ဤသို့ လူအများ ဆွေးနွေးနေစဉ်တွင် ရဲ့ဟိုင် ကတော့ ဆေးပင်များအားလုံး သန့်စင်ပြီးပြီဖြစ်၏။ ထို့နောက် သူ ဆေးလုံး ဖော်စပ်ခြင်း နည်းစနစ် အသုံးပြုကာ သန့်စင်ထားသော ဆေးအဆီအနှစ်များအား ဆေးလုံးအဖြစ် အတင်းအကျပ် ပေါင်းစပ်စေသည်။
ဤသည်မှာ အရေးကြီးသော ခြေလှမ်းဖြစ်၏။
မည်သူမှ မထင်မှတ်ထားသည်မှာ အချိန်တစ်ခု ကြာပြီးနောက် ဤသို့ ဆေးဖော်စပ်နေသော အရေးကြီးသည့် အခိုက်တန့်တွင် ရဲ့ဟိုင် ရုတ်တရက် ထရပ်လိုက်သဖြင့် စောင့်ကြည့်နေသော မှော်ဆေးပညာရှင်များ အသက်ရှူပင် ကြပ်သွားကြသည်။
ထို့နောက် ရဲ့ဟိုင်သည် လက်ဟန်နည်းစနစ် တစ်မျိုးဖြင့် ရှေးဟောင်းစည်းတံဆိပ်တစ်ခု ဖန်တီးကာ မှော်ဆေးမီးဖိုကို ချိတ်ပိတ်လိုက်သည်အား လူတိုင်း တွေ့ရ၏။
" သူဘာလုပ်နေတာလဲ "
" ငါခန့်မှန်းတာ မမှားရင် ဆေးလုံးကို ချိတ်ပိတ်ပြီး ပိုအစွမ်းထက်အောင် လုပ်နေတဲ့ပုံရတယ် "
" အဲ့လို ဆေးလုံးကို ချိတ်ပိတ်ပြီး ပိုအစွမ်းထက်အောင် လုပ်တဲ့ နည်းက တကယ်ရှိလို့လား "
ထို မေးခွန်းအောက်တွင်တော့ ယခုနက ခန့်မှန်းသူ ဘာမှဆက်မပြောနိုင်တော့ချေ။
ရှန်ကျင်းဂိုဏ်း၏ မှော်ဆေးပညာရှင်များအားလုံး ထိုသို့ အံ့ဩနေစဉ် ရဲ့ဟိုင် တင်ပျဉ်ခွေထိုင်ချလိုက်သဖြင့် သူဘာဆက်လုပ်မလဲဆိုတာ အကုန်လုံး မျက်တောင်မခတ်ဘဲ စောင့်ကြည့်လိုက်ကြသည်။
သို့သော် ရဲ့ဟိုင်မှာ တင်ပျဉ်ခွေထိုင်ပြီးသည်နှင့် မျက်လုံး ဖြည်းညင်းစွာ မှိတ်လိုက်ပြီး ငြိမ်သက်သွား၏။
" ဘာတွေဖြစ်နေတာလဲ "
အကုန်လုံး ရဲ့ဟိုင်၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ထပ်ပြောကြပြန်လေသည်။
" ကြည့်ရတာ ရဲ့ဟိုင်က သူဆေးဖော်စပ်ပြီးသွားပြီဆိုတော့ ဆရာရှီရဲ့ ဆေးလုံး အပြီးသတ်ဖော်စပ်ပြီးချိန် စောင့်နေတာထင်တယ်။ မျက်လုံး မှိတ်ထားတာ ကတော့ တစ်ဖက်လူရဲ့ နည်စနစ်တွေ ခိုးယူတယ်ဆိုတဲ့ ခေါင်းစဉ်မဖြစ်အောင် ရှောင်ရှားဖို့ ရဲ့ဟိုင် မျက်လုံးတွေ မှိတ်ထားခဲ့တာ "
လုရန်ရန် လူတိုင်းကို တိုးတိုးလေး ရှင်းပြသည်။
လုရန်ရန်၏ ထိုရှင်းပြချက်ကြားမှသာ လူတိုင်း ရဲ့ဟိုင်၏ ရည်ရွယ်ချက် နားလည်သွား၏။
သို့သော် လုရန်ရန် ရဲ့ဟိုင်ကိုယ်စား အဘယ်ကြောင့် ရှင်းပြလာရသနည်း။
ဤလုပ်ရပ်က လူငယ် မှော်ဆေးပညာရှင်များကို စိတ်မသက်မသာဖြစ်သွားစေကြသည်။
