" ရဲ့ဟိုင် ဆရာရှီကို နင်ကူညီပေးနိုင်လား "
ဟောင်အယ်က သူမကို အသနားခံသော အမူအရာဖြင့် ကြည့်နေသည်ကို တွေ့သောအခါ လုရန်ရန် ငြိမ်နေနိုင်ခြင်းမရှိတော့ဘဲ ကူညီ၍ ဝင်ရောက်ပြောဆိုပေးလိုက်သည်။
" ကျင့်ကြံခြင်းဂိုဏ်းကြီးတွေမှာ သူတို့ရဲ့ကိုယ်ပိုင် လျှို့ဝှက်နည်းစနစ်တွေကို သူစိမ်းတွေဆီ လက်ဆင့်မကမ်းပေးတဲ့ အစဉ်လာရှိသလို မှော်ဆေးပညာရပ်မှာက ပိုလို့တောင်မှ အဲ့ထက်ဆိုးသေးတယ် "
ရဲ့ဟိုင် ထိုသို့ပြောလိုက်သော်လည်း ဟောင်အယ်၏ အသနားခံသော အမူအရာနှင့် လုရန်ရန်၏ မျှော်လင့်ချက်များနှင့် ပြောနေသော အမူအရာကိုကြည့်ကာ သက်ပြင်းချလိုက်၏။
" ကောင်းပြီ မင်းဆရာရဲ့ ဆေးညွှန်းကို ငါ့ကိုပြပေး "
ဟောင်အယ်၏ မျက်နှာက ရုတ်တရက် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ရဲ့ဟိုင်အား ဆေးညွှန်းကို ပေးလိုက်သည်။
ရဲ့ဟိုင်က သူမဆရာ၏ ဆေးညွှန်းကို ခိုးယူရန် ကြံရွယ်နေသည်ဟုတော့ လုံးဝမထင်မှတ်ထားပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမဆရာ၏ဆေးညွှန်းက ရဲ့ဟိုင်တွင်ရှိသောဆေးညွှန်းလို မပြည့်စုံဘဲ ချို့ယွင်းချက်ရှိနေသည်ဟု ထင်မှတ်ထား၏။
ရဲ့ဟိုင် ၎င်းဆေးညွှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဤဆေးညွှန်းတွင်ပါဝင်သော ဆေးပင်ပစ္စည်းများက သူ၏ဆေးညွှန်းတွင်ရှိသော ဆေးပင်များနှင့် ကွဲပြားမှုအချို့ရှိနေသည်ကို သတိပြုမိလိုက်သည်။
ရဲ့ဟိုင်ငြိမ်သက်သွားပြီး ထိုကွဲပြားသော ဒါဇင်နှင့်ချီသည့် ဆေးပင်များကို အစားထိုးလိုက်လျှင် ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးညွှန်း၌ မည်ကဲ့သို့ အပြောင်းအလဲများ ဖြစ်လာမည်ဆိုတာကို တွက်ချက်ကြည့်လိုက်၏။
ဤသို့ဖြင့် အချိန်များက စက္ကန့်နှင့်အမျှ ကုန်ဆုံးသွားသည်။
လုရန်ရန်သည် ဘေးမှနေ၍ ရဲ့ဟိုင် လေးနက်စွာ တွက်ချက်နေသော အမူအရာကိုကြည့်ပြီး မျက်လုံးထဲတွင် ရီဝေမှိုင်းညှို့မှုများ ဖြစ်ပေါ်လာ၏။
အမျိုးသမီးများက သူမတို့၏ အဝတ်အစားများကို ချွတ်လိုက်သည့်အချိန်တွင် ယောက်ကျားများကို အလွန်စွဲဆောင်နိုင်စွမ်း ရှိကြသည်ဟုဆိုကြသည်။ သို့သော် အလုပ်ကြိုးစားနေသည့် အမျိုးသားများ၏ ပုံစံကလဲ မိန်းမများကို အထူး စွဲဆောင်မှုရှိသည်ဆိုတာကို လူအနည်းငယ်သာ သိကြလေ၏။
ထိုအရာက မိန်းမတွေ၏ မွေးရာပါ မျိုးရိုးဗီဇပင်။ မည်သည့် သက်ရှိတွင်မဆို အမများသည် မိတ်လိုက်ရန်အတွက် သန်မာသော အထီးများကို လိုက်ရှာရွေးချယ်ကြလေ၏။
