လုရန်ရန် ရဲ့ဟိုင်ကို မျက်လုံးပြူးကျယ်စွာ ကြည့်လိုက်ပြီး...
" နင်က နတ်ဆိုး တစ်ကောင်လား "
" ဘယ်လိုလုပ် ငါက နင်နဲ့ အဆင့်တူသွားတာတောင်မှ နင့်ကိုဒဏ်ရာရအောင် မတိုက်ခိုက်နိုင်ရတာလဲ "
ရဲ့ဟိုင်ပြုံးလိုက်ပြီး...
" ကောင်မလေး ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) တိုင်းက တစ်ယောက်နဲ့တစ်ယောက် တူညီတာမဟုတ်ဘူး "
" ဘာကွာခြားချက်ရှိလို့လဲ "
လုရန်ရန် မျက်မှောင်ကုပ်ကာ မေးလိုက်သည်။
" ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သန်မာသထက်ပိုပြီး သန်မာလာအောင် ကြိုးစားရတယ်၊ ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) မှာ ခန္ဓာကိုယ်က အင်မော်တယ်သခင်အဆင့်လောက် သန်မာရင်တောင် အဲ့ဒီလူက အနာဂါတ်မှာ အင်မော်တယ်ဘုရင်အဆင့်ကို လှမ်းနိုင်ရုံပဲရှိမှာ၊ ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) မှာ အင်မော်တယ်ဘုရင်အဆင့် ခန္ဓာကိုယ်လောက် သန်မာနေမှ အနာဂါတ်မှာ အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ကို ရောက်နိုင်တဲ့ အခွင့်အရေးရှိမယ် "
" ဒါဆိုရင် နင်က အနာဂါတ်မှာ အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်အထိ ရောက်နိုင်တယ်ပေါ့ "
လုရန်ရန် မျက်လုံးပြူးကာ မေးလိုက်၏။
သို့သော် ရဲ့ဟိုင် ပြုံးပြီး ခေါင်းခါယမ်းလိုက်သည်။
အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ရောက်ရန် ဤမျှလွယ်ကူမည်လား။
" ဘာ .. နင်ကအဲ့လောက် အစွမ်းထက်နေတာတောင်မှ အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ကို မရောက်နိုင်ဘူးလား "
လုရန်ရန် မျက်လုံးပြူးကျယ်စွာဖြင့် မေးလိုက်၏။
" ဒါနဲ့လုရန်ရန် နင့်ရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်အပ်စိုက်မှတ်တွေ ဘယ်လောက်များများ ဖွင့်ထားနိုင်လဲ "
ရဲ့ဟိုင် အကြောင်းအရာကို ပြောင်းလဲကာ မေးလိုက်သည်။
" ငါ့မှာ ဘာစွမ်းအင်အပ်စိုက်မှတ်မှ မရှိဘူး "
လုရန်ရန် အံ့အားသင့်မှုများဖြင့် ပြန်ပြောလိုက်၏။
" မရှိဘူး ဟုတ်လား "
ရဲ့ဟိုင်၏ အမူအရာ လေးနက်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ဖီးနစ်နတ်သမီး ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) သို့ ရောက်ရှိသွားသည့်အချိန်တွင်လည်း သူမ၏ခန္ဓာကိုယ်တွင် စွမ်းအင်အပ်စိုက်မှတ်များက မရှိသောကြောင့်ဖြစ်သည်။
သူတစ်ယောက်တည်းကသာ အကုန်လုံးထဲတွင် ထူးခြားသည့်လူတစ်ယောက် ဖြစ်နေသည်လား။
ရဲ့ဟိုင် ထိုထူးခြားမှုကို သူ့အနေဖြင့် သိပ်ပြီးနှစ်သက်ခြင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းလမ်းစဥ်က အလွန်ပင် ခက်ခဲသောကြောင့်ဖြစ်၏။
" ဘာလဲ နင့်ရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ဖြည့်အပ်စိုက်မှတ်တွေ ရှိလို့လား "
" ဒါနဲ့စကားမစပ် လုရန်ရန် ရန်ချီနယ်မြေထဲမှာ အဓိကဂိုဏ်းအဖွဲ့အစည်းတွေကို နင်သိလား "
ရဲ့ဟိုင် ချက်ချင်းပင် စကားလမ်းကြောင်းကို ပြောင်းလဲကာ မေးလိုက်သည်။ ဤအရာကို လုရန်ရန်နှင့် ဆွေးနွေးဖို့က သူ့အတွက်အဆင်မပြေချေ။
" ငါသိတယ် "
" ဒါဆိုရင် ဘယ်ဂိုဏ်းတွေက ဆိုးယုတ်တဲ့ဂိုဏ်းလဲသိလား "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် လုရန်ရန်ကို သေချာကြည့်လိုက်ပြီး...