လုရန်ရန်ဆိုသည်မှာ သူတို့၏ နတ်ဘုရားမပင်။
တစ်ဖက်တွင် ရှီစင်းယု၏ ဆေးဖော်စပ်နေသော လှုပ်ရှားမှုများ နှေးကွေးစွာဖြင့် ရှေ့ဆက်နေလေ၏။ အချိန်ကြာလာလေလေ နှေးကွေးလာလေပင်။
နောက်ဆုံးတော့ .. ဤသည်မှာ ရှီစင်းယု၏ ရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ် ဖန်တီးခြင်း ဆေးလုံး ဖော်စပ်သော ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့ကြောင့် လက်ရှိ နှေးကွေးမှုက ပုံမှန်သာပင်။
နောက်တစ်ချက် အနေဖြင့် ဤသို့ နှေးကွေးနေရသည်မှာ ရှီစင်းယု စိတ်ထဲတွင် အလွန်တရာ လေးနက် နေသောကြောင့်လည်း ဖြစ်သည်။
ရှီစင်းယု ဆိုတာ မည်သူဖြစ်သနည်း။
ဤလူက ရန်ချီနယ်မြေရှိ နံပါတ်တစ် မှော်ဆေးပညာရှင်တစ်ယောက်ပင်။
သူ ရဲ့ဟိုင်ကို မရှုံးလိုသည့်အပြင်.. အရုံးလဲ မခံနိုင်ချေ။
ပထမအဆင့် နှင့် ဒုတိယအဆင့် - ဆေးပင်များ စစ်ဆေးခြင်းနှင့် သန့်စင်ခြင်း ထိုနှစ်ခုစလုံးတွင် သူ ပြည့်စုံအောင် လုပ်ခဲ့သည်။
သို့သော် တတိယအဆင့် - ဆေးလုံးအဖြစ် ပေါင်းစပ်ချိန်တွင်တော့ သူပြဿနာတစ်ခု ရင်ဆိုင်လာရလေ၏။ သူမည်မျှ ပေါင်းစပ်ပါစေ ဆေးလုံးကို ပေါင်းစပ်နိုင်ခြင်းမရှိဘဲ အနံ့ဆိုးတစ်ခု ဆေးမီးဖိုထဲမှ ထွက်ပေါ်လာပြီး ဆေးလုံးပေါင်းစပ်ခြင်း ကျရှုံးသွားခဲ့သည်။
ရှီစင်းယု တစ်ခေါက် ရှုံးနိမ့်သွားသော်လည်း စိတ်ပျက်ခြင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ ဤဆေးလုံးက သူပထမဆုံးအကြိမ် ဖော်စပ်ခြင်းဖြစ်ပြီး ရှုံးနိမ့်နိုင်သည်ဟု ကြိုတွက်ထားပြီးဖြစ်သည်။
သို့သော် မည်သည့်နေရာတွင် မှားယွင်းခဲ့သနည်းဆိုတာကို သူပြန်စဉ်းစားချိန်တွင်တော့ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာတော့သည်။
သူ အချိန်အတော်ကြာသည်အထိ မည်သို့ အထပ်ထပ်အခါခါ စစ်ဆေးပြီး ရှုထောင့်ပေါင်းစုံကနေ စဉ်းစားပါစေ ဘာမှားနေလဲဆိုသည့် အကြောင်းရင်း မဖော်ထုတ်နိုင်ခဲ့ချေ။
ထို့ကြောင့် နောက်ဆုံးတွင် ဆေးကို ဒုတိယအကြိမ် ပြန်လည် ဖော်စပ်ရန်မှလွဲ၍ သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။
ထိုအချိန်တွင် ဆေးဖော်စပ်တာ ရှုံးနိမ့်ပြီး မျက်မှောင်ကြုတ်နေသော ဆရာဖြစ်သူကို ကြည့်ပြီး ဟောင်အယ်၏ နှလုံးက လည်ချောင်းထဲကနေ ခုန်ထွက်တော့မည့်အလား မြန်ဆန်လာလေ၏။
