ရဲ့ဟိုင်၏ ထိုစကားက ရှီစင်းယု၏မျက်နှာအမူအရာကို ပြောင်းလဲသွားစေသည်။
" ဆရာရှီ .. ခင်ဗျား ကျင့်ကြံခြင်းအသိုင်းအဝိုင်း တစ်ခုလုံးကို အကျိုးပြုချင်တယ်ဆိုတာ နားလည်နိုင်ပေမဲ့ ကိုယ့်ရဲ့လုပ်ရပ်က အခြားလူကို မထိခိုက်စေဖို့အတွက် လိုအပ်တယ်လေ "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်က အကြောင်းအရာကို ပြောင်းလဲလိုက်ကာ...
" ကောင်းပြီ .. အခြားလူတွေက ငါ့ကိုဒုက္ခပေးမှာ ငါဂရုမစိုက်ဘူး၊ ဘာပဲပြောပြော ငါ့မှာအင်မော်တယ်ဘုရင်အဆင့် တိုက်ခိုက်ရေးစွမ်းအားအပြင် အခြားလျှို့ဝှက်နည်းလမ်းတွေလည်း ရှိသေးတယ်လေ "
" ဒါပေမဲ့ ငါက ပျင်းလွန်းအားကြီးလို့ ဒုက္ခကိုလက်ယပ်ခေါ်ချင်တယ်လို့လဲ မဆိုလိုဘူး "
ရဲ့ဟိုင် ထိုသို့ပြောပြီးနောက် ခဏရပ်တန့်လိုက်ပြီး ရှီစင်းယုကိုကြည့်ကာ...
" ကျွန်တော်ပြောတာကို ခင်ဗျားနားလည်မယ်လို့ထင်တယ် "
" ကြည့်ရတာငါ တစ်ဖက်လူအတွက် မတွေးမိသွားတဲ့ပုံပဲ "
ရှီစင်းယု သက်ပြင်းချကာ ပြောလိုက်၏။
" လက်ရှိဆေးညွှန်းကပြဿနာကို ကျွန်တော်ထောက်ပြပေးပြီးပြီ ( 10 ) နှစ်လောက်ကြာချိန် ခင်ဗျားရဲ့ စွမ်းအားနဲ့ဆိုရင် အဲ့ဒီပြဿနာကို သေချာရှင်းလင်းလိုက်နိုင်မှာပဲ "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်၏လက်ထဲတွင် မီးတောက်မြက်သုံးခု ထွက်ပေါ်လာပြီး...
" ဒီမီးတောက်မြက်သုံးပင်ကို ခင်ဗျားအတွက် ကျွန်တော်ပေးလိုက်မယ် "
" ကျေးဇူးတင်ပါတယ် .. သခင်လေးရဲ့ "
ရှီစင်းယု ကမန်းကတန်းပင် မတ်တပ်ထရပ်ကာ ဆေးပင်ကို တရိုတသေယူပြီး ပြောလိုက်သည်။
ရှီစင်းယုသည် ပြိုင်ပွဲတွင် သူ့၌ရှိသော မီးတောက်မြက်တစ်ပင်ကို နှစ်ကြိမ်တိတိ ဆေးဖော်စပ်ခဲ့သဖြင့် မီးတောက်မြက်တစ်ပင်မှ မရှိတော့ချေ။ နောက်ပိုင်း ဆေးညွှန်းကို ပြင်ဆင်ပြီးသွားနိုင်လျှင်တောင်မှ မီးတောက်မြက်မရှိလျှင် ဆေးလုံးဖော်စပ်ရန်က မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် ဤမီးတောက်မြက်သုံးပင်က သူ့အတွက်တော့ အလွန်အမင်းကို လိုအပ်သည့်အရာဟု ဆိုလို့ရလေ၏။
" ဒါနဲ့ ဆရာရှီ ကျွန်တော်တစ်ခု မေးစရာရှိတယ် "
ရဲ့ဟိုင်ဆက်ပြောလိုက်သည်။
" မေးပါ သခင်လေးရဲ့ "
" ရန်ချီနယ်မြေမှာ ဘယ်ဂိုဏ်းတွေက လူသတ်၊ မီးရှို့၊ ဓားပြတိုက်၊ မုဒိန်းကျင့် စတဲ့မကောင်းမှုကျူးလွန်တဲ့သူတွေ ရှိလဲဆိုတာကိုသိလား "
ထိုစကားကြားလျှင် ရှီစင်းယုက တစ်ခဏစဥ်းစားပြီးနောက်...
