သူ၏လူများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်ကိုကြည့်ရင်း အစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဆန်းမင်သည် တစ်ခဏတွေဝေပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှ ရွှေရောင်ဝိညာဥ်တစ်ခုက ထိုးထွက်လာပြီး ကောင်းကင်သို့ ပျံသန်းတက်သွား၏။
ထိုရွှေရောင်ဝိညာဥ်က ချက်ချင်းပင် အနက်ရောင်ဝတ် အဘိုးအိုဆီသို့ ဦးတည်ကာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ဆိုရိုးစကားအတိုင်း အင်အားကွာခြားသော တပ်ဖွဲ့တစ်ခုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် တစ်ဖက်အဖွဲ့၏ ခေါင်းဆောင်ကို အရင်ဆုံးဖမ်းဆီးရသည်က အောင်နိုင်ရန် သော့ချက်ဖြစ်၏။
ဆန်းမင် အနက်ရောင်ဝတ်အဘိုးအိုကို ဖမ်းဆီးခြင်းတစ်ခုတည်းက သူတို့ကို အသက်ရှင်နိုင်ရန်အတွက် မျှော်လင့်ချက်ပေးလာမည်ဆိုတာကို ကောင်းကောင်းနားလည်သည်။ ထို့ကြောင့် အတွေးအတိုင်း တစ်ပြိုင်နက် လုပ်ဆောင်လိုက်ခြင်းပင်။
ရွှေရောင်ဝိညာဥ်က သူ့ဆီတိုးဝင်လာသည်ကိုကြည့်ပြီး အဘိုးအို၏ နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ခုက ဖြစ်ပေါ်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှလည်း ရွှေရောင်ဝိညာဥ်တစ်ခု ထိုးထွက်လာပြီး ဝိညာဥ်နှစ်ခုက လေဟာနယ်ထဲတွင် ထိပ်တိုက်တွေ့ဆုံကာ တိုက်ခိုက်သွား၏။
တအုန်းအုန်းဖြင့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်အဘိုးအို၏ ရွှေရောင်ဝိညာဥ်မှာ အစောင့်ခေါင်းဆောင်ထက် အများကြီးသန်မာနေသဖြင့် ချက်ချင်းပင် အစောင့်ခေါင်းဆောင်စန်းမင်၏ ဝိညာဥ်က ပျက်စီးသွားခဲ့သည်။
အစောင့်ခေါင်းဆောင်စန်းမင် ချက်ချင်း ပါးစပ်မှသွေးများ ဝေါ့ခနဲအန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။ အနက်ရောင်ဝတ်အဘိုးအိုသည် တစ်ချက်လေးတောင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရိပ်ခနဲပျောက်ကွယ်သွားပြီး အစောင့်ခေါင်းဆောင်စန်းမင်ရှေ့တွင် ထွက်ပေါ်လာကာ လည်ပင်းကိုဓားဖြင့် တိုက်ရိုက်ပိုင်းချပစ်လိုက်သည်။
အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင် သေဆုံးသွားသဖြင့် ခုခံနေသော ကုန်သည်အစောင့်တပ်သားများမှာ ပို၍ပင် စိတ်ဓာတ်ကျသွားပြီး ထွက်ပြေးသူပြေးဖြင့် ကမောက်ကမ ဖြစ်လာ၏။
