" ရဲ့ဟိုင် ငါတို့ ဒီရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံး ( 9 ) လုံးကို ရှန်ကျင်းဂိုဏ်းဆီ ပြန်ရောင်းနိုင်မလား "
လျန်ယီ ရဲ့ဟိုင်ကိုကြည့်ကာ ချက်ချင်းပင် ပြောလိုက်သည်။
" ဝယ်စရာမလိုပါဘူး .. အကြီးအကဲ ဒီတိုင်းယူသွားရင်လဲ ရပါတယ် "
ချက်ချင်းပင် ရဲ့ဟိုင်သည် ကျောက်စိမ်းပုလင်းထဲသို့ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ်ဖန်တီးခြင်း ဆေးလုံး ( 9 ) လုံးကို ထည့်လိုက်၏။ ထို့နောက် ၎င်းဆေးလုံးအား လျန်ယီကို ဤအတိုင်းပေးလိုက်သည်။
တစ်ဖက်တွင် လျန်ယီက ရဲ့ဟိုင်၏အပြုအမူကြောင့် တစ်ခဏတာ အံ့အားသင့်ပြီး ဆွံ့အနေ၏။
ရှီစင်းယု၏ ပြောစကားအရဆိုလျှင် ဤရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံး ( 9 ) လုံးက မည်မျှတန်ဖိုးရှိသည်ဆိုတာကို သိရှိထားပြီးဖြစ်သည်။
သို့သော် ရဲ့ဟိုင်က သူ့ကိုရိုးရိုးရှင်းရှင်းပင် ပေးလိုက်သည်လား။
လျန်ယီ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ်ဖန်တီးခြင်း ဆေးလုံး ( 9 ) လုံးကို သိမ်းဆည်းလိုက်သည့်အချိန်တွင် ရှီစင်းယုက ရဲ့ဟိုင်ကို တစ်စုံတစ်ခုပြောချင်သော်လည်း မည်သို့စပြောရမှန်းမသိ ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် အကြိမ်ကြိမ်ဖြစ်နေ၏။
လုရန်ရန်သည် ရှီစင်းယု၏ အနေအထားကို သတိထားမိသွားပြီး ရဲ့ဟိုင်အားကြည့်ကာ...
" ရဲ့ဟိုင် ဆရာရှီနဲ့နင် မှော်ဆေးပညာအကြောင်း အတွေ့အကြုံတွေ ဖလှယ်ချင်စိတ် မရှိဘူးလား "
ထိုစကားကြားလျှင် ရဲ့ဟိုင်တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
" ငါ့အနေနဲ့ မှော်ဆေးပညာရပ်နဲ့ပတ်သက်ပြီး ဘာဆွေးနွေးစရာမှမရှိဘူး "
ရဲ့ဟိုင်သည် ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံး ဖော်စပ်နည်းကို ရှီစင်းယုအား လွှဲပြောင်းပေးရန်အတွက် စိတ်ကူးမရှိချေ။
" အင်း .. ငါဆေးလုံးဖော်စပ်ထားတာဆိုတော့ တော်တော်လေးပင်ပန်းနေပြီ သွားနားလိုက်ဦးမယ် "
ရဲ့ဟိုင်ချက်ချင်းပင် ဆေးမီးဖိုကိုသိမ်းဆည်းပြီး ထွက်ခွာသွားရန်ပြင်၏။
သို့သော် ထိုချိန်တွင် တစ်စုံတစ်ယောက်က သူ့အားတားဆီးလာခဲ့လေသည်။
" သခင်လေးရဲ့ ငါမင်းကို တစ်ခုလောက်မေးလို့ရမလား "
ရှန်ကျင်းဂိုဏ်း၏ မှော်ဆေးပညာခန်းမမှ အကြီးအကဲကျိဟိုင်က အနားသို့ကပ်ကာ မေးလာခြင်းပင်။
" မေး "
" သခင်လေးရဲ့ .. မင်းဆေးလုံးကို ဖော်စပ်လို့အောင်မြင်သွားတဲ့အချိန်မှာ ဘာလို့ဆေးလုံးမွှေးရနံ့ မထွက်လာလဲဆိုတာ ပြောလို့ရလား "
" မင်း ကြက်စွပ်ပြုတ်ကို လုပ်စားဖူးလား "
" ဟုတ်ကဲ့ လုပ်စားဖူးပါတယ် "
ကျိဟိုင်သည် ရဲ့ဟိုင်က ဘာလို့ဤကဲ့သို့ မေးလဲဆိုတာကို နားမလည်သော်လည်း ပြန်လည်ဖြေကြားလိုက်၏။
" ဒါဆိုရင်မင်း ကြက်စွပ်ပြုတ်ကို ချက်ပြုတ်နေတဲ့အချိန်မှာ ဟင်းနံ့ကမွှေးကြိုင်နေလား "
" ဟုတ်ပါတယ် "
" အဲ့ဒီကြက်စွပ်ပြုတ်က ထွက်လာတဲ့ရနံ့က တကယ်တော့ ကြက်သားရဲ့အနှစ်သာရ စွမ်းအင်ဆိုတာကို မင်းသိလား၊ အဲ့တာကြောင့် မင်းလုပ်ပြီးသောက်နေတဲ့ ကြက်စွပ်ပြုတ်က ဘယ်လိုလုပ် အာဟာရပြည့်ဝမှု ရှိလာမှာလဲ "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် တစ်ခဏရပ်တန့်လိုက်ပြီး ...
