုဏ်းချုပ်ထံသို့ အမြန်သွားပြီး ဖြစ်ပျက်ခဲ့သော အခြေအနေများအား ဂိုဏ်းချုပ် လျန်ယီထံ သတင်းပို့လေ၏။
အကုန်လုံး နားထောင်ပြီးသွားသည်နှင့် ဂိုဏ်းချုပ် လျန်ယီ၏ ဖီးနစ်မျက်လုံးထဲတွင် လူသတ်ချင်စိတ်များ ပြည့်နှက်လာသည်။
" ကျိုးမိသားစု တော်တော်လေး သတ္တိကောင်းနေတာပဲ "
" အခု ချက်ချင်း အရေးပေါ်ဆင့်ခေါ်အမိန့် ထုတ်ပြန်လိုက် "
လျန်ယီ အေးစက်သော အမူအရာဖြင့် ပြောလိုက်၏။
ထိုကဲ့သို့ အရေးပေါ်ဆင့်ခေါ်အမိန့် ထုတ်ပြန်ခြင်းက ရှန်ကျင်းဂိုဏ်းတစ်ခုလုံးကို တော်တော်လေး အံ့အားသင့်သွားစေသည်။
ဤသည်မှာ ဂိုဏ်းတွင် ကြီးမားသော အဖြစ်အပျက်တစ်ခု ရှိနေကြောင်း အချက်ပြနေခြင်းပင်။
ဤသို့ဖြင့် ရှန်ကျင်းဂိုဏ်းမှ ပြင်ပရောက်နေသော လူများအကုန်လုံး ဂိုဏ်းသို့ အမြန်ပြေးလွှားလာကြသည့်အချိန်တွင် ရှန်ကျင်းဂိုဏ်း၏ ဂိုဏ်းချုပ် လျန်ယီ နှင့် ယီရှောင်းတို့ နှစ်ယောက် ရဲ့ဟိုင်ရှိရာ ခြံဝန်းသို့ ထွက်လာခဲ့ကြ၏။
" ရဲ့ဟိုင်... မင်းတောင်းဆိုထားတဲ့စာရင်းမှာ ပါဝင်တဲ့ ဆေးပင်တွေအကုန်လုံးက ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးအတွက်ဆိုတာ ငါသတိထားမိတယ် "
ရှီစင်းယု ရှန်ကျင်းဂိုဏ်းသို့ လိုက်လာသည့်အပြင် ရဲ့ဟိုင်နှင့် အတူနေထိုင်ရန်လည်း ရွေးချယ်ခဲ့သည်။
လုရန်ရန်သည်လည်း ရှီစင်းယု၏ တောင်းဆိုမှုကို ငြင်းဆန်ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ရှီစင်းယုအပေါ်သို့ ကျေးဇူးကြွေးတင်ရန်ဆိုသည်မှာ ခက်ခဲသောအရာတစ်ခု ဖြစ်၏။
" ဟုတ်တယ် "
ရဲ့ဟိုင် ခေါင်းညိတ်လိုက်လျှင် ရှီစင်းယု မျက်မှောင်ကြုတ်သွားသည်။
" ငါမသိလို့ မေးပါရစေ... ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးညွှန်းကို မင်းဘယ်လောက်အထိ ကောက်ချက်ချပြီးပြီလဲဆိုတာ သိလို့ရမလား "
" အကုန်လုံး... ငါသိပြီးပြီ "
" အကုန်လုံးဟုတ်လား "
ရှီစင်းယု အလန့်တကြားဖြင့် ပြန်မေးလိုက်၏။
ရဲ့ဟိုင်က ခေါင်းညိတ်လိုက်လျှင် ဟောင်အယ်က မယုံကြည်နိုင်စွာဖြင့်...
" ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... ဆရာတောင်မှ အဲ့ဒါကို အကုန်လုံးသိရှိဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ "
" မင်းဆရာ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာနဲ့ ငါအဲ့ဒါကို အကုန်လုံးသိနေတာ ဘာဆိုင်လို့လဲ "
ရဲ့ဟိုင် ပြုံးပြုံးကလေး မေးလိုက်သည်။
" ဆိုင်တာပေါ့... ငါ့ဆရာက ရန်ချီနယ်မြေတစ်ခုလုံးမှာ နံပါတ်တစ် မှော်ဆေးပညာရှင်တစ်ယောက်လေ၊ နင်က အခုမှ အသက်ငယ်ငယ်လေးပဲ ရှိသေးတာ၊ ငါ့ဆရာနဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ "
ဟောင်အယ် နှုတ်ခမ်းဆူ၍ ရန်ထောင်လျှင် ရဲ့ဟိုင် ပြုံးလိုက်ပြီး...
" မင်းဆရာက ရန်ချီနယ်မြေမှာ နံပါတ်တစ်မှော်ဆေးပညာရှင်ဆိုတာကို စကားထဲမှာ ခဏခဏ ထည့်ပြောတယ်နော် "
" ဟုတ်တယ်လေ... ဒါက အမှန်တရားပဲ၊ ဘာလဲ နင့်ကိုယ်နင် ရန်ချီနယ်မြေရဲ့ နံပါတ်တစ်မှော်ဆေးပညာရှင်လို့ ပြောချင်တာတော့ မဟုတ်ဘူးမလား "
ဟောင်အယ်၏ ထိုစကားကို ကြားလျှင် ရဲ့ဟိုင်က ပြုံးလိုက်ပြီး...
" ငါ့ရဲ့ ကျင့်ကြံဆင့်ကြောင့် မှော်ဆေးပညာ ကျွမ်းကျင်မှုမှာ ကန့်သတ်ချက် ရှိနိုင်ပေမယ့် ကျောက်စိမ်းအင်မော်တယ်အဆင့်အထိ မှော်ဆေးပညာရှင်တွေထဲမှာတော့၊ ဘယ်သူမှ ငါ့ကို မယှဉ်နိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိတယ် "
" ရဲ့ဟိုင်... မှော်ဆေးပညာရပ်နဲ့ ကျင့်ကြံခြင်းဆိုတာ မတူညီတဲ့အရာနှစ်ခုနော် "
ရဲ့ဟိုင်၏ မောက်မာသောစကားကို ကြားလျှင် ရှီစင်းယု ယခုတစ်ခေါက်တွင်တော့ မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်။
" မဟုတ်ဘူး... ငါ့စိတ်ထဲမှာတော့ အဲ့ဒီနှစ်ခုက အတူတူပဲ "
ရဲ့ဟိုင် ခပ်ဖျော့ဖျော့ ပြုံးကာ ပြန်ပြောလိုက်၏။
" ဒါဆိုရင် မင်းနဲ့ငါ နှစ်ယောက်လုံး ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးကို သန့်စင်ကြည့်ရအောင်... မင်းသိပါတယ် ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးဆိုတာ ကျောက်စိမ်းအင်မော်တယ်အဆင့်မှာ ထိပ်တန်းသုံးဆေးလုံးတစ်မျိုးအဖြစ် သတ်မှတ်ထားတဲ့အရာတစ်ခုပဲ၊ မင်းကလည်း ကျောက်စိမ်းအင်မော်တယ်အဆင့်မှာ ဘယ်သူ့မှ မယှဉ်နိုင်ဘူးဆိုတော့... ဘယ်လိုလဲ ပြိုင်ရဲလား "
ရှီစင်းယု ရဲ့ဟိုင်အား တည်တံ့သော အမူအရာဖြင့် စိုက်ကြည့်ပြီး မေးလိုက်သည်။
" ပြိုင်ရဲတာပေါ့... ဘာဖြစ်လို့ မပြိုင်ရဲရမှာလဲ "