( ဤကား စာဖတ်ပရိတ်သတ် ယောက်ကျားထုကြီး အမြဲကြိုးစားနေရန်အတွက် .. စကားချပ် )
ဟောင်အယ်သည် လုရန်ရန်၏ ထိုအမူအရာကို မြင်သောအခါ မယုံကြည်နိုင်မှုများ မျက်လုံးထဲတွင် ဖြစ်ပေါ်လာ၏။
ရှန်ကျင်းဂိုဏ်းတွင် အေးတိအေးစက်ဖြင့် ယောကျ်ားများနှင့် မပတ်သက်သော လုရန်ရန်သည် မည်သည့်အခါမှ ဤကဲ့သို့ အမူအရာ ပြုမူခြင်းမရှိပေ။
ကြည့်ရတာ လုရန်ရန်က ရဲ့ဟိုင်ကို တကယ်စွဲလမ်းသွားပုံရသည်။
သို့သော်လည်း ရဲ့ဟိုင်လို ပါရမီရှင်တစ်ယောက်ကို မည်သူက မကြိုက်သူရှိသနည်း။
သူမတောင်မှ ... သို့သော် အတွေးများက ဤနေရာတွင် ပြတ်တောက်သွား၏။ အဘယ်ကြောင့်ဆိုသော် မိမိရင်ဘက်ကို ငုံကြည့်လိုက်မိသောကြောင့်ပင်။ သူမရှေ့မှ လုရန်ရန်နှင့် အခြားနေရာများတွင် အဆင့်တန်းသိပ်မကွာခြားသော်လဲ ရင်ဘက်ကြီးနဲ့ ရင်းပြီး စကားပြောချိန်တွင်တော့ မိုးနှင့်မြေလို ကွာခြားနေခဲ့လေသည်။
တစ်နာရီခန့်ကြာသောအခါ ရဲ့ဟိုင်၏ မျက်လုံးထဲတွင် နားလည်မှုအချို့ ဖြစ်ပေါ်လာ၏။
" တကယ်တော့ မင်းဆရာဖော်ထုတ်ထားတဲ့ ဆေးညွှန်းက မှားယွင်းမှုအချို့ ရှိနေတာပဲ "
" တကယ်ကို ဆေးညွှန်းက ပြစ်ချက်ရှိနေတာပေါ့ "
ဟောင်အယ် ရဲ့ဟိုင်ကို မျှော်လင့်ချက်များ ပြည့်နေသောမျက်လုံးဖြင့် ကြည့်လိုက်ပြီး...
" ရဲ့ဟိုင် အဲ့တာကဘာလဲဆိုတာ ငါ့ကိုပြောပြပေးလို့ရမလား "
" မင်းဆရာရဲ့ဆေးညွှန်းက ကောင်းကင်ပြာဆေးပင်ဆီ ရောက်တဲ့အချိန်မှာ ပြဿနာ စရှိသွားတာပဲ "
" ဟုတ်လား ... "
ဟောင်အယ် ချက်ချင်းပင် ဆေးညွှန်းကို သေချာပြန်ပြီး ပြူးပြဲကြည့်လိုက်သည်။
ထို့နောက် သူမ၏မျက်လုံး ပြူးကျယ်သွားပြီး...
" ဒါဆိုရင် ကောင်းကင်ပြာဆေးပင်ရဲ့ နောက်ပိုင်း ဆေးပင်တစ်ဒါဇင်ကျော်က ငါ့ဆရာဖော်ထုတ်ထားတာ မှားယွင်းနေတယ်လို့ ဆိုလိုနေတာပေါ့ "
ရဲ့ဟိုင် ပုခုံးကိုတွန့်လိုက်ပြီး...
" အဲ့တာတော့ ငါလဲမသိဘူးလေ "
" ဘာပဲပြောပြော အခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ဟောင်အယ်သည် ရဲ့ဟိုင်က ဆက်မပြောချင်ဘူးဆိုတာ နားလည်သဖြင့် ကျေးဇူးတင်စကားပြောပြီး အလျင်အမြန် ထွက်ခွာသွား၏။ သူမ၏ဆရာကို ဤသတင်းပြောပြရန် မစောင့်နိုင်တော့ချေ။
ဟောင်အယ်ထွက်ခွာသွားပြီးနောက် ရဲ့ဟိုင်၏လက်ချောင်းထိပ်၌ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ဟောင်အယ်ထားခဲ့သည့်ဆေးညွှန်းကို လောင်ကျွမ်းစေလိုက်သည်။
ထို့နောက် ရဲ့ဟိုင်သည် လုရန်ရန်အားကြည့်ကာ...
