ရဲ့ဟိုင် ပတ်ပတ်လည်မှ လူများကို လှည့်ပတ်ကြည့်လိုက်ပြီး...
" လူတိုင်းပဲ ဘာလို့ အထီးကျန်ဝံပုလွေဂိုဏ်းကို အခြားလူတွေက မဖျက်ဆီးနိုင်ကြတာလဲဆိုတာကို မင်းတို့သိကြလား "
ရဲ့ဟိုင်၏ ထိုရုတ်တရက် အော်ဟစ်လိုက်သောစကားက ဈေးတစ်ခုလုံးကို ပျံ့နှံ့သွားပြီး လူတိုင်းကလည်း လုပ်ကိုင်နေခြင်းများကိုရပ်တန့်ကာ ရဲ့ဟိုင်ကို တအံ့တဩဖြင့် စိုက်ကြည့်လာကြသည်။
သို့သော် မည်သူကမှ ရဲ့ဟိုင်၏ စကားကို တုံ့ပြန်ခြင်းမရှိကြပေ။
ဤမေးခွန်းက အလွန်အန္တရာယ်များသော ထိရှလွယ်သည့် မေးခွန်းဖြစ်၏။
အရှေ့ဘက်လွင်ပြင်သည် ဤနေရာနှင့် ကီလိုမီတာ သုံးသောင်းခန့် ကွာဝေးသည်။ ထို့ကြောင့် အထီးကျန်ဝံပုလွေဂိုဏ်းကို ယူလောင်ဂိုဏ်းက ကျောထောက်နောက်ခံ ပြုထားသည်ဟု ကျင့်ကြံသူတော်တော်များများက အစောကြီးကတည်းက သံသယများ ရှိကြ၏။
သို့သော် သံသယတိုင်းက ထုတ်ဖော်ပြောလို့ ရသည့်အရာတစ်ခု မဟုတ်ချေ။
" မင်းတို့အားလုံး အဖြေကိုသိပြီးသား ဖြစ်မယ်ထင်တယ် "
ရဲ့ဟိုင် မှိန်ဖျော့ဖျော့ပြုံးလိုက်ပြီး...
" မှန်တယ် မင်းတို့ထင်သလိုပဲ ယူလောင်ဂိုဏ်းက အထီးကျန်ဝံပုလွေဂိုဏ်းကို ကျောထောက်နောက်ခံပြုထားလို့ သူတို့ကိုဘယ်သူမှ မဖျက်ဆီးနိုင်သေးတာ "
ထိုစကားက ဈေးတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
ထိုသတင်းက သူတို့အတွက် မအံ့ဩစေချေ။ သို့သော် ဤကောင်လေးက လူတိုင်း၏ရှေ့တွင် ယခုကဲ့သို့ ထိရှလွယ်သောသတင်းကို အော်ကြီးဟစ်ကျယ်ပင် ပြောရဲမည်ဟု မည်သူကမှ မမျှော်လင့်ထားသောကြောင့်ဖြစ်၏။
ဤကောင်လေး ဦးနှောက်က ပျက်စီးနေပြီလား။
" မင်းဘာပြောလိုက်တယ် "
ထိုအချိန်တွင် ယူလောင်ဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားသော ဂိုဏ်းသားများက ချက်ချင်းထရပ်လာပြီး ရဲ့ဟိုင်ကို ဒေါသတကြီးဖြင့် ကြိမ်းမောင်းကြတော့သည်။
" ငါပြောလိုက်တာက အထီးကျန်ဝံပုလွေဂိုဏ်းကို ကျောထောက်နောက်ခံပြုထားတာက မင်းတို့ရဲ့ယူလောင်ဂိုဏ်းလို့ ဆိုနေတာပဲ "
ရဲ့ဟိုင်တည်ငြိမ်စွာဖြင့်...