" မှော်ဆေးပညာရပ်ကလဲ အတူတူပဲ ဆေးလုံးဖော်စပ်တဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ဆေးနံ့က တကယ်တော့ ဆေးလုံးရဲ့အနှစ်သာရ ဖြစ်နေတာကို လူတွေမသိကြဘူး၊ ဒါကြောင့်လဲ မှော်ဆေးပညာရှင် တော်တော်များများက အရည်အသွေးမြင့် ဆေးလုံးတွေကို မဖော်စပ်နိုင်ကြတာလေ "
" ဒါဆိုရင် ဆေးလုံးရဲ့ မွှေးရနံ့အနှစ်သာရကို ဘယ်လိုမျိုး ချိတ်ပိတ်ရလဲဆိုတာကို ပြောပြနိုင်လား "
ကျိဟိုင် တောက်ပသော မျက်လုံးများနှင့်အတူ မေးလိုက်သည်။
" အဆုံးသတ်မှာ ငါလုပ်ခဲ့တဲ့ မှော်ဆေးစည်းတံဆိပ်ကို မင်းမမြင်လိုက်ဘူးလား "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းပင် ချာခနဲလှည့်ထွက်သွားပြီး ပျောက်ကွယ်သွား၏။
ဤအချက်ကိုတောင်မှ ရဲ့ဟိုင်က လုရန်ရန်အား မျက်နှာသာပေးသောအနေဖြင့် ရှင်းပြခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင် ထွက်ခွာသွားသော ရဲ့ဟိုင်၏နောက်ကျောကိုကြည့်ပြီး ကျိဟိုင်၏မျက်လုံးများက တလက်လက်တောက်ပလာသည်ကို လုရန်ရန်မြင်လိုက်ရသောအခါ မျက်မှောင်ကုပ်သွားလေ၏။
" အကြီးအကဲကျိ အတွေးဆိုးတွေရှိရင် ဖယ်ထားဖို့အတွက် ကျွန်မအကြံပေးပါရစေ "
လုရန်ရန် ကျိဟိုင်ကိုစိုက်ကြည့်ကာ အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကြားတော့မှ ကျိဟိုင်၏ မျက်လုံးထဲတွင်ရှိနေသည့် တောက်ပသော အလင်းရောင်များက ပျောက်ကွယ်သွားပြီး ရှက်ကိုးရှက်ကန်း အမူအရာ ဖြစ်ပေါ်လာ၏။
" လုရန်ရန် ငါ မင်းဘာပြောလဲဆိုတာကို မသိဘူး "
" ရဲ့ဟိုင်ရဲ့ ခွန်အားနဲ့ သူ့ရဲ့နောက်ခံက ကျွန်မတို့ ရှန်ကျင်းဂိုဏ်း သွားပြီးတော့ စော်ကားဖို့အတွက် တတ်နိုင်တဲ့ အရာမဟုတ်ဘူး "
လုရန်ရန် အပိုစကားများမပါသော စကားအနည်းငယ်ကို ထပ်မံ၍ ပြောလိုက်သည်။ သို့သော် သူမ၏ စကားထဲတွင် အဓိပ္ပါယ်များက အကုန်အစင် ပါဝင်နေပြီဖြစ်၏။
ကျိဟိုင် လုရန်ရန်ကို ပြန်ကြည့်လိုက်ပြီး...
