ဤသို့ဖြင့်ရဲ့ဟိုင်က ယူလောင်ဂိုဏ်းရှိရာသို့ သွားနေသည့်အချိန်တွင် အထီးကျန်ဝံပုလွေဂိုဏ်းခေါင်းဆောင်၏ ဝန်ခံမှုသတင်းက ယူလောင်ဂိုဏ်းနယ်မြေတစ်ခုလုံးကို ပျံ့နှံ့သလို ယူလောင်ဂိုဏ်းထဲတွင်လည်း ပျံ့နှံ့သွားခဲ့သည်။
ယူလောင်ဂိုဏ်း၏ တပည့်များအားလုံး ၎င်းသတင်းကြောင့် အံ့အားသင့်သွားကြ၏။
" အထီးကျန်ဝံပုလွေဂိုဏ်းကို ငါတို့ယူလောင်ဂိုဏ်းက ကျောထောက်နောက်ခံပြုနေတယ်ဆိုတာ တကယ်ပဲလား "
" ဒါက အထီးကျန်ဝံပုလွေဂိုဏ်း ခေါင်းဆောင်ကိုယ်တိုင် လူသိရှင်ကြား ပြောကြားခဲ့တာတဲ့ .. မမှားနိုင်ဘူးထင်တယ် "
" မဟုတ်ဘူး .. ငါမယုံဘူး "
" ငါတော့ ဒီကိစ္စကို သံသယဝင်နေတာကြာပြီ အရှေ့ဘက်လွင်ပြင်က ငါတို့ယူလောင်ဂိုဏ်းရဲ့ အုပ်ချုပ်မှုနယ်ပယ်ထဲမှာ ရှိနေတာပဲ၊ ဒါပေမဲ့ မကြာသေးခင်နှစ်ပိုင်းအတွင်း ငါတို့ဂိုဏ်းက သူတို့ကို အရေးယူတိုက်ခိုက်ခဲ့တာကို မင်းတို့မြင်ဖူးလား "
အထူးသဖြင့် ဂိုဏ်းသားများအားလုံး စဥ်းစားမိသည့် အချက်တစ်ချက်လည်း ရှိသေးသည်။
မကြာသေးမီနှစ်များအတွင်း ယူလောင်ဂိုဏ်း၏ အင်အားက အဆမတန် တိုးပွားလာခဲ့၏။ ဤကဲ့သို့ အင်အားတိုးပွားအောင်လို့ အရင်းအမြစ်များကို ဂိုဏ်းသည် မည်သည့်နေရာက ရရှိခဲ့သနည်း။
၎င်းအချက်အလက်ကို ဂိုဏ်း၏ တပည့်ဟောင်းများကလည်း နားမလည်သလို တပည့်အသစ်များကလည်း နားမလည်ကြချေ။
သူတို့အားလုံး ထိုကဲ့သို့သံသယဝင်ပြီး စဥ်းစားနေကြသော်လည်း ဤအရာက ဂိုဏ်း၏ ခေါင်းဆောင်များမှ ကိုင်တွယ်ရမည့် အရာတစ်ခုဖြစ်သဖြင့် သူတို့အနေဖြင့် ဘာမှဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။
ထိုအချိန်တွင် ယူလောင်ဂိုဏ်းခေါင်းဆောင်သည် ပင်မခန်းမတွင် မှုန်ကုပ်ကုပ်ဖြင့် ထိုင်နေလေသည်။
ယူလောင်ဂိုဏ်းက အထီးကျန်ဝံပုလွေဂိုဏ်းအား ကျောထောက်နောက်ခံ ပေးထားသည်ဆိုတာကို လူသိရှင်ကြား ဖော်ထုတ်ခံရခြင်းသည် သူတို့ဂိုဏ်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် အတူတူပင်ဖြစ်၏။
ထို့ကြောင့် ယူလောင်ဂိုဏ်းခေါင်းဆောင်သည် ရဲ့ဟိုင်အားသတ်ဖြတ်ရန်အတွက် ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုအချိန်တွင်...