သူမ မျက်စိမှိတ်ကာ ငြိမ်သက်နေသော ရဲ့ဟိုင်ကိုကြည့်ပြီး ဆေးလုံးဖော်စပ်တာ အောင်မြင်သွားပြီလားဟု လှမ်းမေးချင်မိသည်။ သို့သော် လျန်ယီသည် ပတ်ပတ်လည်တွင် ကန့်သတ်ချက် အစီအရင်များဖြင့် ဝန်းရံထားသောကြောင့် ဟောင်အယ် သူမ ဆန္ဒရှိသော်လည်း မေးရန် အခွင့်အရေးမရှိချေ။
ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ ထပ်မံ ကုန်ဆုံးသွားခဲ့ပြန်သည်။
ရှီစင်းယုသည် ပထမတစ်ခေါက်အတိုင်းပင် တတိယအဆင့်၌ ဆေးလုံး ပေါင်းစပ်ချိန် ရှုံးနိမ့်ပြီး ဆေးမီးဖိုထဲ ပေါက်ကွဲမှု ဖြစ်ပေါ်ကာ အနံ့ဆိုးများ ထွက်ပေါ်လာပြန်၏။
ဆေးမီးဖိုမှ ထွက်လာသော ညှော်နံ့ကို ရှူရှိုက်ရင်း ရှီစင်းယု၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်လာသည်။
သူ ရှုံးနိမ့်ပြန်ချေပြီ။
မှော်ဆေးပညာရှင် တစ်ယောက်အတွက် ဆေးလုံးဖော်စပ်ချိန်တွင် ရှုံးနိမ့်မှုသည် ကြောက်စရာမဟုတ်ပေ။
တကယ် ကြောက်စရာကောင်းသည်မှာ မိမိ ဘယ်လို ကျရှုံးမှန်း မသိခြင်းဖြစ်၏။
ယခု ရှီစင်းယုမှာလည်း ထိုအခြေအနေထဲသို့ ကျရောက်နေခြင်းဖြစ်သည်။
ရှီစင်းယုသည် သူကျရှုံးရသည့် အကြောင်းရင်း အဖြေရှာမတွေ့ပါက.. နောက်ထပ် ဆယ်ခါ သို့မဟုတ် အခါ တစ်ရာခန့် ဆေးဖော်စပ်သည့်တိုင် ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်မည်မဟုတ်ကြောင်း ကောင်းကောင်း သိ၏။
" ငါမအောင်မြင်ဘူး "
ရှီစင်းယု ထိုသို့ အားပျော့စွာ ပြောလိုက်သည်နှင့် တစ်ချိန်လုံး မှိတ်နေသော ရဲ့ဟိုင်၏ မျက်လုံးက ဖျတ်ခနဲ ပွင့်လာခဲ့သည်။
" အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ…"
" အနိုင်ပေးတဲ့အတွက်.. ဟုတ်လား "
ရှီစင်းယုသည် ရဲ့ဟိုင်၏ စကားကြောင့် တုန်လှုပ်သွားပြီး...
" မင်း ဆေးလုံး ဖော်စပ်နိုင်သွားတယ် ပေါ့ "
"ဟုတ်တယ် "
ရဲ့ဟိုင် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ခေါင်းညိတ်လိုက်သည်။
" ကောင်လေး .. အမှန်ပဲလား "
ရှီစင်းယု သံသယစိတ်ဖြင့် ထပ်မေးလိုက်၏။ သူ့စိတ်ထဲတွင် ဤမျှခက်ခဲလှသော ဆေးလုံးကို ရဲ့ဟိုင် ဖော်စပ်နိုင်သည်အား လုံးဝ မယုံနိုင်ချေ။
" မသေချာဘဲနဲ့ လူတိုင်းရှေ့မှာ ကျွန်တော် ကိုယ့်ကိုယ်ကို ဟာသလုပ်မယ် ထင်ပါသလား အကြီးအကဲ… " ရဲ့ဟိုင် ထိုသို့ ပြောလိုက်သော်လည်း ရှီစင်းယုမှာ သံသယရှိနေဆဲဖြစ်ပြီး...
