ရဲ့ဟိုင် ဧရိယာတစ်ခု ရွေးချယ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ မှော်ဆေးမီးဖိုကို တိုက်ရိုက်ပင် ဆင့်ခေါ်လိုက်သည်။
ထို့နောက် ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးအတွက် ဆေးပင်များ အကုန်လုံး ထုတ်ယူလိုက်၏။
ရှီစင်းယုနှင့် မတူသည်မှာ ရဲ့ဟိုင်သည် ဆေးပင်တစ်ပင်ချင်းစီကို လုံးဝ စစ်ဆေးခြင်းမရှိပေ။ ယင်းအစား သူ ဆေးမီးဖိုထဲသို့ တိုက်ရိုက်ပင် ဆေးပင်များအား အကြိမ်ကြိမ် ပစ်ထည့်လိုက်သည်။
ချက်ချင်းပင် မူလဆေးမီးတောက်က ရဲ့ဟိုင်၏ လက်ဝါးတွင် ပေါ်လာပြီး အတွင်းမှ ဆေးပင်များ၏ အညစ်အကြေးတွေကို စတင်သန့်စင်လေ၏။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မီးတောက်လဲ"
အဝေးမှ ဆေးပင်များ စစ်ဆေးနေသော ရှီစင်းယု တအံ့တသြဖြင့် ရေရွတ်လိုက်သည်။
ထိုမြင်ကွင်း ကြည့်ပြီး လျန်ယီလည်း တစ်ခဏ စဉ်းစားပြီးနောက် ယီရှောင်းအား အသံပို့အမိန့် ပေးလိုက်၏။
ယီရှောင်း ခေါင်းညိတ်ပြပြီး ရှန်ကျင်းဂိုဏ်း၏ မှော်ဆေးခန်းမဆီ အမြန်ပြေးသွားသည်။
ရှီစင်းယု ဆေးလုံး ဖော်စပ်နေသည်ဟု မှော်ဆေးခန်းမမှ လူများသိလျှင် ခေါင်းဆောင်များနှင့် သူတို့၏ အထူးချွန်ဆုံး တပည့်များ အမြန် ပြေးလာကြတော့သည်။
သို့သော် လျန်ယီသည် ပြိုင်ပွဲ အနီးတစ်ဝိုက်တွင် အတားအဆီးတစ်ခု ဖန်တီးထားပြီး ၎င်းတို့နှစ်ဦး၏ အလုပ်တွင် အနှောင့်အယှက်မဖြစ်ရန် တားဆီးထား၏။
ရှန်ကျင်းဂိုဏ်း မှော်ဆေးခန်းမ၏ အကြီးအကဲမှာ ရန်ချီနယ်မြေ၏ ဒုတိယ အကောင်းဆုံး မှော်ဆေးပညာရှင် ကျိဟိုင် ဖြစ်ပြီး တစ်ခြားလူမဟုတ်ပေ။
" ခန်းမသခင် ကျိ၊ ရှင် ရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ် ဖန်တီးခြင်း ဆေးလုံး လေ့လာနေတာ ဘယ်လောက်အထိ တိုးတက်နေပြီလဲ။"
လျန်ယီ တိုးတိုး မေးလိုက်၏။
ကျိဟိုင် ယုံကြည်ချက် ရှိစွာဖြင့်...
" ကျွန်တော်တို့ အစစ်မှန်ဆေးညွှန်းရဲ့ 80% ကျော် ဖော်ထုတ်နိုင်ပြီးပါပြီ ဂိုဏ်းချုပ် "
" ဟုတ်လား .. ခု ဒီနှစ်ယောက်က ရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ် ဖန်တီးခြင်း ဆေးလုံးကို သန့်စင်နေကြတာလေ "
လျန်ယီ ပြုံးကာ ရှီစင်းယု နှင့် ရဲ့ဟိုင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
" ဘာ ... "
ကျိဟိုင် နှင့် မှော်ဆေးခန်းမ မှ ခေါင်းဆောင်များ၏ မျက်နှာတွေ ဖြူဖျော့သွားကြ၏။
ရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ် ဖန်တီးခြင်း ဆေးညွှန်း 80% ဖော်ထုတ်နိုင်ခြင်းသည် မှော်ဆေးခန်းမ တစ်ခုလုံး၏ နှစ်ပေါင်းများစွာ ကြိုးစား အားထုတ်မှု တစ်ခုပင်။ ယခုတော့ တစ်ခြားလူများ ဆေးလုံးတောင် ဖော်စပ်နိုင်နေပြီတဲ့လား။
တစ်ခဏ တိတ်ဆိတ်ပြီးနောက် မှော်ဆေးခန်းမ၏ လက်ထောက်အကြီးအကဲ မျက်မှောင်ကြုတ်ကာ...