" ဂိုဏ်းချုပ် အရေးကြီးသတင်းပါ .. အဲ့ဒီလူငယ်ကို ကြားဖြတ်တားဆီးတဲ့ အကြီးအကဲရှန် သတ်ဖြတ်ခံလိုက်ရပြီ "
" ဂိုဏ်းချုပ် အရေးပေါ်သတင်းပါ .. အဲ့ဒီလူငယ်ကို ကြားဖြတ်သွားတားဆီးတဲ့ ( 8 ) ယောက်မြောက်အကြီးအကဲ အသတ်ခံလိုက်ရပြီ "
" ဂိုဏ်းချုပ် အရေးပေါ်သတင်းပါ .. အဲ့ဒီလူငယ်ကို ကြားဖြတ်သွားတားခဲ့တဲ့ အကြီးအကဲသုံးယောက်လုံး အသတ်ခံလိုက်ရပါပြီ "
ယူလောင်ဂိုဏ်းခေါင်းဆောင်သည် ထိုကြောက်စရာကောင်းသော သတင်းများကို နားထောင်ရင်း မျက်နှာက ပို၍ပျက်ယွင်းသထက် ပျက်ယွင်းလာ၏။ ခန်းမထဲတွင်ထိုင်နေသော အခြားအဆင့်မြင့်အကြီးအကဲများ အားလုံးကလည်း သူတို့ဂိုဏ်းခေါင်းဆောင်ကဲ့သို့ပင် အလားတူ ခံစားနေကြရလေသည်။
" ဒီကလေးရဲ့ ခွန်အားက ငါတို့ထင်ထားတာထက် ပိုကြီးမယ်ထင်တယ်၊ ကြည့်ရတာ ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်ခွင့်က ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အသုံးချပြီး သူ့ကိုခုခံဖို့ပဲ "
ယူလောင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
" ဟုတ်တယ် ဒါကတစ်ခုတည်းသော နည်းလမ်းပဲ "
ဂိုဏ်းချုပ်ကလဲ ခေါင်းညိတ်လိုက်သည်။
တိုက်ခိုက်လာသူက တစ်ယောက်တည်းဖြစ်၏။ ဒါကို မိမိမှာ ဂိုဏ်းအကာအကွယ်အစီအရင်ကိုဖွင့်ပြီး ခုခံရန်ဆိုသည်က မည်မျှတောင် အရှက်ရစရာကောင်းလိုက်သနည်း။
သို့သော် အရှက်ဘယ်လောက်ကွဲပါစေ မိမိအသက် ဆုံးရှုံးရသည်ထက်တော့ ပို၍ကောင်းလေ၏။
ထိုအချိန်တွင် ယူလောင်ဂိုဏ်း၏ တံခါးဝတွင်ရပ်နေသော ရဲ့ဟိုင်သည် ထိုနေရာတွင် လူတစ်ဒါဇင်ကျော်ခန့် ကောင်းကင်ထက် မတ်တပ်ရပ်နေသည်အား တွေ့လိုက်ရသည်။ သူတို့၏နောက်တွင်တော့ ထောင်နှင့်ချီသော ယူလောင်ဂိုဏ်းဝင်တပည့်များက အစီအရီရှိနေ၏။
" မင်းဘယ်သူလဲ "
ယူလောင်ဂိုဏ်းခေါင်းဆောင် ရဲ့ဟိုင်အားကြည့်ကာ အလေးအနက်မေးလိုက်သည်။
" ငါဘယ်သူလဲဆိုတာ အရေးမကြီဘူး .. အရေးကြီးတာက မင်းတို့ယူလောင်ဂိုဏ်းက လုပ်ခဲ့တဲ့ကိစ္စတွေပဲ "
ရဲ့ဟိုင် အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။
" မင်းဘာကိုဆိုလိုလဲ ငါနားမလည်ဘူး "
" ဒီအချိန်မှာ ငြင်းခုန်ခြင်းက အသုံးဝင်မယ်လို့ မင်းထင်လား "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် အကာအကွယ် အစီအရင်အလွှာကြီးကို ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်ကာ...