" ငါပြောတဲ့ ဆိုးယုတ်တဲ့ဂိုဏ်းဆိုတာက မင်းထင်သလို ဂိုဏ်းဆိုးတွေမဟုတ်ဘူး လူသတ်၊ မီးရှို့၊ ဓားပြတိုက်၊ မုဒိန်းကျင့် အဲ့လို ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်နေတဲ့ အမျိုးအစားဂိုဏ်းတွေကိုပြောတာ "
" ရဲ့ဟိုင် နင်ဘာလုပ်ချင်လို့လဲ "
လုရန်ရန် စိတ်ဝင်တစားဖြင့် မေးလိုက်၏။
" ငါ့ဆရာက ငါ့ကို တရားမျှတမှုက ဘာလဲဆိုတာ သေချာသင်ပေးထားတယ်လေ၊ အဲ့တော့ လောကကြီးထဲ လှည့်ပတ်နေတုန်း မကောင်းသူပယ်၊ ကောင်းသူကယ်ပြီး ကုသိုလ်ကောင်းမှုလေး လုပ်မလို့ပေါ့ "
ရဲ့ဟိုင် အမှန်တရား၏ ဘက်တော်သားတစ်ယောက်လို အမူအရာဖြင့် ရင်ဘတ်ကိုကော့ကာ ပြောလိုက်သည်။ သို့သော် စိတ်လှုပ်ရှားစွာ ပွတ်သပ်နေသော လက်ဝါးနှစ်ဖက်ကြောင့် သူတော်ကောင်းနှင့် မတူပဲ ဓားပြတစ်ယောက်နှင့် တူနေခဲ့လေ၏။
" ဘာလဲ နင်က ဆိုးယုတ်တဲ့လူတွေကို လိုက်ပြီးနှိမ်နင်းမလို့လား .. အဲ့တာဆိုငါလဲ နင်နဲ့လိုက်ခဲ့မယ် "
" မဟုတ်ဘူး .. မင်းအခုလုပ်ရမှာက ကျင့်ကြံအဆင့်နယ်ပယ်ကို အခြေကျအောင်လို့ စုစည်းဖို့ပဲ "
ရဲ့ဟိုင် ပြုံးပြီးပြောလိုက်၏။
" နင်နဲ့လျှောက်သွားပြီး တိုက်ခိုက်တာက ငါ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်ကို ပိုပြီးတော့ အခြေမခိုင်သွားစေဘူးလား "
လုရန်ရန် မျက်လုံးပြူး၍ ပြန်ပြောလိုက်သည်။
" ကောင်းပြီ .. ဒါဆိုရင် မနက်ဖြန်သွားကြတာပေါ့ "
ရဲ့ဟိုင် တစ်ခဏစဥ်းစားပြီးနောက် ခေါင်းညိတ်၍ လက်ခံလိုက်၏။ ဤကောင်မလေးက သူဘယ်လောက်ငြင်းငြင်း ဇွတ်တရွတ်လိုက်လာမည့် အနေအထားတွင်ရှိ၏။
" အဲ့တာအကောင်းဆုံးပဲ .. ဒါဆို ငါ ဂိုဏ်းခေါင်းဆောင်ကို သွားတွေ့ပြီး စကားပြောလိုက်ဦးမယ် "
လုရန်ရန် ချက်ချင်းပင် အခန်းထဲမှ ထွက်ခွာလိုက်၏။ သို့သော် လုရန်ရန် အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် ရှီစင်းယုနှင့် ဟောင်အယ်တို့နှစ်ယောက်က တံခါးရှေ့၌ မတ်တပ်ရပ်ကာ စောင့်ဆိုင်းနေသည်ကို အံ့အားသင့်စွာဖြင့် တွေ့လိုက်ရသည်။
ဟောင်အယ် လုရန်ရန်ကို မျက်လုံးပြူးကြည့်ပြီး ...
