ချက်ချင်း အဘိုးအို၏ ဒွါရဝခုနစ်ပေါက်မှ သွေးများက စီးကျလာခဲ့ပြီး မျက်လုံးထဲတွင်ရှိနေသော တောက်ပသည့် အလင်းများကလည်း တဖြည်းဖြည်းမှိန်ဖျော့ကာ အားနည်းသွားခဲ့သည်။
လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ရဲ့ဟိုင်က ထိုအဘိုးအိုကို တစ်ချက်တောင်လှည့်ကြည့်ခြင်း မရှိတော့ပေ။ သူ၏အကြည့်က အဝေးတွင် တဆတ်ဆတ်တုန်နေသည့် ကျိဟိုင်ဆီသို့ အေးစက်စွာ ရောက်ရှိနေလေ၏။
ကျိဟိုင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုသတ်နိုင်သည့် ကျောက်စိမ်းအင်မော်တယ်အဆင့်ကို သူတစ်ခါမှ မမြင်ဖူးသလို ကြားလဲမကြားဖူးချေ။
သို့သော် ရဲ့ဟိုင် ကတော့ လွယ်လွယ်လေးလုပ်ခဲ့၏။
" ထွက်ပြေး "
ကျိဟိုင် တွေဝေတုံ့ဆိုင်းခြင်းမရှိ လေဟာနယ်ကိုဆုတ်ဖြဲကာ ပြတ်ပြတ်သားသားပင် ထွက်ပြေးသည်။
လက်ရှိအချိန်တွင် ကျိဟိုင်သည် ရဲ့ဟိုင်ကို တိုက်ခိုက်ချင်စိတ် လုံးဝမရှိတော့ပေ။
ဤကောင်က နတ်ဆိုးကောင်ဖြစ်၏။
ဟုတ်သည်။ ရိုးရိုးနတ်ဆိုးပင် မဟုတ်ဘဲ နတ်ဆိုးများအားလုံးထဲတွင် ကြောက်စရာအကောင်းဆုံးသူလည်းဖြစ်၏။
ကျိဟိုင်၏ စိတ်ထဲ၌ လက်ရှိအချိန်တွင် ရဲ့ဟိုင်ကို ဤအဓိပ္ပါယ်တစ်ခုသာ ဖွင့်ဆိုနိုင်တော့သည်။
သို့သော်လည်းကျိဟိုင် အဝေးသို့ ထွက်မပြေးနိုင်ခင်မှာပင် ကြီးမားသော ပုံရိပ်ယောင်လက်ကြီးတစ်ဖက်က သူ၏ပုခုံးကို ဆုပ်ကိုင်လာ၏။ ထို့နောက် အလွန် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ကိုယ်တွင်းအင်္ဂါများကို ဖျက်ဆီးပစ်လိုက်သည်။
ရဲ့ဟိုင် ချက်ချင်းပင် ကျိဟိုင်ကို လေဟာနယ်ထဲမှ ပြန်လည်ဆွဲထုတ်လာပြီး မှိန်ဖျော့သော ဝိညာဥ်အကြွင်းအကျန်သာ ကျန်ရှိတော့သည့် နန်ဆွမ်အားကြည့်လိုက်ကာ...
