( ဒီအုပ်မှာ မဖတ်ခင် ရှင်းပြခြင်တာလေးရှိပါတယ်။ အရင်က မူရင်းမှာ အင်မော်တယ် သခင်ပြီးရင်၊ အင်မော်တယ် ဘုရင် အဆင့်လို့ ရေးခဲ့ပေမယ့် .. ဒီအပိုင်းမှာတော့ အင်မော်တယ် သခင်ပြီးရင် အင်မော်တယ် အရှင် အဆင့်ရှိသေးတယ်လို့ ပါလာပါတယ်။ ရဲ့ဟိုင် ခန္ဓာကိုယ်ကလဲ အင်မော်တယ် ဘုရင်အဆင့်မဟုတ်ပဲ အင်မော်တယ် အရှင် အဆင့်ပါတဲ့ရှင့်။ မူရင်းအတိုင်းပဲ ဆက်ဘာသာပြန်သွားပါမယ်နော် )
***
စုံစမ်းစစ်ဆေးပြီးနောက် ရဲ့ဟိုင်သည် သူ၏ကိုယ်ပွားများ အကုန်လုံးကို ဒေသခံအဖွဲ့အစည်း ( 31 ) ခုအား တစ်ပြိုင်နက်တည်းတိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။
ထိုအဖွဲ့အစည်းများထဲတွင် ရှီစင်းယုပြောပြခဲ့သော သွေးဂိုဏ်းနှင့် နတ်ဆိုးရုပ်သေးဂိုဏ်းတို့တော့ မပါဝင်ချေ။
ထိုနှစ်ဂိုဏ်းကိုတော့ ရဲ့ဟိုင် နောက်ဆုံးမှကိုင်တွယ်မည်ဟု စဥ်းစားထားသည်။
အရှေ့ဘက်လွင်ပြင်...
အရှေ့ဘက်လွင်ပြင်သည် ရန်ချီနယ်မြေအတွက် အရေးပါသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်၏။ သို့သော် လွန်ခဲ့သည့်နှစ် ( 100 ) က ထိုနေရာတွင် ဓားပြဂိုဏ်းတစ်ခု ထွက်ပေါ်လာသောကြောင့် ဤလမ်းကြောင်းက အလွန်အန္တရာယ်များသွားခဲ့သည်။
အထီးကျန်ဝံပုလွေဂိုဏ်း ...
ဤသည်မှာ အရှေ့ဘက်လွင်ပြင်လမ်းကြောင်းတွင် ထွက်ပေါ်လာသည့် ဓားပြဂိုဏ်းအသစ်ဖြစ်၏။
အထီးကျန်ဝံပုလွေဂိုဏ်းသည် အရှေ့ဘက်လွင်ပြင်တွင် မကြာခဏ လူသတ်၊ ဓားပြတိုက်၊ လုယက်ကြသဖြင့် နောက်ဆုံးတွင် ကုန်သည်များသည် သည်းမခံနိုင်တော့ဘဲ ထိုအထီးကျန်ဝံပုလွေဂိုဏ်းအား တိုက်ခိုက်ရန်အတွက် ကျင့်ကြံသူပေါင်း မြောက်များစွာကို ငှားရမ်းခဲ့ကြသည်။
သို့သော် အထီးကျန်ဝံပုလွေဂိုဏ်း၏ ဌာနချုပ်ကို ဝင်စီးသည့်အချိန်တွင် အင်အားကြီးသော သန်မာသည့် ကျင့်ကြံသူများက ထိုဂိုဏ်းမှထွက်ပေါ်လာလေ၏။
ထိုအင်အားကြီးကျင့်ကြံသူများက ကုန်သည်များ ငှားရမ်းထားသောလူများကို သတ်ဖြတ်ပြီးသွားသောအချိန်တွင် ဤဓားပြဂိုဏ်း၏ နောက်၌ သန်မာသော နောက်ထပ်ဂိုဏ်းတစ်ခုက ကျောထောက်နောက်ခံပြုထားသည်ဆိုတာကို ကုန်သည်များ ကောင်းကောင်း သဘောပေါက်သွားကြသည်။