" တစ်နည်းအားဖြင့်ဆိုရရင် မင်းတို့ယူလောင်ဂိုဏ်းက တပည့်တွေအားလုံးက မကောင်းဆိုးဝါးတွေလို့ပြောချင်တာ "
" မင်း .. ကောင်းပြီ အထီးကျန်ဝံပုလွေဂိုဏ်းကို ငါတို့ယူလောင်ဂိုဏ်းက ကျောထောက်နောက်ခံ ပြုထားတယ်ဆိုတဲ့ သက်သေအထောက်အထား မင်းမှာရှိလား၊ မင်းဒီနေ့ သက်သေကို မထုတ်ပြနိုင်ရင်တော့ ငါတို့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့ "
လူငယ်တစ်ယောက်က ဒေါသတကြီးဖြင့် ထပ်ပြောလိုက်သည်။
ရဲ့ဟိုင်ပြုံးလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင် အထီးကျန်ဝံပုလွေဂိုဏ်းခေါင်းဆောင်၊ လက်ထောက်ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲ ( 8 ) ယောက်က လူတိုင်း အရှေ့၌ ဒူးထောက်ကာ ထွက်ပေါ်လာ၏။
" ဒါက "
" အိုး .. ဘုရားရေ "
" ဒီကောင်က အထီးကျန်ဝံပုလွေဂိုဏ်းရဲ့ ခေါင်းဆောင်တွေကို တကယ်ပဲဖမ်းဆီးထားခဲ့တာလား "
" ကျန်တဲ့ ( 9 ) ယောက်ကလဲ အထီးကျန်ဝံပုလွေဂိုဏ်းရဲ့ လက်ထောက်နဲ့ အကြီးအကဲ ( 8 ) ယောက်မလား၊ လက်ရှိ အထီးကျန်ဝံပုလွေဂိုဏ်းရဲ့ ခေါင်းဆောင်ပိုင်း အကုန်လုံးကို သူဖမ်းဆီးလာတဲ့ပုံပဲ "
" ဒီလူငယ်က ဘယ်သူလဲ "
ရဲ့ဟိုင်အကြောင်း ပတ်ပတ်လည်မှ ကျင့်ကြံသူများက ဆွေးနွေးနေကြသည့်အချိန်တွင် ရဲ့ဟိုင် အထီးကျန်ဝံပုလွေဂိုဏ်း၏ ခေါင်းဆောင်ကို ခြေထောက်ဖြင့်လှမ်းကန်လိုက်ပြီး...
" မင်းတို့ရဲ့ အထီးကျန်ဝံပုလွေဂိုဏ်းကို နောက်ကွယ်ကနေ ထောက်ပံ့ထိန်းချုပ်နေတဲ့လူက ဘယ်သူလဲ "
" ယူလောင်ဂိုဏ်းပါ "
အထီးကျန်ဝံပုလွေ ဂိုဏ်းခေါင်းဆောင် ဘီပင်း မချိပြုံးပြုံးကာ ပြောလိုက်သည်။
တကယ်တော့ ဘီပင်းသည် သံမဏိဓားသွားအောက်တွင် ကျရောက်နေလျှင်တောင်မှ သူ၏စိတ်က မတုန်မလှုပ်ဖြင့် စိတ်ဓာတ်ခိုင်မာသူတစ်ယောက်ဖြစ်၏။
သို့သော် ယနေ့တွင် သူအဘယ့်ကြောင့် သူရဲဘောကြောင်နေရသနည်း။
အကြောင်းအရင်းကတော့ ရဲ့ဟိုင်သည် ဘီပင်းကို သေခြင်းထက် ပိုဆိုးဝါးသော အဓိပ္ပါယ်ကို နားလည်အောင်လို့ ပြုလုပ်ပေးခဲ့သောကြောင့်ဖြစ်သည်။
အားနေချိန်တိုင်း ရဲ့ဟိုင် အဆိပ်မျိုးစုံကိုပေါင်းစပ်ပြီး ထူးဆန်းကာ အစွမ်းထက်သော အဆိပ်များကို ဖန်တီးခဲ့၏။ ထိုအဆိပ်များ၏အောက်တွင်တော့ စိတ်ဓာတ်ခိုင်မာလှပါသည်ဆိုသော ယောကျ်ားဆန်လွန်းသည့်ဘီပင်းကို မိန်းကလေးတစ်ယောက်လို သိမ်မွေ့နူးညံ့သွားစေသည်။
" ဘာ... "
ဈေးအတွင်းတွင်ရှိနေသော ကျင့်ကြံသူများအားလုံး အထီးကျန်ဝံပုလွေဂိုဏ်းခေါင်းဆောင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
ထင်ကြေးသံသယဆိုသည်မှာ တစ်ခုသက်သက်ဖြစ်ပြီး အတည်ပြုချက်ဆိုသည်မှာ အခြားတစ်ခုသက်သက်ဖြစ်သည်။
ထင်ကြေးသံသယဆိုသည်မှာ ပြောမရသော စည်းကမ်းတစ်ခုနှင့် တူညီနေပြီး လူတိုင်းက ၎င်းကိုသိနေသော်လည်း ထုတ်ပြောပြနိုင်ခြင်းမရှိပေ။
သို့သော် သံသယကို အတည်ပြုချက် ရရှိသွားလျှင်တော့ လူတိုင်းက ပါးစပ်ကနေ အတိအကျ ထုတ်ပြောနိုင်ကြပြီဖြစ်၏။
" မဟုတ်ဘူး ... မင်းလိမ်နေတာ "
ယူလောင်ဂိုဏ်းမှ တပည့်တစ်ယောက်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
" လိမ်နေတာ ဟုတ်လား "
ဘီပင်းက ထိုတပည့်ကို လှောင်ပြုံးနှင့်အတူ ကြည့်လိုက်ပြီး...