" စိတ်မပူနဲ့ .. သခင်လေးရဲ့က ငါတို့ရှန်ကျင်းဂိုဏ်းရဲ့ အထူးဧည့်သည်တော်တစ်ယောက်ပဲ၊ ငါကသူ့ကို ဘာကိစ္စစော်ကားရမှာလဲ "
ထိုသို့ပြောပြီးသည်နှင့် ကျိဟိုင် သူ၏မှော်ဆေးပညာခန်းမမှ လူများကိုခေါ်ကာ ထွက်ခွာသွားသည်။
ပုံမှန်တပည့်တစ်ယောက်ကသာ သူ့ကိုဤကဲ့သို့ လာပြောသည်ဆိုလျှင် ထိုနေရာ၌ ရိုက်နှက်ပြီးသွားပြီဖြစ်၏။ သို့သော် လုရန်ရန်ကိုတော့ ရှန်ကျင်းဂိုဏ်းတစ်ခုလုံးတွင် မည်သူကမှ သွားပြီး ဒေါသမဆွရဲပေ။ ဤအမျိုးသမီးက အနာဂါတ်၌ မြင့်မြတ်သော အင်မော်တယ်ဘုရင်အဆင့် ဖြစ်လာမည့်သူပင်။
တစ်ဖက်တွင် အခန်းထဲသို့ ပြန်ရောက်လာသော ရှီစင်းယုက သူဆေးမီးဖို ပေါက်ကွဲရသည့် အကြောင်းအရင်းကို တွေးတောနေလေသည်။
ဟောင်အယ်ကလဲ သူမ၏ဆရာ တွေးတောနေသည်ကို မနှောင့်ယှက်ဝံ့သဖြင့် သုံးနာရီတိတိကြာအောင် ငြိမ်သက်စွာဖြင့် ထိုင်စောင့်နေခဲ့၏။
ဤသို့ဖြင့် သုံးနာရီကြာပြီးနောက် ရှီစင်းယု၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများအပြင် စိုးရိမ်ပူပန်မှုများ ပြည့်လာသောအခါ ဟောင်အယ် ဤအတိုင်းမနေနိုင်တော့ချေ။ ဤသို့သာဆက်သွားမည်ဆိုလျှင် သူမ၏ဆရာ ချီသွေးဖောက်ပြန်မှုပင် ဖြစ်သွားနိုင်လေသည်။
ဟောင်အယ် တိတ်တဆိတ်ပင် သူမ၏ဆရာအခန်းထဲမှ ထွက်ခွာလာ၏။ ထို့နောက် သူမ၏အခန်းသို့ ပြန်ခြင်းမရှိဘဲ ရဲ့ဟိုင်၏အခန်းကို သွား၍ခေါက်လိုက်သည်။
" ဘာကိစ္စရှိလို့လဲ "
ရဲ့ဟိုင် တံခါးဖွင့်ပြီး ဟောင်အယ်ကိုကြည့်ကာ မေးလိုက်၏။
" ငါနင့်ကို ပြောစရာရှိတယ် "
ဟောင်အယ် ချက်ချင်းပင် ရဲ့ဟိုင်၏ အခန်းထဲသို့ ဝင်ရောက်လိုက်ပြီး တံခါးကို သူမကိုယ်တိုင် ပြန်ပိတ်လိုက်သည်။
ထိုအချိန်တွင် ရဲ့ဟိုင်၏အခန်းကို နတ်အသိစိတ်အာရုံဖြင့် အဆက်မပြတ် စောင့်ကြည့်နေသော လုရန်ရန်က ချက်ချင်း ပြတင်းပေါက်တံခါးမှ ခုန်ထွက်လာပြီး ရဲ့ဟိုင်၏တံခါးဝအရှေ့သို့ ရောက်ရှိလာ၏။
အကြောင်းအရင်းတစ်ခုကြောင့် ရဲ့ဟိုင်နှင့် ဟောင်အယ်တို့နှစ်ယောက် အခန်းထဲတွင် ပွေ့ဖက်နမ်းနေသည့်မြင်ကွင်းက သူမ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအတွေးက သူမကိုတော်တော်လေး စိတ်မသက်မသာဖြစ်စေလေ၏။
လုရန်ရန်သည် ဤကိစ္စက မဖြစ်နိုင်မှန်းသိသော်လည်း ရဲ့ဟိုင် သူမကို ပွတ်သပ်ခဲ့သောအချိန်ကို ပြန်တွေးမိလိုက်သောအခါ ထိုကောင်၏အကျင့်ကို ယုံကြည်ချက်မရှိတော့ပေ။