ယနေ့တွင် ရာနှင့်ချီသောအစောင့်များ စောင့်ကြပ်ထားသည့် ကုန်သည်လှည်းတန်းတစ်စီးက အရှေ့ဘက်လွင်ပြင်တွင် သွားလာနေလေ၏။
အစောင့်များအကုန်လုံးသည် အမြန်နှုန်းဖြင့်ကျော်ကြားသော လျှပ်စီးမြင်းများကို စီးထားကြသည်။
" အဖေ သမီးတို့ အရှေ့ဘက်လွင်ပြင်တစ်ခုလုံးကို ဖြတ်ကျော်ခါနီးနေပြီ ဘာလို့ အထီးကျန်ဝံပုလွေဂိုဏ်းရဲ့ အရိပ်အယောင်တောင် မတွေ့ရတာလဲ "
အမျိုးသမီးငယ်လေးတစ်ယောက်က ပေါ့ပေါ့ပါးပါး အဝတ်အစားကို ဝတ်ဆင်ထားကာ မေးလိုက်၏။
သူမသည် ငယ်ရွယ်နုပျိုပြီး ယခုမှ လှသွေးကြွယ်ကာစ အချိန်ဖြစ်သဖြင့် အသားအရေကလဲ နုဖက်ကာ တောက်ပနေသည်။ မျက်လုံးလေးနှစ်လုံးကလဲ ကြယ်နှစ်လုံးကဲ့သို့ တလက်လက်ဖြစ်နေ၏။
သူမလိုအရွယ်မိန်းကလေးများသည် သဘာဝအတိုင်း တက်ကြွသောအရွယ်ဖြစ်သဖြင့် သူမအဖေ ကုန်သည်လှည်းနှင့်အတူ လိုက်ပါရန်အတွက် အတင်းအကြပ်တောင်းဆိုခဲ့သည်။
တစ်ဖက်တွင် ဖခင်ဖြစ်သူကလဲ သမီးကို ချစ်လွန်းအားကြီးသဖြင့် နောက်ဆုံးတွင် ခေါ်သွားရန်မှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ချေ။
သမီးဖြစ်သူ၏ အမေးစကားကိုကြားလျှင် သူမ၏ဘေး မြင်းပေါ်၌ထိုင်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ သက်ပြင်းချပြီး...
" ဟူး .. မတွေ့ရင်အကောင်းဆုံးပဲပေါ့ .. တွေ့ရင် ငါတို့ရဲ့ပစ္စည်း တစ်ဝက်လောက်ကို သူတို့က ယူသွားမှာ "
သို့သော် ထိုသတ်လတ်ပိုင်းအရွယ်လူ၏ ဆုတောင်းက လုံးဝမပြည့်သွားချေ။
သူတို့ကုန်သည်လှည်းတန်းက အရှေ့ဘက်လွင်ပြင်ကနေ ထွက်ခွာခါနီးတွင် ( 300 ) ခန့်ရှိသော လူတစ်အုပ်က ရုတ်တရက် သူတို့ရှေ့တွင် ထွက်ပေါ်လာပြီး လမ်းကြောင်းကို ပိတ်ဆို့ကာ ကုန်သည်လှည်းတန်းကို စနစ်တကျ ဝန်းရံလိုက်သည်။
ကုန်သည်လှည်းတန်း၏ ရာနှင့်ချီသော အစောင့်များက ချက်ချင်းပင် သူတို့၏ဓားများကို ထုတ်လိုက်ပြီး ထိုလူများနှင့် အဆင်သင့်ရင်ဆိုင်ရန် လုပ်လိုက်၏။
လိန်ယုသည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူကိုကြည့်လိုက်ပြီး သက်ပြင်းချ၍...