" အရှေ့ဘက်လွင်ပြင်ဆိုတာက ယူလောင်ဂိုဏ်းရဲ့ အုပ်ချုပ်ရေးနယ်မြေထဲမှာ ရှိနေတာပဲ၊ ယူလောင်ဂိုဏ်းကဘာကြောင့် ငါတို့ကို အခုချိန်အထိ အရေးမယူခဲ့တာလဲ၊ နောက်ဆုံး အခြားဂိုဏ်းတွေ လှုပ်ရှားတဲ့အချိန်ကျမှ ယူလောင်ဂိုဏ်းက ဘာလို့ စိတ်အားထက်သန်တဲ့ပုံစံနဲ့ ဝင်ရောက်ပူးပေါင်းခဲ့တာလဲဆိုတာကို မင်းဦးနှောက်ရှိရင် စဥ်းစားတတ်တယ်မလား "
" လူတိုင်းသိနေတဲ့ အရာတစ်ခုကို ဖုံးကွယ်ထားလဲ ဘာထူးမှာမို့လို့လဲ "
" ပြီးတော့ ယူလောင်ဂိုဏ်းက မကြာသေးခင်နှစ်ပိုင်းအတွင်း ကြောက်စရာကောင်းအောင် အင်အားကတိုးပြီး သန်မာလာခဲ့တယ်၊ အဲ့လိုသန်မာလာဖို့အတွက် အရင်းအမြစ်တွေကို ဘယ်နေရာက ရလဲဆိုတာကို မင်းသိလား "
" ပါးစပ်ပိတ်ထား "
ထိုအချိန်တွင် ယူလောင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က ရဲ့ဟိုင်အနားသို့ ချဥ်းကပ်လာပြီး ဘီပင်းကို ကြည့်ကာ ...
" ဒီကောင်က မင်းကို ငါတို့ယူလောင်ဂိုဏ်း သိက္ခာကျစေဖို့အတွက် ဒီလိုပြောခိုင်းခဲ့တာမလား "
" အစ်ကိုရှန် ကျွန်တော်သူ့လက်ထဲရောက်တည်းကိုက ကံကြမ္မာ အဆုံးသတ်သွားပြီဆိုတာကို လုံးဝသိရှိခဲ့ပြီးပြီ၊ ကျွန်တော်ပြီးရင် ယူလောင်ဂိုဏ်းက အဲ့ဒီဆိုးဝါးတဲ့ နတ်ဆိုးကို ရင်ဆိုင်ရလိမ့်မယ် "
ဘီပင်း ရောက်ရှိလာသော အကြီးအကဲကိုကြည့်ကာ ခေါင်းကိုခါယမ်း၍ ပြောလိုက်၏။
တစ်ဖက်တွင် ယူလောင်ဂိုဏ်း၏ အကြီးအကဲ မျက်လုံးက ကျဥ်းမြောင်းသွားသည်။
ဘီပင်းပြောသွားသည့် စကားလုံးများ အကုန်လုံးကို သူသေချာအလေးအနက် သတိထားမိလိုက်၏။
ဘီပင်းပြောသွားသည့် စကားထဲတွင် အဓိကအချက်ကတော့ သူက ထိုကောင်၏ လက်ထဲသို့ လုံးဝကရောက်သွားပြီဖြစ်ကြောင်း ဆိုလိုနေခြင်းပင်။ အထူးသဖြင့် ဘီပင်းသည် ထိုကောင်ကို ဂိုဏ်းက ယှဥ်နိုင်ရန်မလွယ်ဘူးဟု ထိုစကားထဲတွင် ဆိုလိုနေခဲ့သည်။
သို့သော်ဤအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ထိုကောင်လေးတွင် ရွှေအင်မော်တယ်အဆင့် အရှိန်အဝါတောင် မရှိချေ။
" ငါဒီနေ့ ဒီလူ ( 10 ) ယောက်ကို အကုန်လုံးရှေ့ကို ခေါ်လာရတဲ့ အကြောင်းအရင်းက ယူလောင်ဂိုဏ်းပျက်စီးရတာ ဘာကြောင့်လဲဆိုတာကို အားလုံးသေချာသိအောင်လို့ပဲ "
ရဲ့ဟိုင်၏ အသံက ဈေးထဲတွင် ပဲ့တင်ထပ်သွားပြီး...