" ဘယ်လိုလဲ မင်းတို့ငါ့ကို သတ်ချင်တဲ့လုပ်ရပ်က ဘယ်လောက်ထိ ကြောက်စရာကောင်းတဲ့ လုပ်ရပ်လဲဆိုတာကို နားလည်သွားပြီလား "
တစ်ဖက်တွင် နန်ဆွမ်မှာ ရဲ့ဟိုင်ကို တစ္ဆေတစ်ကောင်လို မျက်လုံးပြူးကာ ကြည့်နေ၏။ မည်သည့်စကားမှ ပြန်ပြောနိုင်ခြင်းမရှိပေ။
ထိုအချိန်တွင် ရဲ့ဟိုင်က တစ်စုံတစ်ခုကို အာရုံခံမိသွားပုံဖြင့် အဝေးကိုလှမ်းကြည့်လိုက်သည်။ ထို့နောက်သူက လေဟာနယ်ကိုဆုတ်ဖြဲပြီး လူတိုင်း၏ရှေ့မှ ပျောက်ကွယ်သွားလေ၏။
ရဲ့ဟိုင်ထွက်ခွာသွားပြီး အသက်ရှူကြိမ်တစ်ဒါဇင်ခန့်ကြာပြီးနောက် လျန်ယီ၊ ယီရှောင်းနှင့် လုရန်ရန်တို့က ထိုတိုက်ပွဲဖြစ်ပွားသည့်နေရာ၌ ပေါ်လာခဲ့သည်။
လျန်ယီ သူမရှေ့မှ မြင်ကွင်းကိုကြည့်ပြီး မျက်လုံးက ပြူးနေ၏။
ယီရှောင်းက ရဲ့ဟိုင်သည် အင်မော်တယ်သခင်အဆင့်ကို သတ်ဖြတ်နိုင်သော စွမ်းအားရှိသည်ဟု အခိုင်အမာ ပြောဆိုခဲ့သော်လည်း စိတ်ထဲတွင် သံသယအချို့ရှိခဲ့သည်။ ယခုတော့ လျန်ယီ သူမမျက်စိဖြင့် တပ်အပ်မြင်ခဲ့ရချေပြီ။ အထူးသဖြင့် ရဲ့ဟိုင် အသံကိုကြားပြီးချိန်နှင့် သူတို့ဤနေရာကို ရောက်လာချိန်က အသက်ရှုချိန် ဆယ်ခါစာသာရှိလေ၏။
ထိုချိန်အတွင်း အင်မော်တယ်သခင် အဆင့်တွေက ကျောက်စိမ်းအင်မော်တယ်အဆင့်ကြောင့် ဤသို့ဖြစ်သွားခဲ့သည်လား။
" မင်းတို့ကို ဘယ်သူက ခွင့်ပြုလို့ ဒီလိုမျိုးလုပ်ရတာလဲ "
ယီရှောင်း ဒေါသတကြီးဖြင့် ထိုသုံးယောက်ကိုကြည့်ကာ ပြောလိုက်၏။
တစ်ဖက်တွင် ကျိဟိုင်မှာ မြေပြင်ပေါ်၌ လဲကျနေပြီး အသက်ကိုမောပမ်းစွာရှူ၍ မျက်လုံးထဲ၌ ခါးသီးမှုများ ပြည့်နှက်နေသည်။
" ယီရှောင်း ရဲ့ဟိုင်က ကျောက်စိမ်းအင်မော်တယ်အဆင့် ဟုတ်မဟုတ်ဆိုတာကို ငါသိချင်တယ် "
" ဟုတ်တယ် သူကကျောက်စိမ်းအင်မော်တယ်အဆင့်ပဲ "
ထိုသို့ပြောပြီးသည်နှင့် ယီရှောင်း၏မျက်လုံးထဲတွင် လေးနက်မှုများ ဖြစ်ပေါ်လာပြီး...
" မင်းတို့ကို ငါမပြောခဲ့တာ တစ်ခုရှိသေးတယ် အဲ့တာက ရဲ့ဟိုင် ကျိုးမိသားစုမှာ အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတာပဲ၊ အဲ့ဒီတိုက်ပွဲက သူသေကိုယ်သေချတဲ့ တိုက်ပွဲမဟုတ်ဘဲ သူက လူတိုင်းကို လက်ဝါးစောင်းနဲ့ နှစ်ခြမ်းဖြတ်သတ်ခဲ့တာ "
" သောက်ရူး .. အဲ့တာကို မင်းဘာလို့ ငါ့ကိုစောစောတည်းက မပြောခဲ့တာလဲ "
ကျိဟိုင် ဒေါသတကြီးဖြင့် ပြောလိုက်၏။
" မင်းကမှ သောက်ရူး .. ရဲ့ဟိုင်က ဘယ်သူလဲ၊ သူ့ရဲ့အချက်အလက်တွေကို သွားပြီးတော့ ဉာဏ်မရှိဖြန့်ဖို့ ငါ့မှာ သတ္တိရှိတယ်လို့ မင်းထင်နေတာလား "
ယီရှောင်း ကျိဟိုင်ကို ဒေါသများဖြင့် ပြန်စိုက်ကြည့်လိုက်ပြီး...
