လူတိုင်းတွင် လောဘရှိ၏။
ကျိဟိုင်နှင့် နန်ဆွမ်တို့ကလဲ ချွင်းချက်မရှိချေ။
သူတို့၏လောဘမှာ ရဲ့ဟိုင်ပိုင်ဆိုင်သော ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးညွှန်းဖြစ်သည်။
သို့သော်လည်း သူတို့နှစ်ယောက်က မှော်ဆေးပညာရှင်များဖြစ်သဖြင့် တိုက်ခိုက်မှုစွမ်းအားက သိပ်မသန်မာကြချေ။ ထို့ကြောင့် အစောင့်အရှောက် မဟာအကြီးအကဲတစ်ယောက်ကို ရှာဖွေပြီး ပူးပေါင်းခဲ့၏။
ရဲ့ဟိုင်သည် သူက အရှိန်နှုန်းမြန်မြန်ဖြင့် ပျံသန်းနေခြင်း မဟုတ်သဖြင့် တစ်စုံတစ်ယောက်က အနောက်ကနေလိုက်လာမှန်း ချက်ချင်းပင် ခံစားမိလိုက်သည်။ အစကတော့ လိုက်လာသူက လုရန်ရန်ဟု ထင်ခဲ့သော်လည်း သူနတ်အသိစိတ်အာရုံဖြင့် တစ်ချက်ကြည့်လိုက်သောအခါ မျက်လုံးက အေးစက်သွား၏။
ရဲ့ဟိုင်ချက်ချင်းပင် ပျံသန်းခြင်းမရှိတော့ဘဲ မတ်တပ်ရပ်ကာ ထိုလူများကို စောင့်လိုက်သည်။
ရဲ့ဟိုင်က ရပ်စောင့်နေသည်ကိုမြင်လျှင် ကျိဟိုင်၊ နန်ဆွမ်နှင့် နောက်ထပ်ပါလာသောအဘိုးကြီးက အံ့အားသင့်သွား၏။ ထို့နောက် သူတို့သုံးယောက်က ရဲ့ဟိုင်၏ ပတ်ပတ်လည်တွင် လေဟာနယ်ချိတ်ပိတ်ခြင်းစွမ်းအားကို ချက်ချင်းအသုံးပြုလိုက်ကြလေသည်။
" အကြီးအကဲကျိ ... ဒါကဘာသဘောပါလဲ "
" ရဲ့ဟိုင် ငါမင်းနဲ့ ဆွေးနွေးချင်တယ် "
" ဘာကိစ္စလဲ "
" မင်းမှာရှိတဲ့ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးညွှန်းကို ငါဝယ်ချင်တယ် "
" အကြီးအကဲကျိ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးညွှန်းဆိုတာက မယုံကြည်နိုင်လောက်အောင် တန်ဖိုးကြီးမားတဲ့အရာတစ်ခုပဲ .. အဲ့တာကို မင်းသိမှာသေချာပါတယ် "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်ပြုံးလိုက်ပြီး...
" အဲ့တော့ ဆေးညွှန်းကိုဝယ်ဖို့အတွက် ဘာနဲ့ကမ်းလှမ်းမှာလဲ "
" မင်းရဲ့အသက် "
ကျိဟိုင် အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်၏။
" ရဲ့ဟိုင် မင်းရဲ့အသက်ထက် ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးညွှန်းက ပိုပြီးတန်တယ်လို့တော့ မင်းမထင်ဘူးမလား "
" အကြီးအကဲကျိ မင်းပြောတဲ့စကားကို ငါနားမလည်ဘူး "
ရဲ့ဟိုင် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
" ရဲ့ဟိုင် ဟန်ဆောင်နေတာရပ်လိုက် မင်းဆေးညွှန်းကို ငါတို့ဆီလွှဲပေး မဟုတ်ရင် မင်းသေရမယ် "
လက်ထောက်အကြီးအကဲ နန်ဆွမ်က ပြတ်ပြတ်သားသားပင် ပြောလိုက်၏။
" ငါ့ကိုသတ်မယ် ဟုတ်လား "
ရဲ့ဟိုင်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။
" အဲ့ဒီအတွက် အကျိုးဆက်တွေကိုကော မင်းစဥ်းစားပြီးပြီလား "
" ဟမ့် ငါတို့နှစ်ယောက်သာ ရှေးဟောင်းအင်မော်တယ်ခန္ဓာကိုယ် ဖန်တီးခြင်းဆေးညွှန်းကို ရလာရင် များပြားတဲ့ဆေးလုံးတွေကို အဆုံးမဲ့ဖော်စပ်နိုင်မှာပဲ၊ အဲ့ဒီအချိန်ကျရင် ဂိုဏ်းချုပ်က ငါတို့ကို အပြစ်တင်ချင်ရင်တောင်မှ တင်လို့မရတော့ဘူး "
နန်ဆွမ် လှောင်ပြုံးနှင့်အတူ ပြောလိုက်၏။
" မဟုတ်ဘူး .. မင်းမှားနေပြီ "
ရဲ့ဟိုင် ထိုနန်ဆွမ်ဆိုသောလူကို စိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
" မှားတယ်ဟုတ်လား .. ဘာမှားလို့လဲ "
နန်ဆွမ် မျက်မှောင်ကုပ်ကာ ပြန်မေးလိုက်၏။
" ပထမအချက် မင်းတို့ဂိုဏ်းခေါင်းဆောင်က မင်းတို့ကိုသေချာပေါက် အပြစ်ပေးလိမ့်မယ်၊ ဒုတိယအချက် မင်းတို့သုံးယောက်တည်းနဲ့ ငါ့ကိုသတ်ဖို့အတွက် ဘယ်လိုမှမဖြစ်နိုင်ဘူး "
ရဲ့ဟိုင် လက်နှစ်ဖက်ကိုနောက်ပစ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်...