ဤကဲ့သို့ မြင်ကွင်းက ကမောက်ကမ ဖြစ်နေသည့်အချိန်တွင် အထီးကျန်ဝံပုလွေ အဖွဲ့သားတစ်ယောက်က လိန်ယွီအနားသို့ ရောက်ရှိလာလေသည်။
သူမ၏ ချောမောလှပသောရုပ်သွင်နှင့် တောင့်တင်းသော ခန္ဓာကိုယ်အချိုးအစားကို မြင်သောအခါ ထိုအထီးကျန်ဝံပုလွေဂိုဏ်းသား၏ မျက်လုံးများက တပ်မက်မှုများဖြင့် တောက်ပလာ၏။
အထူးသဖြင့် တောင်ပို့နှစ်လုံးအလား မို့မောက်နေသော လိန်ယွီ၏အပေါ်ပိုင်းကို စိုက်ကြည့်နေသည့် သူ၏အကြည့်စူးစူးများဖြစ်သည်။
ထို့နောက် အထီးကျန်ဝံပုလွေဂိုဏ်းသားသည် ဆန္ဒကို လွန်ဆန်နိုင်ခြင်း မရှိတော့ဘဲ သူမကို အတင်းပင် မြေပြင်ပေါ်တွန်းလှဲလိုက်တော့၏။
လိန်ယွီ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အပြင်းအထန် ရုန်းကန်သည်။
သို့သော် သူမ ထိုကဲ့သို့ရုန်းကန်လေ ၎င်းအထီးကျန်ဝံပုလွေဂိုဏ်းသားက ပို၍စိတ်လှုပ်ရှားလာလေပင်။
ထိုအထီးကျန်ဝံပုလွေဂိုဏ်းသားမှာ အလောတကြီးဖြင့် ဦးခေါင်းကို ရင်ဘတ်ဆီ ငုံ့ချလိုက်သည့်အချိန်တွင် သူ၏ဆံပင်ကို တစ်စုံတစ်ယောက်က ဆောင့်ဆွဲ၍ ဦးခေါင်းကို ပြန်မသွားစေသည်။
" ဘယ်ခွေး... "
၎င်းအထီးကျန်ဝံပုလွေဂိုဏ်းသားသည် ဒေါသတကြီးကျိန်ဆဲရန် ကြံရွယ်လိုက်သော်လည်း လက်တစ်ဖက်က သူ၏ဦးခေါင်းကို ( 180 ) ဒီဂရီ ဆွဲလှည့်သွားလေ၏။
ထိုအထီးကျန်ဝံပုလွေဂိုဏ်းသားမှာ ဘာမှန်းတောင်မသိလိုက်လဲ အသိစိတ်တစ်ခုလုံးက အမှောင်ထုဖုံးလွှမ်းသွားပြီး ငရဲသို့တန်းကာ ကြွမြန်းသွားတော့သည်။
လိန်ယွီကလဲ ထိုမြင်ကွင်းကို မျက်စိဖြင့်မြင်နေရပြီး သူ၏အရှေ့မှ အပေါ်အင်္ကျီကို ချွတ်နေသောလူငယ်ကို မျက်လုံးပြူးကာ ကြည့်နေမိ၏။
" အဲ့ဒီအင်္ကျီကို ဝတ်ထားလိုက် "
လိန်ယွီ ကျေးဇူးမတင်ရသေးခင် ထိုလူငယ်က မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
ထို့နောက် အထီးကျန်ဝံပုလွေဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျကာ သေဆုံးသွားသည်ကို သူမထိတ်လန့်စွာ မြင်လိုက်ရလေ၏။
မြင်ကွင်းက အံ့မခန်းပင်။
အထီးကျန်ဝံပုလွေဂိုဏ်းသားအဖွဲ့ဝင် ( 300 ) နီးပါးက အသက်ရှူကြိမ် အနည်းငယ်အတွင်း နေရာတွင်ပင် အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
တစ်ချိန်လုံး တည်ငြိမ်နေသော အနက်ရောင်ဝတ်အဘိုးအိုမှာ ထိုအချိန်ကျမှ သတိဝင်လာပြီး ထိတ်လန့်တကြားဖြင့် ရဲ့ဟိုင်ကိုကြည့်ကာ ...