" ကျွန်တော်တို့လန်မိသားစုက ကုန်ပစ္စည်းတွေတစ်ဝက်ကို လွှဲပြောင်းဖို့ ဆန္ဒရှိပါတယ် "
တစ်ဖက်တွင် အဘိုးအိုမှာ ခေါင်းညိတ်လိုက်ပြီး...
" မင်းတို့ စည်းမျဥ်းစည်းကမ်းတွေ နားလည်တယ်ဆိုတော့ ကိစ္စကလွယ်လွယ်ကူကူနဲ့ ပြီးသွားတာပေါ့ "
အစပိုင်းတွင် အထီးကျန်ဝံပုလွေဂိုဏ်းသည် ကုန်သည်များကိုသတ်ဖြတ်ပြီး သူတို့၏ ပစ္စည်းများကို အကုန်သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသည်။ မည်သူမှ ရှင်သန်ခွင့် မပေးချေ။ သို့သော် သူတို့၏ ထိုရက်စက်သောလုပ်ရပ်ကြောင့် နောက်ပိုင်းတွင် ဤအရှေ့ဘက်လွင်ပြင်လမ်းကြောင်း၌ ဖြတ်သန်းသွားသော ကုန်သည်အရေအတွက်က သိသိသာသာ လျော့ကျသွားခဲ့၏။
လာရဲသည့် သူများကလည်း အင်အားတော်တော်များများ တောင့်တင်းစွာပါလာသဖြင့် ရင်ဆိုင်ရခက်ပြီး ဓားပြဂိုဏ်းအတွက် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် နောက်ပိုင်းတွင် အထီးကျန်ဝံပုလွေဂိုဏ်းသည် ကုန်သည်များထံမှ ကုန်ပစ္စည်းတစ်ဝက်ကိုသာ လုယူပြီး ရံဖန်ရံခါ လူအချို့ကို ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးခဲ့ခြင်းဖြင့် ကုန်သည်များ၏ စိတ်ထဲတွင် အထင်အမြင်အမှားများကို ဖြစ်ပေါ်စေခဲ့၏။
ထိုနည်းလမ်းက တကယ်အဆင်ပြေသည်ဟု ဆိုရမှာပင်။ အရှေ့ဘက်လွင်ပြင်ကို အခြားကုန်သည်များက ပစ္စည်းများအား တစ်ဝက်အပိုတင်၍ ဖြတ်သန်းသွားလာခြင်းကို ပြန်လုပ်လာကြလေသည်။
ယခုလဲ လိန်မိသားစုမှ ကုန်ပစ္စည်းတစ်ဝက်ကို သိမ်းပိုက်ပြီးနောက် အနက်ရောင်ဝတ်အဘိုးအိုသည် ပြန်လည်၍ ထွက်ခွာရန် ကြံရွယ်၏။ သို့သော် လိန်ယု ဘေးနားတွင်ရှိသော မိန်းကလေးအား သတိပြုမိသွားသောအခါ မျက်လုံးက တလက်လက်တောက်ပလာတော့သည်။
" အဲ့ဒီမိန်းမပါ ငါ့ကိုပေး "
" မဖြစ်နိုင်ဘူး "
လိန်ယု၏ မျက်နှာက ဖြူဖျော့သွား၏။
"မဖြစ်နိုင်ဘူး ဟုတ်လား "
အနက်ရောင်ဝတ်အဘိုးအို၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်များက ဖြာထွက်လာကာ ..
" ကြည့်ရတာ မင်းတို့အားလုံး ဒီနေရာမှာ သေချင်နေတဲ့ပုံပဲ "
" မဟုတ်ဘူး အဆိုးဆုံးအနေနဲ့ လက်ရှိကုန်ပစ္စည်းအားလုံး ငါမင်းကိုပေးနိုင်တယ်၊ သူမကိုတော့ မပေးနိုင်ဘူး "
" အစောကြီးကတည်းက ငါ ယူသင့်တဲ့တစ်ဝက်ကိုယူပြီးပြီ၊ အဲ့တာက ဖောက်ဖျက်လို့မရတဲ့ ခေါင်းဆောင်ရဲ့ စည်းကမ်းပဲ "
ထိုသို့ပြောပြီးသည်နှင့် အနက်ရောင်ဝတ်အဘိုးအို၏ လေသံက အလွန်တရာ အေးစက်သွားပြီး ...