" သခင်လေးရဲ့ ရန်ချီနယ်မြေမှာ အဆိုးရွားဆုံးဂိုဏ်းကို ပြောပါဆိုရင်တော့ သွေးဂိုဏ်းကိုပဲ ညွှန်ပြရမယ်၊ အဲ့ဒီဂိုဏ်းက သက်ရှိလူသားတွေရဲ့ အနှစ်သာရနဲ့ သွေးစွမ်းအားကို ဝါးမြိုပြီး ကျင့်ကြံကြတာလေ၊ ကံမကောင်းတစ်ခုက အဲ့ဒီဂိုဏ်း အရမ်းအစွမ်းထက်လွန်းနေတာပဲ၊ ရန်ချီနယ်မြေက အဓိကဂိုဏ်းတွေ ပူးပေါင်းပြီးတော့ သူတို့ဂိုဏ်းကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြပေမဲ့ သွေးဂိုဏ်းကမပျက်စီးဘဲ တိုက်ပွဲမှာ ကျင့်ကြံသူတွေရဲ့သွေးကို ဝါးမြိုပြီး ပိုပြီးတော့တောင်မှ သန်မာလာခဲ့တယ် "
" အခြားအဖွဲ့အစည်းတွေကော ရှိသေးလား "
ရဲ့ဟိုင် ချက်ချင်းပင် မြေပုံတစ်ခုကို စားပွဲပေါ်တင်လိုက်ပြီး မေးလိုက်၏။
" ဒီနေရာမှာ နတ်ဆိုးရုပ်သေးဂိုဏ်းရှိတယ် အဲ့ဒီဂိုဏ်းရဲ့ ဝိညာဥ်နှုတ် နည်းစနစ်က အရမ်းကိုကြောက်စရာကောင်းပြီး သူတို့က ကျင့်ကြံသူတွေကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်တယ်လေ၊ ဒီလုပ်ရပ်က အရမ်းကိုဆိုးဝါးတဲ့ လုပ်ရပ်ပဲ "
ရှီစင်းယုသည် နေရာတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
" ဆက်ပြောပါ "
ဤသို့ဖြင့် ရှီစင်းယုက ဒါဇင်နှင့်ချီသော အဖွဲ့အစည်းများကို ဆက်တိုက်ပင် ချပြပြောဆိုလိုက်၏။
" သခင်လေးရဲ့ အဲ့ဒီအင်အားစုတွေ အကုန်လုံးက အဓိကဂိုဏ်းကြီးတွေနဲ့ ဆက်စပ်နေတဲ့လူတွေချည်းပဲ၊ တကယ်တော့ အဲ့လိုဆိုးယုတ်တဲ့ဂိုဏ်းတွေကို အနောက်ကထောက်ပံ့ပေးနေတဲ့ လူတွေက သူတို့ကိုယ်သူတို့ တရားမျှတမှု ဘက်တော်သားတွေလို့ ရေရွတ်နေတဲ့ လမ်းမှန်ဂိုဏ်းတွေပဲ "
ရှီစင်းယု သက်ပြင်းချကာ ပြောလိုက်သည်။
" အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ် ဆရာရှီ "
" သခင်လေးရဲ့ မင်းအဲ့ဒီအဖွဲ့အစည်းတွေကို သွားပြီးတိုက်ခိုက်ဖို့ ကြံရွယ်နေတာတော့ မဟုတ်ဘူးမလား "
" ဘာလို့မတိုက်ခိုက်ရမှာလဲ "
ရဲ့ဟိုင် ပြုံးကာ ပြန်ပြောလိုက်လျှင် ရှီစင်းယု တားမြစ်ချင်သွား၏။
သို့သော် ရဲ့ဟိုင်၏ တိုက်ခိုက်ရေးစွမ်းအားကို တွေးလိုက်မိသောအခါ သက်ပြင်းချလိုက်ပြီး...