" မင်း .. မင်း ငါတို့ဘယ်သူလဲဆိုတာကို မသိဘူးလား "
" ဒါဆိုရင် ဒီလူတွေက ဘယ်သူလဲဆိုတာကို မင်းသိလား "
ရဲ့ဟိုင် သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင် လူ ( 10 ) ယောက်က ဒူးထောက်ကာ ထွက်ပေါ်လာ၏။
၎င်းလူ ( 10 ) ယောက်ကို တွေ့လိုက်သည်နှင့် အဘိုးအို၏မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားသည်။
" ဒါ .. ဒ် "
ထိုအဘိုးအို ( 10 ) ယောက်တွင် အထီးကျန်ဝံပုလွေဂိုဏ်း ခေါင်းဆောင်၊ လက်ထောက် ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲ ( 8 ) ယောက်တို့ပါဝင်နေ၏။
သူက အထီးကျန်ဝံပုလွေဂိုဏ်းတွင် ( 9 ) ယောက်မြောက်အကြီးအကဲသာဖြစ်သည်။
တစ်နည်းဆိုရသော် ဤလူက အထီးကျန်ဝံပုလွေဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီဟု ဆိုလိုနေခဲ့၏။
" မင်းဘာပြောစရာရှိသေးလဲ "
ရဲ့ဟိုင် အနက်ရောင်ဝတ်အဘိုးအိုကိုကြည့်ကာ အေးစက်စက်ဖြင့် မေးလိုက်သည်။
" မဟုတ်ဘူး ငါတို့အထီးကျန်ဝံပုလွေဂိုဏ်းကို ယူလောင်ဂိုဏ်းက ကျောထောက်နောက်ခံပြုထားတာနော် "
သူချက်ချင်းပင် ရဲ့ဟိုင်အား ခြိမ်းခြောက်လိုက်၏။ လက်ရှိ သူ့တွင် အားကိုးစရာက ထိုအချက်သာရှိလေသည်။
သို့သော် ...
" အဲ့တာကို ငါသိတယ် "
ရဲ့ဟိုင်ခေါင်းညိတ်လိုက်ပြီး...
" သူတို့အကုန်လုံးကို ငါမသတ်ခဲ့ရတဲ့ အကြောင်းအရင်းကလဲ ယူလောင်ဂိုဏ်းရဲ့ ယုတ်မာမှုတွေကို ဖော်ထုတ်ဖို့လေ၊ ဒီနေ့ပြီးရင် ရန်ချီနယ်မြေမှာ ယူလောင်ဂိုဏ်းဆိုတာ ဘယ်တော့မှရှိလာမှာ မဟုတ်တော့ဘူး "
" မဟုတ်ဘူး ယူလောင်ဂိုဏ်းဆိုတာက မဟာဂိုဏ်းကြီး ( 8 ) ဂိုဏ်းပြီးရင် ဒုတိယအသန်မာဆုံးဂိုဏ်းတစ်ခုပဲ "
အနက်ရောင်ဝတ်အဘိုးအို အလောတကြီးပင် ပြောလိုက်၏။
" အဲ့တော့လဲ ဘာဖြစ်လဲ "
စကားဆုံးသည်နှင့် ရဲ့ဟိုင်က ရိပ်ခနဲလှုပ်ရှားသွားသည်။ သူမူလနေရာကို ပြန်ရောက်လာသည့်အချိန်တွင် အနက်ရောင်ဝတ်အဘိုးအို၏ ခန္ဓာကိုယ်က ဖုန်းခနဲ သွေးမှုန်များအဖြစ် ပေါက်ကွဲသွားပြီး ဝိညာဥ်ကောခန္ဓာကိုယ်ပါ ကျန်ရှိခဲ့ခြင်းမရှိပေ။
ရဲ့ဟိုင် ဒဏ်ရာများနှင့် တစ်ယောက်ကိုတစ်ယောက် ဖေးမတွဲကူထားသော ကုန်သည်လှည်းတန်း၏ အစောင့်ဂိုဏ်းသားများကို လှည့်ပတ်ကြည့်လိုက်ပြီး...