" ဒီဂိုဏ်းအကာအကွယ်အစီအရင် တစ်ခုတည်းနဲ့ ငါ့ကိုတားနိုင်မယ်ထင်နေရင်တော့ မင်းတို့တော်တော်လေးကို ဉာဏ်နည်းသွားပြီ "
ချက်ချင်းပင် ရဲ့ဟိုင်၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အပ်စိုက်မှတ် ဘီလီယံနှင့်ချီက သွေးရောင်အလင်းတန်းများ ထွန်းလင်းတောက်ပလာသည်။
ထို့နောက် ရဲ့ဟိုင်၏ လက်ထဲ၌ ၎င်းစွမ်းအင်များက ဓားတစ်စင်းအသွင်ဖြင့် စုစည်းသွား၏။
ရဲ့ဟိုင် တုန့်ဆိုင်းခြင်းမရှိ ဓားကိုမြှောက်ကာ သာမန်အတိုင်းပင် ခုတ်ပိုင်းချလိုက်သည်။
ခုတ်ပိုင်းချလိုက်သည့်ပုံစံက သာမန်ဖြစ်သော်လည်း ဓားချက်ထွက်ပေါ်လာသည်နှင့် လေဟာနယ် နှစ်ခြမ်းကွဲထွက်သွားစေ၏။ ထို့နောက် ရွှီခနဲအော်မြည်သံနှင့်အတူ ဓားအလင်းတန်းက အစီအရင်ကို တိုက်ရိုက်ပင် ထိမှန်သည်။
" အုန်း "
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ယူလောင်ဂိုဏ်းကို နှစ်ပေါင်းထောင်နှင့်ချီ ကာကွယ်ပေးခဲ့သော ထိုဂိုဏ်းအကာအကွယ် အစီအရင်က တစ်ချက်လေးတောင် တောင့်မခံနိုင်ဘဲ ဓားချက်တစ်ချက်အောက်တွင် ပျက်စီးပြိုကျသွားလေ၏။
" မဖြစ်နိုင်ဘူး .. "
ယူလောင်ဂိုဏ်းခေါင်းဆောင် ထိတ်လန့်တကြားပင် အော်ဟစ်လိုက်သည်။
" မဖြစ်နိုင်ဘူးဆိုတာ မင်းတို့လို လူတွေအတွက် အမြဲတမ်းလက်သုံးစကား တစ်ခုဆိုရင် ငါ့မှာလဲ လက်သုံးစကားတစ်ခုရှိတယ် .. အဲ့တာက ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး "
ရဲ့ဟိုင်၏ လက်ထဲတွင် ရှိနေသောဓားက ဓားအော်မြည်သံများ တဝှီဝှီထွက်ပေါ်နေပြီး သူ၏အသံကလဲ သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေ၏။
ထို့နောက် ရိပ်ခနဲလှုပ်ရှားသွားပြီး ရဲ့ဟိုင် ရောက်ရှိသည့်နေရာတိုင်းတွင် ယူလောင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က လည်ပင်းပြတ်ထွက်သွားသည်။
မည်မျှပင်ပြင်ဆင်ထားပါစေ မည်မျှပင် ခုခံကာကွယ်ရေး ပြုလုပ်ထားပါစေ ဓားတစ်ချက်ကို တားဆီးနိုင်ခြင်းမရှိကြပေ။
ဤသို့ဖြင့် ယူလောင်ဂိုဏ်း၏ ( 10 ) ယောက်မြောက်အကြီးအကဲ သေဆုံးသွားသည့်အချိန်တွင် ထောက်လှမ်းရေးခန်းမသခင်သည် အလန့်တကြားဖြင့်...