" မဟုတ်သေးဘူး .. ရဲ့ဟိုင်၊ မင်းလည်း သိပါတယ် ဖော်စပ်မှု အောင်မြင်သွားတဲ့ ဆေးလုံးတွေမှာ အရေးကြီးတဲ့ လက္ခဏာ သူ့ရဲ့ ဆေးရနံ့ကို ထုတ်လွှတ်တယ်လေ၊ ဒါပေမယ့် ငါ မင်းဆေးလုံးကနေ ဘာအနံ့မှ မရဘူး "
ထိုစကားကို ကြားလျှင် ရဲ့ဟိုင် ပြုံးလိုက်မိသည်။
" အကြီးအကဲ ဆေးလုံးတွေရဲ့ ရနံ့က ဘာအဓိပ္ပာယ်လဲဆိုတာ သိပါသလား "
" ဘာအဓိပ္ပာယ်လဲ "
ရှီစင်းယုသည် ရဲ့ဟိုင် ဆိုလိုချင်သော အဓိပ္ပာယ် အမှန်တကယ် နားမလည်ချေ။
သူဘာဆိုလိုချင်နေသနည်း။
ဆေးရနံ့က ဖော်စပ်တာ အောင်မြင်သည်ဆိုသည့် အဓိပ္ပာယ်သာရှိသည်။ တစ်ခြားရှိနေသေးသည်လား။
ရဲ့ဟိုင် ရှီစင်းယု၏ မေးခွန်းကို မဖြေဘဲ မှော်ဆေးမီးဖိုကို လက်ဖြင့်ပုတ်လိုက်လေ၏။
ထိုသို့ ပုတ်လိုက်သည်နှင့် ဆေးမီးဖို အဖုံးပွင့်သွာပြီး ဆေးလုံး ကိုးလုံး ထွက်ပေါ်လာကာ လေထုကို ဆေးရနံ့များဖြင့် ပြည့်နှက်သွားစေသည်။
ထိုဆေးရနံ့များမှာ ရှူမိသူတိုင်း၏ မွှေးညင်းပေါက်များအား ပြေလျော့သွားစေသလို ခံစားသွားရစေ၏။
" အင်မော်တယ် ဆေးလုံး ကိုးလုံး "
" သူ ဆေးဖော်စပ်တာ အောင်မြင်တဲ့အပြင် ပြီးပြည့်စုံတဲ့ ဆေးလုံး ကိုးလုံးပါ ရသွားတာပေါ့ "
" ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ "
" ငါကတော့ ဆေးရနံ့တစ်ခုတည်းနဲ့တင် ဒါဟာ ထိပ်တန်း ကျောက်စိမ်းအဆင့် အင်မော်တယ် ဆေးလုံးတွေပါတယ်လို့ ကျိမ်းသေ ပြောနိုင်တယ် "
" ထိပ်တန်း ကျောက်စိမ်းအဆင့် အင်မော်တယ်ဆေးလုံး ... "
မှော်ဆေးခန်းမ၏ ထူးချွန်သော တပည့်များ ထိုသို့ ဆွေးနွေးနေစဉ် အကြီးအကဲများက ရဲ့ဟိုင် သန့်စင်ထားသော ဆေးများ စစ်ဆေးရန် အလုယက် တိုးလာကြ၏။
ရှီစင်းယုလည်း ၎င်းဆေးလုံးများကို စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းဆေးများကို စစ်ဆေးလေ၊ ပိုအံ့ဩရလေပင်။
" ဒါ တကယ် ရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ် ဖန်တီးခြင်း ဆေးလုံး အစစ်ပဲ "
ရှီစင်းယု အကြာကြီး စစ်ဆေးပြီးနောက် နောက်ဆုံးလေးပင်စွာဖြင့် ပြောလိုက်လေ၏။
" ဆရာရှီ အဲ့ဆေးလုံး ဘယ်လောက် ထိရောက်မှု ရှိလဲဆိုတာ သိလို့ရမလား "
လျန်ယီ အနားသို့ ချဉ်းကပ်လာပြီး တိုးတိုး မေးသည်။
" ငါ့အထင်ကတော့ ကျောက်စိမ်းအင်မော်တယ်အဆင့် (13) အနည်းဆုံးရှိမှ ဒီဆေးကို စားသုံးနိုင်လိမ့်မယ်။ ဆေးစားပြီးရင်လည်း နယ်ပယ်နှစ်ခု ဆက်တိုက် တိုးလာဖို့က အသေအချာပဲ၊ ပုံမှန်ဆို ဆေးရဲ့ အမြင့်ဆုံး ထိရောက်မှုက ကျောက်စိမ်းအင်မော်တယ် အဆင့် (18) ပဲ " ရှီစင်းယု စကားကို ခေတ္တရပ်လိုက်ပြီးနောက်...
" ဒါပေမယ့် .. ဆေးလုံး ကိုးလုံးထဲက ထိပ်တန်း ရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ်ဖန်တီးခြင်း ဆေးလုံး သုံးလုံးက ကျောက်စိမ်းအင်မော်တယ်အဆင့် (20) တွေအတွက်တောင်မှ ထိရောက်မှုရှိနိုင်မယ်လို့ ငါထင်တယ် "
ထိုစကားကြောင့် လျန်ယီ၏ မျက်လုံးက ဗြုန်းစားကြီးဖြင့် အရောင်များ တောက်ပလာတော့သည်။
" ရဲ့ဟိုင် … နင် .. ဒီရှေးဟောင်းအင်မော်တယ် ခန္ဓာကိုယ် ဖန်တီးခြင်း ဆေးလုံး ကိုးလုံးကို ငါတို့ ရှန်ကျင်းဂိုဏ်းဆီ ရောင်းပေးနိုင်မလား "
***