" ဒီနေ့ကစပြီး အရှေ့ဘက်လွင်ပြင်မှာ အထီးကျန်ဝံပုလွေဂိုဏ်းဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်တော့ဘူး "
" သခင်လေး ကျေးဇူးပြုပြီးတော့ အဖေ့ကိုကယ်ပေးနိုင်မလား "
ထိုအချိန်တွင် လိန်ယွီက အခြေအနေ ပို၍ဆိုးလာသော သူမ၏အဖေကို ပွေ့ဖက်ထားကာ တောင်းပန်ခယစွာဖြင့် အော်ပြောလိုက်လေ၏။
ရဲ့ဟိုင်ချက်ချင်းပင် လန်ယု၏ဒဏ်ရာများကို စစ်ဆေးလိုက်သည်။ ထို့နောက်သူ၏ လက်မှ လက်ဟန်နည်းစနစ်တစ်မျိုး ထွက်ပေါ်လာပြီး ဆေးစည်းတံဆိပ်တစ်ခုကို ဖန်တီးလိုက်၏။
ထိုကဲ့သို့ ဆေးစည်းတံဆိပ်ကိုဖန်တီးပြီး ပြန့်ကြဲနေသော စိတ်ဝိညာဥ်အပိုင်းအစများကို လိန်ယု၏ခန္ဓာကိုယ်ထဲတွင် ပြန်စုစည်းပြီးသွားသည့်အချိန်တွင် ရဲ့ဟိုင် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။
" ဒီဆေးကို မင်းအဖေကိုတိုက်လိုက် "
လိန်ယွီ ကျောက်စိမ်းပုလင်းထဲမှဆေးကို လက်ဝါးထဲသို့ အလျင်မြန်မှောက်ချလိုက်ပြီး ဖခင်၏ပါးစပ်ကိုဟကာ အသာအယာ ထည့်ပေးလိုက်၏။
ချက်ချင်းပင် ဆေးလုံးကအရည်ပျော်သွားပြီး လိန်ယု၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ဖြူဖျော့နေသော မျက်နှာကလဲ သွေးရောင်ပြန်လန်းလာလေ၏။
" အဖေ သက်သာရဲ့လား "
" အင်း .. နဂိုထက် အများကြီးပိုကောင်းလာပြီ "
ယခင်က စကားမပြောနိုင်ခဲ့သော လိန်ယုမှာ ယခုအချိန်တွင် ချက်ချင်းပင် စကားပြန်ပြောလာသည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲမှ ဒဏ်ရာများကလဲ အလွန်မြန်မြန်ဆန်ဆန် သက်သာလာသည်ဆိုတာ ခံစားနေရ၏။
" အဖေ အဖေ့ကိုကယ်ခဲ့တာ ဒီသခင်လေးပဲ "
လိန်ယွီ ရဲ့ဟိုင်ကို လက်ညှိုးထိုးကာ မိတ်ဆက်ပေးလိုက်သည်။
လိန်ယု မတ်တပ်ရပ်ရန်အတွက် အားယူထသော်လည်း ရဲ့ဟိုင်က သူ့ကို တားမြစ်လိုက်၏။
" မင်းကအခု အရမ်းအားနည်းနေသေးတယ်၊ အဲ့တာကြောင့် မတ်တပ်မရပ်ဘဲနဲ့ ဒီအတိုင်းလှဲနေဦး .. ငါက ယူလောင်ကို ဆက်ပြီးသွားဦးမှာဆိုတော့ ဒီမှာ ဆက်မနေတော့ဘူး "
စကားဆုံးသည်နှင့် ရဲ့ဟိုင် တွေဝေတုံ့ဆိုင်းခြင်းမရှိ ထွက်ခွာသွားသည်။
တစ်ဖက်တွင် လိန်ယွီမှာ ရဲ့ဟိုင်ထွက်ခွာသွားသည့် ဦးတည်ရာဘက်ကို စိုက်ကြည့်ပြီး မျက်နှာက ကွက်ခနဲပျက်သွား၏။ သူမ၏စိတ်နှလုံးထဲတွင်လည်း တစ်စုံတစ်ခုကို ကြီးကြီးမားမား ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရသည်။
ယူလောင်ဂိုဏ်း...
ထိုဂိုဏ်း၏တောင်ခြေတွင် အလွန်စည်ကားသည့် ကြီးမားသောဈေးကြီးတစ်ခုရှိလေ၏။
တကယ်တော့ ယူလောင်ဂိုဏ်းကြောင့်လည်း ဤဈေးကြီးက နယ်မြေအနှံ့မှ ကျင့်ကြံသူများကို စွဲဆောင်နေခဲ့ခြင်းဖြစ်သည်။
သို့သော်ယနေ့တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က ဈေးလယ်ခေါင်ကို ရောက်ရှိလာလေ၏။
***