" ကောင်လေး ငါပြောတာနားထောင်ပေးပါ၊ ငါ့ကိုမသတ်နဲ့ ငါ့ကိုမသတ်ပါနဲ့၊ တကယ်တော့ အထီးကျန်ဝံပုလွေဂိုဏ်းဆိုတာက ငါတို့ယူလောင်ဂိုဏ်းရဲ့လူတွေပဲ၊ အဲ့တာတွေအားလုံးကို ကြိုးကိုင်နေတဲ့သူက ငါတို့ဂိုဏ်းချုပ်ပါ၊ သူတစ်ယောက်တည်းအကြံနဲ့ အထီးကျန်ဝံပုလွေဂိုဏ်းကို တည်ထောင်ခဲ့တာပါ "
၎င်းထောက်လှမ်းရေးခန်းမအကြီးအကဲက ဤကဲ့သို့ ဝန်ခံလာသည့်အချိန်တွင် ယူလောင်ဂိုဏ်းမှ တပည့်များအားလုံး အလန့်တကြားဖြင့် အော်ဟစ်လိုက်ကြလေ၏။
ယခင်က သူတို့သည် သံသယများ ရှိခဲ့ကြသော်လည်း ယခုတော့ ဘာသံသယမှ မရှိတော့ချေ။ သူတို့ဝင်ထားသည့် ယူလောင်ဂိုဏ်းက ဤကဲ့သို့ဖြစ်နေမည်ဟု လုံးဝမထင်မှတ်ထားဘူးဖြစ်သည်။
" မင်းက ဒီလောက်ရိုးသားမှတော့ ငါလဲမင်းရဲ့ အသက်ကို ချမ်းသာပေးရမှာပေါ့ "
ချက်ချင်းပင် ရဲ့ဟိုင်က ထိုထောက်လှမ်းရေးခန်းမအကြီးအကဲကို ဖြတ်ကျော်သွားကာ နောက်ထပ်အကြီးအကဲတစ်ယောက်ဆီ ရောက်ရှိသွားပြီး ထိုအကြီးအကဲမှာ ဓားတစ်ချက်တည်းဖြင့် ခေါင်းပြတ်သွားလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး အခြားအကြီးအကဲများက ငြိမ်ငြိမ်ဆိမ်ဆိမ် မနေနိုင်တော့ပေ။
" ငါပြောမယ် ... ငါလဲဝန်ခံမယ်၊ တကယ်တော့ အထီးကျန်ဝံပုလွေဂိုဏ်းရဲ့ ပထမဆုံး အဖွဲ့ဝင်တွေက ယူလောင်ဂိုဏ်းရဲ့တပည့်တွေပါ၊ မင်းငါ့ကိုမယုံဘူးဆိုရင် အဲ့ဒီတပည့်တွေရဲ့ သိုလှောင်အိတ်တွေကို တစ်ချက်ချင်းစစ်ကြည့်လို့ရတယ်၊ သူတို့သိုလှောင်အိတ်ထဲမှာ ဓားပြတိုက်တုန်းက သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေက အခုချိန်အထိ ရှိနေတုန်းပဲ "
" ဟုတ်တယ် .. ငါလဲပြောမယ်၊ တကယ်တော့ အထီးကျန်ဝံပုလွေဂိုဏ်းခေါင်းဆောင်က ငါတို့တရားစီရင်ခြင်းခန်းမရဲ့ လက်ထောက်အကြီးအကဲတစ်ယောက်ပဲ "
" ဟုတ်တယ် .. ဟုတ်တယ်၊ ငါလဲပြောမယ်၊ ငါလဲဝန်ခံမယ် "
ထိုအချိန်တွင် ယူလောင်ဂိုဏ်းခေါင်းဆောင်ကတော့ အကြီးအကဲများ အကုန်လုံးကို ဂိုဏ်း၏အရှုပ်တော်ပုံ ဖွင့်ချနေသည်အားကြည့်ပြီး မျက်လုံးကို မှိတ်ချလိုက်လေသည်။
***