" သခင်လေးရဲ့ မင်းအနေနဲ့ ငါပြောခဲ့တဲ့ အခြားအင်အားစုတွေကို တိုက်ခိုက်နိုင်ပေမဲ့ သွေးဂိုဏ်းနဲ့ နတ်ဆိုးရုပ်သေးဂိုဏ်းကိုတော့ ရှောင်စေချင်တယ်၊ အဲ့ဒီဂိုဏ်းနှစ်ခုလုံးကို အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတွေက ထောက်ပံ့ပေးထားကြတာ "
" ကောင်းပြီ "
ရဲ့ဟိုင် ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူက စေတနာဖြင့် ပြောလာခြင်းဖြစ်သဖြင့် သူပြန်မငြင်းဆန်ချေ။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ရဲ့ဟိုင် ထိုဂိုဏ်းနှစ်ခုလုံးကို လုံးဝအလေးမထားဘူးဖြစ်၏။ ဤဂိုဏ်းနှစ်ခုလုံးတွင် အင်မော်တယ်ဘုရင်အဆင့်ကျင့်ကြံသူ ရှိနေလျှင်တောင်မှ ဘာဖြစ်သနည်း။ ထိုနှစ်ယောက်က အင်မော်တယ်သခင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်နိုင်ပါသလား။
အင်မော်တယ်သခင်အထွတ်အထိပ်အဆင့် ဆိုလျှင်တောင်မှ သူ၏ကိုယ်ပွား ( 99 )ကောင်က သူ့ကိုထွက်ပြေးရန် အချိန်အလုံအလောက် ပြုလုပ်ပေးနိုင်သည်။
ဤသို့ဖြင့် ရှီစင်းယုထွက်ခွာသွားပြီးနောက် ရဲ့ဟိုင်က မတ်တပ်ထရပ်လိုက်ပြီး ရှန်ကျင်းဂိုဏ်း၏ ဂိုဏ်းတံခါးဝဆီသို့ ဦးတည်လိုက်၏။
ရဲ့ဟိုင်၏ ထွက်ခွာသွားသော အလျင်နှုန်းက အလွန်မြန်ဆန်သော်လည်း ရှန်ကျင်းဂိုဏ်းတွင်ရှိသော ကျင့်ကြံသူများက သူ့ကိုစောင့်ကြည့်နေကြဆဲဖြစ်သည်။
ရှန်ကျင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံနေသော ဧည့်သည်တော်တစ်ဦးအနေဖြင့် ရဲ့ဟိုင်က ဂိုဏ်း၏ ပင်မတံခါးကို တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်စွမ်းရှိ၏။ အစောင့်များက သူတို့ကိုလုံးဝ မတားမြစ်ချေ။
ဤသို့ဖြင့် ရဲ့ဟိုင်ထွက်ခွာသွားပြီး အသက်ရှူချိန် တစ်ဒါဇင်ခန့်ကြာသော် လူသုံးယောက်က အလျင်အမြန်ပင် သူ့နောက်သို့လိုက်သွားလေသည်။
တစ်ဖက်၌ မိမိအခန်းထဲတွင် အေးဆေးကျင့်ကြံနေသော ယီရှောင်းမှာ ထိုသတင်းကြားလိုက်သည်နှင့် မျက်လုံးပြူးကျယ်သွား၏။
" မင်းဘာပြောလိုက်တယ် "
" ဆရာယီ သခင်လေးရဲ့က နှုတ်မဆက်ဘဲ ထွက်ခွာပြီးတဲ့နောက်မှာ မှော်ဆေးပညာခန်းမရဲ့ခေါင်းဆောင်နဲ့ လက်ထောက်အပါအဝင် အဘိုးကြီးတစ်ယောက်ကလဲ သခင်လေးရဲ့ အနောက်ကို လိုက်သွားတာ တွေ့လိုက်ပါတယ် "
တစ်ဖက်တွင် ထိုစကားကြားသောအခါ ယီရှောင်း၏မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူလေဟာနယ်ကို အလျင်အမြန် ဆုတ်ဖြဲလိုက်ပြီး ဂိုဏ်းချုပ်လျန်ယီရှိရာသို့ အလျင်အမြန်ပင် ပြေးသွားလေ၏။
လျန်ယီသည် လုရန်ရန်နှင့် စကားပြောဆိုနေသည်ဟု အစောင့်များကပြော၍ သူ့ကိုတားဆီးလာသောအခါ...