ချက်ချင်းပင် သူမ တံခါးကို အုန်းခနဲ တွန်းဖွင့်လိုက်သည်။
သူမထိုကဲ့သို့ တံခါးကို အုန်းခနဲတွန်းဖွင့်လိုက်သည်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသော ဟောင်အယ်နှင့် ရဲ့ဟိုင်တို့ နှစ်ယောက်လုံးက သူမကို အံ့ဩတကြီး မျက်လုံးပြူးကာ ကြည့်လာ၏။
" ငါ ရဲ့ဟိုင်နဲ့ ဆွေးနွေးစရာကိစ္စရှိလို့ "
လုရန်ရန် သူမကို အံ့ဩတကြီး ကြည့်နေသောနှစ်ယောက်ကို ကမန်းကတန်းပင် ပြန်ပြောလိုက်သည်။
သူမ၏အကြောင်းပြချက်က တော်တော်လေး အဆင်ချောသည့် အကြောင်းပြချက်လို့ ပြောရပေမည်။ သို့သော် ဟောင်အယ်မှာ လုရန်ရန်က သူ့ယောက်ကျား မယားငယ်နှင့် ချိန်းတွေ့နေသည်ကို ဒေါသတကြီး လာဖမ်းသည့်လူတစ်ယောက်နှင့် တူညီသည်ဟု စိတ်ထဲတွင်ပို၍ ခံစားနေရလေသည်။
" ဘာဆွေးနွေးစရာရှိလို့လဲ "
ရဲ့ဟိုင် မျက်မှောင်ကုပ်ကာ မေးလိုက်၏။
" ငါ့ရဲ့ကိစ္စက အရေးမကြီးဘူး နင်တို့ဆက်ပြောကြ "
လုရန်ရန် တည်ငြိမ်ချင်ယောင်ဆောင်လိုက်ပြီး ခုံတစ်လုံးတွင် ဝင်ရောက်ကာ ထိုင်လိုက်သည်။
တစ်ဖက်တွင် ဟောင်အယ်က တုံ့ဆိုင်းသွားသော်လည်း ရဲ့ဟိုင်ကိုကြည့်ကာ...
" ရဲ့ဟိုင် နင်ငါ့ဆရာကို ကူညီပေးနိုင်မလား "
" မင်းဘာကိုဆိုလိုလဲဆိုတာ ငါနားမလည်ဘူး "
ရဲ့ဟိုင် ပုခုံးတွန့်၍ ပြန်ပြောလိုက်၏။
" ရဲ့ဟိုင် ငါ့ရဲ့ဆရာက ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးဖော်စပ်တာ ကျရှုံးရတဲ့ အကြောင်းအရင်းကို အခုချိန်အထိ ရှာဖွေနေရဆဲပဲ သူဘယ်လိုမှ ပြဿနာကို မရှာနိုင်ဘူးထင်တယ် "
" ဆေးလုံးဖော်စပ်တဲ့ ကျရှုံးရတဲ့ အကြောင်းအရင်းဟုတ်လား "
ရဲ့ဟိုင်၏မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။
" မင်းရဲ့ဆရာက ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးညွှန်းကို သူကိုယ်တိုင်ဖော်ထုတ်ခဲ့ပြီး ကိုယ်တိုင်ပဲ သန့်စင်ခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ ဆေးလုံးဖော်စပ်တာမှာ ကျရှုံးရတဲ့ အကြောင်းအရင်းကို အခုချိန်အထိ ရှာလို့မတွေ့ရသေးတာတုန်း "
" ဒါ .. ဒါ .. ဒါက "
တစ်ဖက်တွင် ဟောင်အယ်မှာ အကြောင်းပြချက် တိတိကျကျ ရေရေရာရာ ပြောနိုင်ခြင်းမရှိသဖြင့် စကားများထစ်အသွားလေ၏။
***