ရဲ့ဟိုင်ကလည်း ခေါင်းညိတ်လိုက်၏။
စိန်ခေါ်သူရှိနေမှတော့ အဘယ်ကြောင့် သူ့အနေဖြင့် မပြိုင်ရဲဘဲ နေရမည်နည်း။
ထိုအခိုက်တွင် ရှန်ကျင်းဂိုဏ်း၏ ဂိုဏ်းချုပ် လျန်ယီ နှင့် အကြီးအကဲ ယီရှောင်းတို့ ရဲ့ဟိုင်၏ ခြံဝန်းထဲ၌ ထွက်ပေါ်လာသည်။
ဂိုဏ်းချုပ် လျန်ယီသည် စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်သော အရှိန်အဝါက ခန္ဓာကိုယ်တွင် တောက်ပနေ၏။
" ဒါက ပြိုင်ပွဲတစ်ခုဆိုမှတော့ ဒိုင်လူကြီးမရှိလို့ ဘယ်ဖြစ်မလဲ "
လျန်ယီသည် သူတို့အနားသို့ လျှောက်လာစဉ် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ရှီစင်းယု၏ အဆင့်အတန်းမှာ ရန်ချီနယ်မြေတစ်ခုလုံး၌ အထူးထင်ရှားကျော်ကြားသော အဆင့်အတန်းဖြစ်၏။
ဤကဲ့သို့ ရန်ချီနယ်မြေ၏ နံပါတ်တစ်မှော်ဆေးပညာရှင်တစ်ယောက် အဆင့်အတန်းကို လျန်ယီ အလွယ်တကူသွားပြီး မစော်ကားရဲချေ။
ထို့အတူပင် ရဲ့ဟိုင်အားလည်း လုံးဝမစော်ကားရဲဘူးဖြစ်သည်။
ယီရှောင်းက ရဲ့ဟိုင်၏ အခြေအနေများကို အကုန်လုံး အသေးစိတ် လျန်ယီအား ရှင်းပြပြီးဖြစ်၏။
ရဲ့ဟိုင်က အနာဂတ်တွင် အင်မော်တယ်ဘုရင်အဆင့်အထိ ရောက်နိုင်မည့်သူပင်။
ထို့ပြင် ရဲ့ဟိုင် ယခုအချိန်ကတည်းက အင်မော်တယ်ဘုရင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသေးသည်။
တစ်နည်းဆိုရသော် သူ လျန်ယီတောင်မှ ရဲ့ဟိုင်နှင့် သွားပြီး မနှိုင်းယှဉ်နိုင်ချေ။
ဤကဲ့သို့ အရမ်းငယ်ရွယ်လွန်းလှသည့် ပါရမီရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် လျန်ယီကိုယ်တိုင်လည်း အသေးစိတ်ကအစ အမှားအယွင်း မရှိစေရန် သတိထားနေရ၏။
" ဂိုဏ်းချုပ် လျန် "
ရှီစင်းယု တလေးတစားဖြင့် ဦးညွှတ်လိုက်သည်။
ရဲ့ဟိုင်ကလည်း လျန်ယီကို ဂါရဝတရားတစ်ခုအနေဖြင့် တလေးတစား နှုတ်ဆက်လိုက်၏။
ရဲ့ဟိုင်သည် အင်မော်တယ်ဘုရင်အဆင့် တိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်ထားသော်လည်း ၎င်းက မောက်မာလို့ရသည်ဟု မဆိုလိုချေ။
မိမိထက် စီနီယာဖြစ်သူနှင့် တွေ့ဆုံသည့်အချိန်တွင် ရိုသေလေးစားမှု ပြရမည်ဖြစ်သည်။
ရဲ့ဟိုင်က သူမအား ဤကဲ့သို့ တလေးတစား ဦးညွှတ်ကာ နှုတ်ဆက်လျှင် လျန်ယီ၏ မျက်လုံးထဲ၌ အံ့အားသင့်မှုများ ဖြစ်ပေါ်လာ၏။
လျန်ယီ နှစ်ပေါင်းများစွာအတွင်း ငယ်ရွယ်သော ပါရမီရှင်မြောက်မြောက်များစွာကို တွေ့ခဲ့ဖူးသည်။