ထိုအစောင့်ကို အလျင်အမြန်ပင် တွန်းဖယ်ပြီး အထဲသို့ အလောတကြီး ပြေးဝင်လိုက်သည်။
" မကောင်းတော့ဘူး "
" အန္တရာယ် "
" ဆရာယီ ခင်ဗျား ဒါဘာလုပ်တာလဲ "
ချက်ချင်းပင် အရိပ်ထဲ၌ ပုန်းအောင်းနေကြသော ကျင့်ကြံသူများက ယီရှောင်းကိုတိုက်ခိုက်ပြီး တားဆီးလာကြ၏။
တစ်ဖက်တွင် အထဲ၌စကားပြောနေသော လျန်ယီက အပြင်ဘက် ရုန်းရင်းဆန်ခတ်မှုကို သိရှိလိုက်ပြီး နတ်အသိစိတ်အာရုံဖြင့် ကြည့်လိုက်လျှင် သူမ၏ကိုယ်ရံတော်များနှင့် ယီရှောင်း အပြင်းအထန် တိုက်ခိုက်နေသည်ဆိုတာကို တွေ့လိုက်ရသည်။
လျန်ယီ မျက်မှောင်ကုပ်သွားပြီး...
" ယီရှောင်းကို အသက်ရှင်ခွင့်ပေးလိုက် "
လျန်ယီ၏ အမိန့်ကြားသည်နှင့် ယီရှောင်းကို တားဆီးထားသော အစောင့်များက တိတ်တဆိတ်ပင် ပြန်လည်ပျောက်ကွယ်သွား၏။
ယီရှောင်းအခန်းထဲသို့ အလျင်အမြန် ဝင်ရောက်လာပြီး ပါးစပ်ထောင့်မှ ကျနေသော သွေးများကို သုတ်လိုက်ကာ...
" ဂိုဏ်းချုပ် မကောင်းတော့ဘူး တစ်စုံတစ်ခုတော့ ကြီးကြီးမားမား ဖြစ်ပျက်သွားပြီ "
" ဘာဖြစ်လို့လဲ "
ယီရှောင်း၏ ထိုအသည်းအသန်ဖြစ်နေသော အမူအရာကိုကြည့်ပြီး လျန်ယီ၏ စိတ်များက လေးလံသွားစေသည်။
" ဂိုဏ်းချုပ် သခင်လေးရဲ့က ရှန်ကျင်းဂိုဏ်းကနေ ထွက်ခွာသွားပါတယ် "
" ဘာ .. သူဂိုဏ်းကိုမနှုတ်ဆက်ဘဲ ထွက်ခွာသွားတာလား "
" ဟုတ်ပါတယ် "
" အဲ့တာက ကြီးမားတဲ့ပြဿနာ မဟုတ်ဘူးလေ .. ရဲ့ဟိုင်မှာ လုပ်စရာတစ်ခုခု ရှိလို့နေမှာပေါ့ "
လျန်ယီ မျက်မှောင်ကုပ်ကာ ပြောလိုက်၏။
" ဟုတ်ပါတယ် ဂိုဏ်းချုပ် သခင်လေးရဲ့ ထွက်ခွာသွားတာ ပြဿနာမဟုတ်ပါဘူး၊ ဒါပေမဲ့ ပြဿနာက မှော်ဆေးပညာခန်းမသခင်၊ လက်ထောက်ခန်းမသခင်နဲ့ အစောင့်အရှောက်အကြီးအကဲ တစ်ယောက်တို့က သခင်လေးရဲ့အနောက်ကို လိုက်သွားတာပါ၊ သူတို့ကြည့်ရတာ သခင်လေးရဲ့ကို ဖမ်းပြီးတော့ ဆေးညွှန်းကို အတင်းအကြပ် လုယူချင်နေတဲ့ပုံပဲ "
***