" ငါမင်းကို နောက်ဆုံးတစ်ခွန်းထပ်ပြောမယ်၊ ဒီမိန်းမကို ငါ့ကိုပေးမှာလား မပေးဘူးလား "
" သူမက ငါ့သမီးပဲ ငါမင်းကို လုံးဝမပေးနိုင်... "
လိန်ယုသည် စကားပင်ဆုံးခြင်းမရှိပေ။ ရွှေရောင်အလင်းတန်းတစ်ခုက သူ၏အသိစိတ်ပင်လယ်ကို ထိုးဖောက်ဝင်ရောက်လာပြီး ပျက်စီးသွားစေသည်။
လိန်ယုမှာ သူ၏ခေါင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း လျှပ်စီးမြင်းပေါ်မှ ပြုတ်ကျသွားပြီး နာကျင်စွာဖြင့် လူးလှိမ့်ကာ အော်ဟစ်နေရ၏။
" အဖေ အဆင်ပြေရဲ့လား "
လိန်ယွီ ချက်ချင်းပင် မြင်းပေါ်မှ အလျင်အမြန်ခုန်ဆင်းပြီး သူမ၏အဖေကို ကူညီကာ ဖေးမပေးလိုက်သည်။
သို့သော် လိန်ယု၏ မျက်လုံးများကတော့ အသက်မဲ့နေပြီး မျက်နှာက သွေးပင်မရှိတော့ဘဲ တဖြည်းဖြည်းပို၍ ဖြူဖျော့သထက် ဖြူဖျော့လာလေ၏။
ဤအရာက စိတ်ဝိညာဥ် ပျက်စီးပျောက်ကွယ်လာခြင်းဖြစ်သည်။
လိန်ယု သမီးဖြစ်သူကိုကြည့်ကာ ပါးစပ်ဖွင့်လိုက်သော်လည်း အသံကမထွက်နိုင်တော့ပေ။
" တိုက်ပွဲအတွက် ပြင်ဆင်ကြ "
လိန်ယုက မြင့်မားသောဈေးနှုန်းဖြင့် ငှားရမ်းထားသည့် အစောင့်ခေါင်းဆောင်သည် ချက်ချင်းပင် သူ၏လူများကို အမိန့်ပေးလိုက်၏။
ယခုအချိန်တွင် သူ၏အလုပ်ရှင်က အပြင်းအထန် ဒဏ်ရာရရှိသွားပြီဖြစ်သဖြင့် လျစ်လျူရှုကာ ဤအတိုင်းကြည့်မနေနိုင်တော့ချေ။
" ဟမ့် မင်းက ငါတို့အထီးကျန်ဝံပုလွေဂိုဏ်းကို ပြန်ပြီးတိုက်ခိုက်ရဲတဲ့သတ္တိ ရှိတယ်ပေါ့ "
အနက်ရောင်ဝတ်အဘိုးအို ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ...
" အားလုံးကိုသတ်ပစ်လိုက် "
ချက်ချင်းပင် အုပ်စုနှစ်စုက ထိပ်တိုက်တွေ့ဆုံသွားပြီး တိုက်ပွဲသံများနှင့် နာကျင်စွာ အော်ဟစ်သံများက ထွက်ပေါ်လာသည်။
တိုက်ပွဲက တော်တော်လေးကို ပြင်းထန်သည်ဟု ပြောရမည်ဖြစ်၏။ သို့သော် အထီးကျန်ဝံပုလွေဂိုဏ်းသည် အစောင့်တပ်ဖွဲ့ထက် နှစ်ဆတိတိ လူအရေအတွက် များနေသဖြင့် တိုက်ပွဲမှာ တစ်ဖက်သတ်ဖြစ်နေခဲ့လေသည်။