" ပြီးတော့ ရဲ့ဟိုင်က ရန်ရန်ကို အင်မော်တယ်ဘုရင်အဆင့်သွေးတစ်စက် အလွယ်တကူပေးခဲ့တာ အင်မော်တယ်ဘုရင်သွေးဆိုတာဘာလဲ မင်းသိတယ်မလား၊ ငါတို့ရှန်ကျင်းဂိုဏ်းတစ်ခုလုံးတောင် တစ်သက်လုံးရှာနေတာ တစ်စက်မှ မတွေ့ရသေးဘူး .. ရဲ့ဟိုင်ကတော့ လုရန်ရန်ကို ပေါ့ပေါ့ပါးပါးပဲ သွေးတစ်စက်ပေးခဲ့တယ်၊ အဲ့တာဘာကို ဆိုလိုနေလဲ မင်းသိလား "
ထိုစကားကိုကြားသောအခါ ကျိဟိုင်၏မျက်လုံးထဲ၌ ပို၍ပင် ထိတ်လန့်တုန်လှုပ်မှုများ ထွက်ပေါ်လာသည်။
" ဘာလဲ ရဲ့ဟိုင်ရဲ့နောက်ကွယ်မှာ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတွေကို သတ်ဖြတ်နိုင်တဲ့ အဆင့်မြင့် အင်မော်တယ်ဘုရင်အဆင့် တစ်ယောက်ရှိတယ်လို့ ပြောချင်တာလား "
" မဟုတ်ရင် ရဲ့ဟိုင်က ဘာလို့ ဒီလောက်တောင်မှ အံ့မခန်းကြောက်စရာကောင်းနေလဲဆိုတာ ငါ့ကို မင်းရှင်းပြနိုင်မလား "
" ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) ပါရမီရှင်တွေကို ငါအရင်က မတွေ့ခဲ့ဘူးဆိုပေမဲ့ အဲ့ဒီပါရမီရှင်တွေက လေဟာနယ်ကို အက်ကွဲစေနိုင်ရုံပဲရှိတာ၊ အင်မော်တယ်သခင် ပထမအဆင့် ကျင့်ကြံသူတွေတောင်မှ သူတို့ကို သတ်ဖြတ်နိုင်စွမ်းရှိတယ် .. ဒါပေမဲ့ ရဲ့ဟိုင်ကတော့ ... "
ယီရှောင်း အဆုံးထိမပြောခဲ့သော်လဲ ထိုစကားကိုကြားလျှင် ကျိဟိုင်၊ နန်ဆွမ် သူတို့နှင့် အတူပါလာသော အဘိုးအိုတို့က ငြိမ်သက်သွားလေ၏။
" ရဲ့ဟိုင် အခုဘယ်မှာလဲ "
လုရန်ရန် အေးစက်စက်ဖြင့် မေးလိုက်သည်။
" သူသွားပြီ "
နန်ဆွမ် မချိပြုံးပြုံးကာ ပြောလိုက်၏။
နန်ဆွမ်သည် လက်ရှိအချိန်တွင် သူတို့သုံးယောက် မည်မျှကြီးမားသော ဒုက္ခကြီးကို သွားရှာမိလဲဆိုတာကို ကောင်းကောင်းသိသွားပြီဖြစ်သည်။
ရဲ့ဟိုင်က လက်ရှိတောင်မှ အင်မော်တယ်ဘုရင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး ရှန်ကျင်းဂိုဏ်းကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်၏။ ထို့အပြင် ရဲ့ဟိုင်နောက်တွင်လည်း သန်မာသော အဆင့်မြင့်အင်မော်တယ်ဘုရင်တစ်ပါး ရှိနေနိုင်သေးသည်။
အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများသည် ပေါ့ပေါ့တန်တန် လှုပ်ရှားမည်မဟုတ်သော်လည်း ထိုလူ၏အမိန့်တစ်ခုတည်းအောက်၌ ၎င်းတို့ကိုယ်စား တိုက်ခိုက်လိုသော ကျင့်ကြံသူပေါင်း မြောက်များစွာကရှိ၏။ ထိုအမိန့်အောက်၌ ရှန်ကျင်းဂိုဏ်းမည်မျှပင် သန်မာနေပါစေ တောင့်ခံနိုင်မည်မဟုတ်ချေ။ ပျက်စီးသွားရပေမည်။