သူတို့ထဲမှ ဘယ်နှစ်ယောက် မိမိအား အလေးအနက်ထားကာ ရိုသေလေးစားခဲ့ဖူးသနည်း။
အခြားဂိုဏ်းမှ ကောင်းကင်ပါရမီရှင်များ အကြောင်းမပြောနှင့် မိမိပိုင်ဂိုဏ်းမှ ကောင်းကင်ပါရမီရှင်များထဲတွင်ပင် လုရန်ရန်မှလွဲ၍ အကုန်လုံးက မိမိအား အပေါ်ယံလေးစားမှုသာ ပြသကြ၏။
ထိုကောင်းကင်ပါရမီရှင်များအားလုံး၏ စိတ်ထဲတွင် သူတို့က အနာဂတ်၌ အင်မော်တယ်သခင်အဆင့်သို့ ကျိန်းသေရောက်နိုင်ပြီး အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိရန်ပင် အခွင့်အလမ်းရှိကြသည်ဟု ထင်ထားကြသည်။
အင်မော်တယ်ဘုရင်အဆင့်နဲ့ အင်မော်တယ်သခင်အဆင့်ဆိုတာ တူညီသော အဆင့်အတန်းတစ်ခု မဟုတ်ချေ။
ထို့ကြောင့် ထိုကောင်းကင်ပါရမီရှင်များက သူမကို အပေါ်ယံသာ လေးစားမှု ပြသကြ၏။
၎င်းကို လျန်ယီ အနေဖြင့် သိနေသော်လည်း ဘာမှပြုလုပ်နိုင်စွမ်းမရှိကြ။
ငယ်ရွယ်သည့် ပါရမီရှင်များက အောင်မြင်မှု ကြီးကြီးမားမား ရလာသည့်အချိန်တွင် ဤကဲ့သို့ မောက်မာသည်မှာ သဘာဝသာဖြစ်သည်။
သို့သော် ရဲ့ဟိုင်၏ အပြုအမူကတော့ ဘယ်ပါရမီရှင်နှင့်မှ မတူကွဲပြားခြားနားနေ၏။
သူက ငယ်ရွယ်သည့် ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ရင့်ကျက်သော အရှိန်အဝါနှင့် အမူအကျင့်ကို ပိုင်ဆိုင်ပြီးသားဖြစ်၏။
သူ၏ အင်မော်တယ်ဘုရင်အဆင့် တိုက်ခိုက်ရေးစွမ်းအားဖြင့်ဆိုလျှင် မိမိလို အင်မော်တယ်သခင်အဆင့်ဖြစ်သူကို ငုံကြည့်ရန်ပင် အရည်အချင်း ပြည့်မီသည်။
သို့သော် ရဲ့ဟိုင်က ဤကဲ့သို့ တလေးတစား နှုတ်ဆက်ရန် ရွေးချယ်ခဲ့ဆဲပင်။
ဤအရာမှ အစစ်အမှန် ပါရမီရှင်များ၏ ပြယုဂ်ဖြစ်၏။
လျန်ယီသည် ရဲ့ဟိုင်အား သဘောကျသော မျက်လုံးများဖြင့် အသေအချာပင် စိုက်ကြည့်လိုက်သည်။
ယနေ့ခေတ်တွင် ကျင့်ဝတ်သီလကို တန်ဖိုးထားသော ဤကဲ့သို့ ပါရမီရှင်က တစ်သန်းတွင် တစ်ယောက်ဆိုသလို အလွန်ရှားပါးနေခဲ့ချေပြီ။
" ငါ့ရဲ့ ခုနက အဆိုပြုချက်ကို မင်းတို့ ဘယ်လိုထင်လဲမသိဘူး "
လျန်ယီ ပြုံးကာ မေးလိုက်၏။
" ငါ့အနေနဲ့ ကန့်ကွက်စရာ အကြောင်းမရှိဘူး "
ရှီစင်းယုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောသည်။
" ကျွန်တော်လည်း ဘာကန့်ကွက်စရာမှ မရှိဘူး "
" ဒါဆိုရင်လည်း စလိုက်ကြရအောင် "
ချက်ချင်းပင် လျန်ယီသည် ဧရိယာနှစ်ခုကို လက်နှစ်ဖက်ဖြင့် အမှတ်အသားပြုကာ နှစ်ယောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နေရာ ဖန်တီးပေးလိုက်လေ၏။
***