" ပြောပါအုံး ... မင်းငါနဲ့ ဘာဆွေးနွေးစရာရှိလို့လဲ "
" ရဲ့ဟိုင် အင်မော်တယ်ဘုရင်အဆင့် သွေးစွမ်းအားကို ငါယူလိုက်တုန်းက မရေမရာ ခံစားချက်တစ်ခု ရှိခဲ့တယ်၊ အဲ့တာက သွေးထဲမှာပါဝင်တဲ့ စွမ်းအားတွေက အရမ်းကြောက်စရာကောင်းလွန်းပြီး ငါကိုင်တွယ်နိုင်ပါ့မလားလို့ စိုးရိမ်တဲ့ခံစားချက်ပဲ "
" စိတ်မပူနဲ့ ငါရှိနေရင် သေချာပေါက် ကိုင်တွယ်ရမှာပေါ့ .. အခုသွေးကိုဝါးမြိုလိုက် ငါသွေးရဲ့စွမ်းအားတစ်ဝက်ကို ချိတ်ပိတ်ဖို့ကူညီပေးမယ် "
" ကောင်းပြီ "
ရဲ့ဟိုင်က အာမခံလာသဖြင့် လုရန်ရန် တွေဝေတုံ့ဆိုင်းခြင်းမရှိ ပါးစပ်ကိုဖွင့်ကာ အင်မော်တယ်ဘုရင်သွေးကို ဝါးမြိုလိုက်၏။
သူမထိုကဲ့သို့ သွေးကိုဝါးမြိုလိုက်သည်နှင့် အင်မော်တယ်ဘုရင်အဆင့် သွေးထဲတွင်ပါဝင်သော ကြောက်စရာကောင်းသည့်စွမ်းအားက သူမ၏ခန္ဓာကိုယ်ထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသလို ပေါက်ကွဲထွက်လာသည်။ လုရန်ရန် အင့်ခနဲ ညည်းတွားလိုက်ရပြီး ပါးစပ်ထောင့်မှ အနီရောင်သွေးများပင် စီးကျလာ၏။
တစ်ဖက်တွင် ရဲ့ဟိုင်က လက်ဟန်နည်းစနစ်မျိုးစုံကို ပြုလုပ်ပြီး အင်မော်တယ်ဘုရင်အဆင့် သွေးစွမ်းအားတွင် ပါဝင်သော စွမ်းအားတစ်ဝက်ကို သူမ၏ ခန္ဓာကိုယ်ထဲ၌ အတင်းအကြပ် ချိတ်ပိတ်ပစ်လိုက်သည်။
ထိုအချိန်ထိတောင်မှ လုရန်ရန်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးပြိုကျလုမတတ် ခံစားချက်ကို ခံစားနေရဆဲဖြစ်၏။ သို့သော်လည်း သူမ အင်မော်တယ်ဘုရင်အဆင့် သွေးစွမ်းအားကို စတင်၍ သန့်စင်နိုင်နေပြီဖြစ်သည်။
ဤသို့ဖြင့် သူမ အင်မော်တယ်ဘုရင်အဆင့် သွေးစွမ်းအားကို အဆက်မပြတ် သန့်စင်နေသည့်အချိန်တွင် ခန္ဓာကိုယ်ကလဲ သန်မာသထက် သန်မာလာသည်ကို ခံစားနေရ၏။
လုရန်ရန်သည် သူမ၏ခန္ဓာကိုယ်က အကန့်အသတ်သို့ ရောက်ရှိသွားသည့်အချိန်တွင် စွမ်းအားကို အဆက်မပြတ် စုစည်းလိုက်ပြီး ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) အတားအဆီးအလွှာဆီသို့ ဦးတည်ကာ တိုက်ခိုက်လိုက်သည်။
" တစ်ခါ "
" နှစ်ခါ "
" သုံးခါ "
သုံးကြိမ်ကြိုးစားပြီးနောက် လုရန်ရန်သည် သူမစွမ်းအင်မလုံလောက်မှန်း သိရှိသဖြင့် ကျန်ချိတ်ပိတ်ထားသော အင်မော်တယ်ဘုရင်အဆင့် သွေးစွမ်းအားတစ်ဝက်ကို ပြတ်ပြတ်သားသားပင် ထုတ်လွှတ်လိုက်၏။
ထိုသွေးစွမ်းအားတစ်ဝက်ကို ထုတ်လွှတ်လိုက်သည်နှင့် လုရန်ရန်သည် သူမ၏ ခန္ဓာကိုယ်က အလွန်ပင် သန်မာလာပြီဖြစ်တာတောင်မှ အလွန်ကြောက်စရာကောင်းသည့် နာကျင်မှုကို ခံစားလိုက်ရဆဲဖြစ်သည်။
လုရန်ရန် အံကိုကြိတ်ကာ ထိုစွမ်းအားများကို စုစည်းထိန်းချုပ်ပြီး အတားအဆီးလွှာကို ဆက်တိုက်ပင် ထပ်မံ၍ တိုက်ခိုက်လိုက်၏။
ဤသို့ဖြင့် သုံးကြိမ်တိုင်တိုင် ဆက်တိုက်ကြိုးစားပြီးနောက် နောက်ဆုံးတွင် ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) အတားအဆီးအလွှာက ခရက် ခနဲ အက်ကွဲသံနှင့်အတူ ပျက်စီးသွားသည်။