" နင် .. နင် .. နင်က လွန်ခဲ့တဲ့သုံးရက်လုံး ရဲ့ဟိုင်ရဲ့ အခန်းထဲမှာ နေခဲ့တာလား "
ဟောင်အယ် တအံ့တဩဖြင့် မေးလိုက်၏။ သူမသည် မိမိဆရာဆီသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ရဲ့ဟိုင်ပြောပြလိုက်သော အခြေအနေအား သူမ၏ဆရာကို ပြောခဲ့သည်။ ရှီစင်းယုမှာ အတန်ကြာအောင် တွေဝေတုံ့ဆိုင်းနေခဲ့ပြီးနောက် နောက်ဆုံးတွင် ရဲ့ဟိုင်နှင့် တိုင်ပင်ရန်အတွက် ရောက်ရှိလာခဲ့လေ၏။
သို့သော် ရှီစင်းယု ရောက်ရှိလာသည့်အချိန်တွင် ရဲ့ဟိုင်၏အခန်းပတ်ပတ်လည်၌ တားမြစ်အစီအရင် ရှိနေမည်ဟု မမျှော်လင့်ထားပေ။ ထိုတားမြစ်အစီအရင် ရှိနေခြင်းကြောင့် ရဲ့ဟိုင်က သူ့ကိုဘယ်သူမှ မနှောင့်ယှက်စေလိုကြောင်း နားလည်လိုက်သည်။
ထို့ကြောင့် ရှီစင်းယုက ယနေ့အချိန်အထိ တံခါးဝတွင် မတ်တပ်ရပ်ကာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။ သို့သော် တံခါးကိုဖွင့်လိုက် သူက ရဲ့ဟိုင်မဟုတ်ဘဲ လုရန်ရန်ဖြစ်နေမည်ဟု နှစ်ယောက်လုံး မထင်မှတ်ထားကြချေ။
တစ်ခန်းထဲတွင် ယောကျ်ားနှင့်မိန်းမ နှစ်ယောက်တည်း သုံးရက်တိတိ နေထိုင်ခဲ့သည့်ကိစ္စက သူတို့ကို အတွေးများသွားစေသည်။
" ဟုတ်တယ် "
လုရန်ရန်သည် ဟောင်အယ်၏မျက်လုံးထဲမှ အတွေးများကို ဖတ်နိုင်သဖြင့် ထိုကောင်မလေး သူမကို နားလည်မှုလွဲသွားမှန်း သိရှိလိုက်၏။
" လွန်ခဲ့တဲ့သုံးရက်က ငါ ရဲ့ဟိုင်ရဲ့အခန်းကိုရောက်လာပြီး အဆင့်တက်ဖို့အတွက် သူ့ကိုအကူအညီ တောင်းခဲ့တာလေ "
ထိုအချိန်ကျမှ ဟောင်အယ်သည် လုရန်ရန်၏ ခန္ဓာကိုယ်မှ မတည်ငြိမ်သေးသော အရှိန်အဝါ အတက်အကျလှိုင်းကို သတိပြုမိသွားသည်။ ၎င်းအရှိန်အဝါ အတက်အကျလှိုင်းက အလွန်အမင်းကို အစွမ်းထက်ကာ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှ၏။
" အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် မိန်းကလေးလုရန် "
ရှီစင်းယု ချက်ချင်းပင် ဂုဏ်ပြုလိုက်သည်။
ရှီစင်းယုသည် လုရန်ရန်က ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) သို့ ရောက်ရှိသွားပြီးနောက် နဂါးဂိတ်ကိုဖြတ်ကျော်သွားသော ငါးကြင်းတစ်ကောင်လို ဖြစ်သွားပြီဆိုတာကို ကောင်းကောင်းနားလည်၏။ သူမ၏အနာဂါတ် အဆင့်အတန်းက သူပင်လိုက်မမီနိုင်သည့် အဆင့်အတန်း ဖြစ်လာပေတော့မည်။