" ရှီစင်းယု ဆေးညွှန်းအပြည့်စုံ ဖော်ထုတ်နိုင်သွားတာ နားလည်ပေးလို့ရတယ်၊ ဒါပေမယ့် အဲ့ဒီကောင်လေးကတော့ ဖင်မွှေးတောင်မဖြူလောက်သေးဘူး ဆေးလုံးဖော်ပြီး ရှီစင်းယုနဲ့ ပြိုင်ရဲတယ်တဲ့လား၊ ခုခေတ် ကလေးတွေ တော်တော်ကို ကိုယ့်အဆင့်ကိုယ် မသိကြတော့ဘူးပဲ "
" နန်ဆွမ် မင်းရဲ့ စကားတွေကို သတိထားစမ်း .. တစ်ဖက်လူ မစော်ကားမိစေနဲ့ "
ယီရှောင်း လေးနက်သော အမူအရာဖြင့် သတိပေးလိုက်သည်။
" ဘာလဲ၊ ဒီကောင်လေးက မဟာမိသားစု ၈ စုထဲက မို့လို့လား .. အဲ့ဒါဆိုရင်တောင် ငါပြောတဲ့ထဲ အမှားမပါဘူးလေ .. "
လက်ထောက်ခန်းမသခင်ဖြစ်သော အကြီးအကဲ နန်ရွမ် လက်မခံသော အမူအရာဖြင့် ပြောလိုက်၏။
မှော်ဆေးပညာရှင်များသည် ၎င်းတို့၏ မာနကြောင့် လူသိများလေသည်။ သူတို့သည် ကျင့်ကြံခြင်းတွင် မသန်မာကြသော်လည်း၊ သန်မာသည့် ကျင့်ကြံသူများက သူတို့ဖော်စပ်သော ဆေးလုံးများ လိုချင်သဖြင့် ဖားယားကာ အလုပ်လုပ်ပေးကြရ၏။
ယင်းအတိုင်းပင် အစွန်းထက်လှသော မိသားစုများနှင့် ဂိုဏ်းများလည်း မှော်ဆေးလုံးများ လိုအပ်သဖြင့် မှော်ဆေးပညာရှင်များနှင့် ပြဿနာ မတတ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားတတ်ကြသည်။
ထို့ကြောင့် မှော်ဆေးပညာရှင်များက အစွမ်းထက် မိသားစုများနှင့် ဂိုဏ်းများကို သိပ်ဂရုမစိုက်ကြချေ။
" အဲ့ဒီကောင်လေးက မဟာမိသားစု ၈ စုထဲကတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူ့ရဲ့ ကျင့်ကြံအဆင့်ကတော့ ကျောက်စိမ်းအင်မော်တယ်အဆင့် (33) ပဲ "
ယီရှောင်း တည်ငြိမ်စွာဖြင့် နန်ဆွမ်ကို ကြည့်ကာ ပြောလိုက်သည်။
သို့သော် ထိုစကား နန်ဆွမ်၏ အမူအရာ သာသာယာယာ ပြောင်းလဲသွားစေ၏။ ပတ်ဝန်းကျင်ရှိလူများလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
မှော်ဆေးပညာရှင်များသည် သန်မာသော ကျင့်ကြံသူများနှင့် ဂိုဏ်းများကို သိပ်ဂရုမစိုက်ဘူးဆိုသော်လည်း ၎င်းတို့ကို လုံးဝ လျစ်လျူရှုနိုင်သည်ဟု မဆိုလိုချေ။
ကျောက်စိမ်းအင်မော်တယ်အဆင့် (33) ဆိုသည်မှာ နောက်ဆုံးတွင် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိသွားမည်သူဖြစ်သည်။
မှော်ဆေးပညာရှင်များသည် ဂုဏ်ဒြပ်နှင့် အာဏာကြီးမားသော်လည်း အင်မော်တယ်ဘုရင်များနှင့် နှိုင်းယှဉ်၍တော့ မရကြချေ။
ဤအနေအထားက ခံရခက်သော်လည်း ဒါဟာ အမှန်တရားပါပင် ဖြစ်၏။
" မင်းတို့တွေ အဲ့ဒီကောင်လေးရဲ့ ဆေးမီးတောက် ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သတိထားမိကြလား "
ထိုအခိုက်တွင် မှော်ဆေးခန်းမမှ အကြီးအကဲ တစ်ဦး၏ လေးနက်သော အသံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။
ကျိဟိုင် နှင့် တခြားလူများ ရဲ့ဟိုင်၏ လက်ထဲရှိ မှော်ဆေးမီးတောက် ခဏချင်း ကြည့်လိုက်ကြလေ၏။
ထိုသို့ ကြည့်လိုက်သည်နှင့် အကုန်လုံး စကားတစ်ခွန်း တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြရသည်။
" အရမ်း ကြောက်စရာကောင်းလွန်းတဲ့ မီးတောက်ပဲ "
ကျိဟိုင်သည် တစ်ခဏ စောင့်ကြည့်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး ...