အတားအဆီးအလွှာ ပျက်စီးသွားသည်နှင့် လုရန်ရန်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အနေအထားအသစ်တစ်ခုသို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရ၏။ များပြားလှသော စွမ်းအင်များက သူ၏မရီဒန်သွေးကြောများထဲတွင် စီးဆင်းလာသည်။ တစ်ချိန်တည်းမှာပင် အင်မော်တယ်ဘုရင်သွေး၏ ကျန်ရှိနေသော စွမ်းအားများကလည်း သူမ၏ အသွေးအသား၊ အရိုးနှင့် သွေးကြောများထဲသို့ အဆက်မပြတ် စီးဆင်းလာခဲ့လေ၏။
လုရန်ရန် မျက်လုံးမှိတ်လိုက်ပြီး ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) စွမ်းအားများနှင့် နက်နဲသော တာအိုများကို နားလည်ဆင်ခြင်နေလိုက်သည်။
ဤသို့ဖြင့် အချိန်အတော်ကြာပြီးနောက် လုရန်ရန်၏မျက်လုံးက ပွင့်လာပြီး ရွှေရောင်အလင်းတန်းများက မျက်လုံးထဲတွင် တဖျတ်ဖျတ်လက်သွား၏။
" အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် "
ရဲ့ဟိုင် ပြုံးကာပြောလိုက်သည်။
လုရန်ရန် မတ်တပ်ထရပ်သည်နှင့် သူမ၏ပတ်ပတ်လည် လေဟာနယ်က တအုန်းအုန်းပေါက်ကွဲသံများ ဖြစ်ပေါ်လာပြီး အက်ကွဲသွား၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က လျှပ်စီးလက်သလို ရဲ့ဟိုင်၏ နောက်တွင် ထွက်ပေါ်လာသည်။
လေဟာနယ်ထဲတွင် အနည်းငယ် လှည့်ပတ်သွားပြီးနောက် လုရန်ရန်သည် ရဲ့ဟိုင်နှင့် မနီးမဝေးတွင် ထပ်မံပေါ်လာပြီး လွှမ်းမိုးကာ ကြီးစိုးပြီး သန်မာသည့်စွမ်းအားကို သယ်ဆောင်လာသော လက်ဝါးဖြူလေးတစ်စုံက ရဲ့ဟိုင်၏ ရင်ဘတ်ရှိရာသို့ ရိုက်ချလာ၏။
" ရဲ့ဟိုင် ငါ့ရဲ့စွမ်းအားအသစ်ကို ခံစားကြည့်စမ်း "
လုရန်ရန် ပြုံးနေသော အမူအရာဖြင့် ပြောလိုက်သည်။
တစ်ဖက်တွင် ရဲ့ဟိုင်ကလဲ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး လုရန်ရန်၏ တိုက်ခိုက်မှုကို ရင်ဘတ်ဖွင့်ကာ စောင့်ကြိုနေလိုက်၏။
ထိုမြင်ကွင်းက လုရန်ရန်၏ မျက်လုံးကို ပြူးကျယ်သွားစေသည်။ ချက်ချင်းပင်သူမ လက်ဝါးကိုထိန်းချုပ်ပြီး နောက်ပြန်ဆုတ်၏။ သို့သော် သူမကိုပို၍ ထိတ်လန့်သွားစေသည်မှာ ရဲ့ဟိုင်က အရှေ့သို့တိုးလာပြီး သူမ၏လက်ဝါးနှင့် ခန္ဓာကိုယ်ကို ထိမှန်သွားစေရန်အတွက် လုပ်ဆောင်လာခြင်းဖြစ်သည်။
ရဲ့ဟိုင်၏အရှိန်က အလွန်ပင် မြန်ဆန်လွန်းလှ၏။ ထို့ကြောင့် လုရန်ရန်သည် သူမ၏လက်ဝါးကို နောက်ဆုတ်လိုက်သော်လည်း အချိန်မီလိုက်ခြင်းမရှိချေ။
အုန်းခနဲပေါက်ကွဲသံနှင့်အတူ လုရန်ရန် သူမ၏လက်ဝါးက မပျက်စီးနိုင်သော အင်မော်တယ်တောင်ကြီးကို ထိမှန်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် လက်မှပြင်းထန်သော နာကျင်မှုနှင့်အတူ သူမ ခန္ဓာကိုယ်ကို မရပ်တန့်နိုင်ခင်အချိန်အထိ နောက်သို့ခြေ ( 10 ) လှမ်းတိတိ ဆုတ်သွားရလေ၏။
***