" ယူလောင်ဂိုဏ်းက မကောင်းဆိုးဝါး လူသတ်၊ မုဒိန်းကျင့် ဓားပြဂိုဏ်းကို ကူညီပေးနေတာဆိုတော့ ဒီလိုဂိုဏ်းမျိုး ထပ်ပြီးမတည်ရှိသင့်တော့ဘူး "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်က ယူလောင်ဂိုဏ်းရှိရာသို့ တည့်တိုးပင် လျှောက်လှမ်းသွားသည်။ ထူးဆန်းသည်မှာ အထီးကျန်ဝံပုလွေဂိုဏ်းမှလူများကို သူကလုံးဝ လျစ်လျူရှုထားခဲ့ခြင်းဖြစ်၏။
သို့သော် သူခြေသုံးလှမ်းသာ လျှောက်ရသေးသည်။ အထီးကျန်ဝံပုလွေဂိုဏ်းခေါင်းဆောင်အပါအဝင် လက်ထောက်ခေါင်းဆောင်နှင့် အကြီးအကဲ ( 8 ) ယောက်တို့ ပါးစပ်မှ သွေးမဲများစီးကျလာကာ အကုန်လုံး သေဆုံးသွားကြ၏။
" ကောင်လေး မင်းက သေချင်နေတာပဲ ယူလောင်ဂိုဏ်းကို စွပ်စွဲသိက္ခာချရဲတယ်ပေါ့ "
ယခုနက ဘီပင်းကိုစကားပြောခဲ့သော အကြီးအကဲမှာ ချက်ချင်းပင် ရဲ့ဟိုင်ကို တိုက်ခိုက်လိုက်သည်။ သို့သော် ရဲ့ဟိုင်က ရိပ်ခနဲ သူ့ကိုဖြတ်ကျော်သွားပြီး ထိုအကြီးအကဲမှာ အလန့်တကြားဖြင့် လည်ပင်းကိုဆုပ်ကိုင် လဲကျသွား၏။
တစ်ချက်...
" တစ်ချက်တည်းနဲ့ သူက ယူလောင်ဂိုဏ်းရဲ့ အကြီးအကဲကို သတ်သွားတာလား "
" မင်းသူ့ရဲ့ လှုပ်ရှားမှုကို မြင်လိုက်လား "
" ငါ့အထင်တော့သူက လေဟာနယ်ကို ထိုးဖောက်ထွက်သွားသလိုပဲနော် "
" အင်မော်တယ်သခင် ထိပ်တန်းအဆင့် "
" ယူလောင်ဂိုဏ်းက ဒီလိုအင်အားကြီးသန်မာသူကို နောက်ဆုံးတော့ သွားပြီးစော်ကားလိုက်မိပြီပေါ့ "
" ဟမ့် .. အဲ့တာက သူတို့အပြစ်ပဲ၊ မြစ်ကမ်းဘေးမှာ မကြာခဏ လမ်းလျှောက်နေရင်တော့ တစ်နေ့မှာ ခြေထောက်တွေ စိုလာမှာကို တားဆီးနိုင်မှာမဟုတ်ဘူး "
***