" ငါအခု မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်၊ နောက်ပြန်ဆုတ်လိုက် .. ဒါဆိုရင် ငါဘာမှမဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်လိုက်မယ်၊ မဟုတ်ရင်တော့ ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့ "
" ရဲ့ဟိုင် မင်း ဘဝင်လေဟပ်လွန်းလို့ ရူးသွားပြီ "
နန်ဆွမ် ရဲ့ဟိုင်ကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီး...
" မင်းရဲ့ကျင့်ကြံအဆင့်က ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) မှာရှိလို့ လေဟာနယ်ကို ဖျက်ဆီးနိုင်တယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ အဲ့ဒီလေဟာနယ် အက်ကွဲမှုလေးက ငါတို့အတွက် ကလေးကစားစရာ သာသာပဲရှိတာ၊ ငါတို့သုံးယောက်လုံးက အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတွေ .. အဲ့တော့ငါတို့ရှေ့မှာမင်းက ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) ဆိုရင်တောင်မှ ပုရွက်ဆိတ်တစ်ကောင်သာသာပဲ "
" ဒါဆိုရင် မင်းတို့က နောက်ပြန်မဆုတ်ဖို့အတွက် ဆုံးဖြတ်ထားပြီးပြီပေါ့ "
ရဲ့ဟိုင်၏ အသံက ယခုတစ်ခေါက်တွင်တော့ တိုးတိုးလေးမဟုတ်ဘဲ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်ပြီး အဝေးသို့ ပဲ့တင်ထပ်သွားသည်။
ထို့အပြင် ရဲ့ဟိုင်၏ အသံက လေဟာနယ်ကို ထိုးဖောက်သွားပြီး အနောက်မှပြေးလိုက်လာသော လျန်ယီ၊ လုရန်ရန်နှင့် ယီရှောင်းတို့၏ နားထဲသို့ပင် ရောက်ရှိလာ၏။
" မကောင်းတော့ဘူး "
လျန်ယီ၏ မျက်နှာက အသိအသာ ပျက်ယွင်းသွားသည်။ ဤအသံကို နားထောင်ခြင်းအားဖြင့် ရဲ့ဟိုင်က နန်ဆွမ်တို့ကို နောက်ပြန်ဆုတ်ရန်အတွက် အခွင့်အရေးပေးနေသည်မှာ သိသာထင်ရှားလှ၏။
" ဟမ့် ရဲ့ဟိုင် မင်းအသံကျယ်ကျယ်အော်နေလဲ ဘာမှမထူးလာဘူး .. မင်းကိုတစ်ယောက်ယောက်က လာကယ်နိုင်မယ်ထင်လား "
စကားဆုံးသည်နှင့် နန်ဆွမ်၏ ခန္ဓာကိုယ်သည် လျှပ်စီးလက်သလို ပျောက်ကွယ်သွားပြီး ရဲ့ဟိုင်၏ရှေ့၌ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏လက်က ရဲ့ဟိုင် လည်ပင်းဆီသို့ တန်းကာဝင်ရောက်လာ၏။ သို့သော် သူ၏ လက်မှာ ရဲ့ဟိုင်၏ လည်ပင်းဆီသို့မရောက်မီ တစ်ပေခန့်အကွာတွင် ရပ်တန့်သွားလေသည်။
ချက်ချင်းပင် နန်ဆွမ်၏ မျက်လုံးထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာ၏။
သူ၏လက်က လုံးဝရှေ့သို့ ဆက်တိုးနိုင်ခြင်း မရှိတော့ပေ။
ရဲ့ဟိုင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလင်းတန်းအကာအကွယ်အလွှာတစ်ခုက သူ၏ လက်ကိုပိတ်ဆို့ထားမှန်း နန်ဆွမ်ကောင်းကောင်းသတိပြုမိသည်။