" ကြည့်ရတာ ရဲ့ဟိုင် တော်တော်ဒေါသထွက်သွား ပုံပဲ၊ သူသ ငါတို့လာတာကို ကျိန်းသေသိမှာ၊ မတွေ့ချင်လို့ ရှောင်သွားတာထင်တယ် "
ယီရှောင်း စိုးရိမ်တကြီး အမူအရာဖြင့် ပြောလိုက်သည်။
ယီရှောင်းသည် ရဲ့ဟိုင်ကဲ့သို့သော် ကြောက်စရာကောင်းသည့် ပါရမီရှင်တစ်ယောက်က ရှန်ကျင်းဂိုဏ်းကို ရန်ငြိုးထားခဲ့ပါက ဂိုဏ်းကကြီးမားသော ဘေးဥပါဒ်ကပ်ဘေးထဲသို့ ကျရောက်သွားမည်ဖြစ်၏။
" ငါ့အထင်တော့ အဲ့လိုမဟုတ်လောက်ဘူး "
ရောက်ကတည်းက နှုတ်ဆိတ်နေသော လျန်ယီ နောက်ဆုံးတွင် ပြန်လည်၍ စကားပြောလာသည်။
" ဒါပေမဲ့ ရဲ့ဟိုင်က ငါတို့ရှန်ကျင်းဂိုဏ်းအပေါ်ကို တော်တော်လေး စိတ်ပျက်သွားမှာကိုတော့ ငါကြောက်မိတယ် "
ထိုသို့ပြောပြီးသည်နှင့် လျန်ယီသည် သေမလိုဖြစ်နေသောသုံးယောက်ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး နောက်လှည့်ကာ ထွက်ခွာသွား၏။
တစ်ဖက်တွင် လုရန်ရန်၏ မျက်နှာကလဲ မဲမှောင်နေသည်။
ရဲ့ဟိုင်က ဤကိစ္စကြောင့် သူမကိုပါ ဒေါသထွက်သွားမှာ စိုးရိမ်မိလေ၏။ ထိုသို့သာဒေါသထွက်သွားမည်ဆိုလျှင် အနာဂါတ်၌ သူတို့နှစ်ယောက်ကြား မည်သည့်ချိတ်ဆက်မှုမှ ရှိတော့မည်မဟုတ်ချေ။
လုရန်ရန် ဒေါသတကြီး ထိုသုံးယောက်ကို တစ်ချက်စိုက်ကြည့်ပြီး လှည့်ကာထွက်သွားသည်။
ယီရှောင်းကတော့ တစ်ပိုင်းသေလုနီးပါးဖြစ်နေသော ကျိဟိုင်နှင့်ကျန်နှစ်ယောက်ကိုကြည့်ပြီး လက်ဝှေ့ယမ်းကာ ထိုသုံးယောက်ကို သယ်ဆောင်သွားလေ၏။
မည်သို့ပင်ဆိုပါစေ ဤလူများက ဂိုဏ်းမှလူများဖြစ်သဖြင့် လျစ်လျူရှုထားခဲ့လို့မရချေ။
......
တစ်ဖက်တွင် ထွက်ခွာသွားသောရဲ့ဟိုင်သည် ရှန်ကျင်းဂိုဏ်းနှင့် ဝေးကွာလှသော နေရာတစ်ခု၏ လေဟာနယ်ထဲတွင် တစ်ခဏရပ်တန့်ကာ စဥ်းစားနေခဲ့သည်။
ဆိုရိုးစကားအတိုင်း မိမိကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်းမရှိဘဲ အခြားလူများပြောသော စကားတစ်ခွန်းကို မျက်စိမှိတ် မယုံကြည်သင့်ပေ။
ထို့ကြောင့် ရဲ့ဟိုင် ပိုသေချာသွားအောင်လို့ ရှီစင်းယုပြောခဲ့သော အဖွဲ့အစည်းများကို စုံစမ်းရန်အတွက် သူ၏ကိုယ်ပွား ( 99 ) ကောင်လုံးကို စေလွှတ်လိုက်လေ၏။
***