" ငါထင်တာ မမှားရင် အဲ့ဒီကောင်လေး လက်ထဲမှာရှိနေတဲ့ ဆေးမီးတောက် မူလဆေးမီးတောက် ဖြစ်ရမယ် "
" သူ မူလဆေးမီးတောက်ကို ပိုင်ဆိုင်နေရင်တောင်မှ ရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ် ဖန်တီးခြင်း ဆေးလုံး ဖော်စပ်နိုင်တယ်လို့ မဆိုနိုင်ဘူးလေ "
နန်ဆွမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဤအရာ သူ ရဲ့ဟိုင်အား မကျေနပ်၍ ကန့်ကွက်ခြင်း မဟုတ်ပေ။ အမှန်တရား ပြောခြင်းသာ ဖြစ်သည်။
" ဒီကောင်လေး ဆေးညွှန်းအပြည့်အစုံ ဖော်ထုတ်နိုင်တာ ဟုတ်ရဲ့လားဆိုတာ ခဏထား .. သူ ဆေးညွှန်း အပြည့်အစုံ သိထားရင်တောင်မှ လက်ရှိ အသက်အရွယ်နဲ့ ရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ် ဖန်တီးခြင်း ဆေးလုံး ဖော်စပ်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ "
" အားလုံး သိကြတဲ့အတိုင်းပဲ .. ရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ် ဖန်တီးခြင်း ဆေးလုံးဆိုတာ ထိပ်တန်း ကျောက်စိမ်းအင်မော်တယ် အဆင့် ဆေးလုံးလေ၊ ကျွမ်းကျင်တဲ့ ကျောက်စိမ်းအဆင့် မှော်ဆေးပညာရှင် လူအိုကြီးတွေ မပြောနဲ့ ငါတို့တောင်မှ မသေချာတာ အဲ့ဒီကောင်လေး ဖော်နိုင်ပါ့မလား "
" ဟုတ်တယ် .. ကျင့်ကြံခြင်းနဲ့ မှော်ဆေးပညာရပ်ဆိုတာ မတူညီတဲ့ အရာနှစ်ခုပဲ၊ သူ ကျောက်စိမ်းအင်မော်တယ်အဆင့် (33) ရောက်နေတာနဲ့ပဲ ဆေးလုံး ဖော်စပ်နိုင်တယ်လို့ မဆိုနိုင်ဘူး "
မှော်ဆေးခန်းမ၏ ထူးချွန်သော ပါရမီရှင် တပည့်များလည်း ဝင်ရောက်ပြောဆိုကြလေသည်။
ထူးချွန်သော လူငယ်မှော်ဆေးပညာရှင်တိုင်းသည် ကမ္ဘာပေါ်တွင် အသက်တူအကြား၌ ဘယ်ပါရမီရှင်မှ သူတို့ထက် ပိုမမြင့်မြတ်ဘူးဟု စိတ်ကြီးဝင် နေကြသူများဖြစ်၏။
ထို့ကြောင့် သက်တူရွယ်တူ ရဲ့ဟိုင်၏ ကျင့်ကြံဆင့်က သူတို့ တစ်ဘဝလုံး လှမ်းမမီနိုင်သည့် အနေအထားတွင် ရှိနေကြောင်း သိလိုက်ရသောအခါ စိတ်ထဲတွင် မနာလိုမှုနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လာကြသည်။
ထိုမနာလိုမှုကြောင့်လည်း ယခု ဝင်ရောက်ပြောဆိုခြင်းပင်။ တကယ်လည်း သူတို့ စိတ်ထဲတွင် ကျင့်ကြံခြင်းလမ်းကြောင်း၌ ထိပ်ဆုံးရောက်နေသော ရဲ့ဟိုင်က မှော်ဆေးပညာရပ်တွင်တော့ သူတို့လောက် ယှဉ်နိုင်မည် မဟုတ်ဟု ထင်ထားကြလေ၏။
လူဆိုတာ ဟန်ချက်ညီဖို့ လိုအပ်သည် မဟုတ်လော။
***