သို့သော် မေးစရာက ကျောက်စိမ်းအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အလင်းတန်းအကာအကွယ်အလွှာက သူ့လိုအင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်သည်လား။
" ဒါဆိုရင် ငါလဲ မင်းကိုပြောချင်တယ် ... မင်းကိုဘယ်သူမှ လာမကယ်နိုင်တော့ဘူး "
ရဲ့ဟိုင်ထိုသို့ပြောပြီးသည်နှင့် နန်ဆွမ်၏ မယုံကြည်နိုင်သော အကြည့်အောက်တွင် ကြီးမားသော ပုံရိပ်ယောင်လက်ဝါးကြီးက ထွက်ပေါ်လာကာ သူ့ကိုဆုပ်ကိုင်လိုက်၏။
ထိုသို့ဆုပ်ကိုင်လိုက်သည်နှင့် နန်ဆွမ်၏ခန္ဓာကိုယ်မှ အရိုးများ တဂျွတ်ဂျွတ်ဖြင့် ကျိုးကြေသွားပြီး ၎င်းလက်ဝါး၏ စွမ်းအားအောက်၌ သွေးမှုန်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဝိညာဥ်တစ်ခုသာ ကျန်ရှိခဲ့ပြီး ရဲ့ဟိုင်၏လက်ထဲတွင် အတင်းအကြပ် ရုန်းကန်နေလေ၏။
ရဲ့ဟိုင်မှာ ထိုနန်ဆွမ်၏ဝိညာဥ်ကို လွှတ်ပေးခြင်းမရှိဘဲ ထပ်မံ၍ ဖျစ်ညှစ်လိုက်လျှင် နန်ဆွမ်၏ဝိညာဥ်မှာ ( 99 ) ရာခိုင်နှုန်းကျော်လောက် ဖျက်ဆီးခြင်းခံလိုက်ရပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သော ဝိညာဥ်လက်တစ်ဆုပ်စာခန့်သာ ကျန်ခဲ့တော့သည်။
" ငါမင်းကိုသတ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ .. မင်းတို့ ငါ့ကိုသတ်ဖို့ ကြံစည်ခဲ့တဲ့ အမှားက ဘယ်လောက်ကြီးလဲဆိုတာကို သိစေချင်လို့ပဲ "
ထိုအချိန်တွင် နန်ဆွမ်နှင့် ကျိဟိုင်တို့ခေါ်ဆောင်လာသော တိုက်ခိုက်ရေးမဟာအကြီးအကဲ၏ မျက်လုံးထဲ၌ လေးနက်မှုများ ဖြစ်ပေါ်လာ၏။
" သေစမ်း "
ထိုအဘိုးကြီး၏ လက်သီးချက်က နဂါးဟိန်းဟောက်သံနှင့်အတူ ရဲ့ဟိုင်ဆီသို့ တဟုန်ထိုးပြေးဝင်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏နောက်ကျော၌လည်း ရွှေရောင်နဂါးကြီးတစ်ကောင်က ထွက်ပေါ်လာ၏။
အဘိုးအိုမှာ ရဲ့ဟိုင်၏ခွန်အားက အလွန်ပင်သန်မာမှန်း နားလည်လိုက်သဖြင့် စွမ်းအားကုန် အလစ်ဝင်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
သို့သော် ထိုကြောက်စရာကောင်းသော လက်သီးချက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ရဲ့ဟိုင်မှာ တည်ငြိမ်နေပြီး လက်သီးကိုပြန်လည်၍ ထိုးထုတ်လိုက်၏။
" ခရက် "
လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခြင်းမရှိဘဲ အရိုးအက်ကွဲသံသာ ထွက်ပေါ်လာသည်။
အဘိုးအိုမှာ သူ၏ကွဲကြေသွားသော လက်သီးကို ထိတ်လန့်စွာဖြင့် ကြည့်နေပြီး အလွန်ကြောက်စရာကောင်းသောစွမ်းအားက ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားကာ ကိုယ်တွင်းအင်္ဂါများကို အထဲတွင် ပေါက်ကွဲထွက်သွားစေလေ၏။
***