လုရန်ရန်ပြုံးလိုက်ပြီး ဂိုဏ်းချုပ်ကို သွားတွေ့လိုက်ဦးမည်ဟုဆိုကာ နှုတ်ဆက်၍ ထွက်ခွာသွားသည်။
လုရန်ရန် ထွက်ခွာသွားလျှင် ရှီစင်းယုက တံခါးဝတွင်ရှိနေသော ရဲ့ဟိုင်ကို ကြည့်လိုက်၏။
" ဝင်လာခဲ့ "
ရဲ့ဟိုင် တစ်ခဏစဥ်းစားပြီးနောက် ထိုဆရာတပည့်နှစ်ယောက်ကို အထဲသို့ဖိတ်ခေါ်လိုက်သည်။
ရှီစင်းယုနှင့် ဟောင်အယ်တို့ တလေးတစားဖြင့်ဝင်လာပြီး ထိုင်ခုံများတွင် ထိုင်လိုက်သည့်အချိန်၌ ရဲ့ဟိုင်က တန်းကာစပြောလိုက်၏။
" ဆရာရှီ ခင်ဗျားတစ်စုံတစ်ခုကို တွေးမိလား "
" ဘာများလဲ သခင်လေးရဲ့ "
ရှီစင်းယု ပြန်မေးလိုက်သည်။ ရဲ့ဟိုင်က အဆုံးမရှိအစမရှိ ပြောလာသောစကားကြောင့် သူဘာပြောချင်သည်ဆိုတာကို ရှီစင်းယု စဥ်းစားမရချေ။
" ဆရာရှီ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးကို ဖော်စပ်နိုင်ပြီးသွားတဲ့လူတစ်ယောက်က အရင်လို ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်နိုင်မယ်လို့ထင်လား "
ရဲ့ဟိုင် ရှီစင်းယုကိုကြည့်ကာ အလေးအနက် အမူအရာဖြင့် မေးလိုက်၏။
ထိုစကားကြားလျှင် ရှီစင်းယု ခေါင်းညိတ်လိုက်ပြီး...
" ဟုတ်တယ် ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးလုံးကို ဖော်စပ်နိုင်သွားတဲ့အချိန်မှာ ငါ့အနေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေဖို့ မဖြစ်နိုင်ဘူး၊ အကုန်လုံးက အဲ့ဒီဆေးညွှန်းကို လိုချင်တဲ့အတွက် ငါ့ဆီကနေရယူဖို့ ကြိုးစားလာကြမှာပဲ၊ ဒါပေမဲ့ ငါကလဲ အဲ့ဒီဆေးညွှန်းကို ကိုယ်တစ်ယောက်တည်းအတွက် သိမ်းထားဖို့ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဘူးလေ "
ထိုစကားက ရဲ့ဟိုင်ကို မျက်ခုံးပင့်သွားစေသည်။
" ဒါဆိုရင် ဆေးညွှန်းကို ဖြန့်ဝေဖို့အတွက် စီစဥ်းထားတာလား "
ရှီစင်းယု ခေါင်းညိတ်လိုက်၏။
" ကြည့်ရတာ အဲ့ဒီလို ဆေးညွှန်းကို ဖြန့်ဝေလိုက်မယ်ဆိုရင် ငါက လူတိုင်းရဲ့ပစ်မှတ် ဖြစ်လာမယ်ထင်တယ် "
" ဘာပဲပြောပြော ငါ့မှာရာနဲ့ချီတဲ့ မီးတောက်မြက်ပင်တွေရှိတယ်လေ၊ ရန်ချီနယ်မြေတစ်ခုလုံးမှာ နောက်ထပ်မီးတောက်မြက်က အများအပြား မရှိနိုင်တော့ဘူးလို့ ငါယုံကြည်တယ် "
***