အဆုံးသတ်သွားချေပြီ။
ယူလောင်ဂိုဏ်းက ယနေ့တွင် လုံးဝကျဆုံးသွားပြီဆိုတာကို သူသိလိုက်၏။
နောက်ဆုံးတွင် တစ်ယောက်တစ်ပေါက် ဝန်ခံနေသော စကားများကိုနားထောင်ပြီး ရဲ့ဟိုင် နားငြီးလာသဖြင့်...
" ကောင်းပြီ ယူလောင်ဂိုဏ်းထဲမှာ ဘယ်သူတွေက ဓားပြအဖွဲ့အစည်းထဲ ပါဝင်နေလဲ၊ ပါသမျှလူအကုန် အခုသွားပြီးခေါ်ထုတ်လာခဲ့ "
" အဲ့လိုလုပ်ရင် မင်းငါတို့ကို အသက်ချမ်းသာပေးမှာလား "
အဘိုးအိုတစ်ယောက်က လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
" ဒါက မင်းရဲ့စွမ်းဆောင်ရည်အပေါ်မူတည်တယ် "
ရဲ့ဟိုင်တည်ငြိမ်စွာဖြင့် ပြောလိုက်ပြီး...
" သတိတော့ ပေးလိုက်မယ်၊ မင်း အပြစ်မဲ့တဲ့လူတွေကို ခေါ်လာခဲ့ရင်တော့ ငါ့ကိုရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့ "
ယူလောင်ဂိုဏ်းတွင် တပည့်ပေါင်းများစွာရှိပြီး ရဲ့ဟိုင်က အပြစ်မဲ့သောသူများကိုတော့ သတ်ဖြတ်ရန်အတွက် ဝန်လေးလေ၏။
ထိုစကားကြားလျှင် ယူလောင်ဂိုဏ်း၏ အကြီးအကဲများမှာ ချက်ချင်းပင် တပည့်ပေါင်းမြောက်များစွာကို အလျင်အမြန် လိုက်လံဖမ်းဆီးလိုက်သည်။
မကြာခင်မှာပင် တပည့်ထောင်နှင့်ချီက ဂိုဏ်း၏ရင်ပြင်၌ ဒူးထောက်ကာ ဖမ်းဆီးခြင်းခံလိုက်ရ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ရဲ့ဟိုင်သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင် ထိုအကြီးအကဲများနှင့် တပည့်များ၏ ပတ်ပတ်လည်လေဟာနယ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသည်။
ထိုအက်ကွဲကြောင်းများက မည်မျှကြောက်စရာကောင်းသနည်းဆိုလျှင် ကျောက်စိမ်းအင်မော်တယ်အဆင့်နှင့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများတောင်မှ ၎င်းလေဟာနယ်အက်ကွဲကြောင်းများအောက်၌ အေးခဲကာ တောင့်တင်းနေလေ၏။
နောက်ဆုံးတွင်ရဲ့ဟိုင် သူ၏စွမ်းအားအရှိန်ကို အကန့်အသတ်ထိ တွန်းပို့လိုက်ပြီး ယူလောင်ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များအကုန်လုံးကို တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်သည်။ ဂိုဏ်းခေါင်းဆောင်လည်း အလွတ်ပေးခြင်းမရှိပေ။
ရဲ့ဟိုင် ဤကဲ့သို့ ဆိုးယုတ်သောလုပ်ရပ်များ လုပ်ခဲ့သည့်လူများကို အဘယ့်ကြောင့် လွှတ်ပေးရန်အတွက် ဆန္ဒရှိမည်နည်း။
ထို့အပြင် ရဲ့ဟိုင်သည် ထိုလူများ၏ သိုလှောင်အိတ်များကိုလည်း သိမ်းဆည်းရန်အတွက် ကိုယ်ပွားနှစ်ကောင်ကို စေလွှတ်ရန် လုံးဝမမေ့ခဲ့ချေ။
ဤသို့ဖြင့် ရဲ့ဟိုင် လူအများရှေ့တွင် ပြန်လည်ထွက်ပေါ်လာသည့်အချိန်တွင် ကျန်ရှိနေသော ယူလောင်ဂိုဏ်းသားများအားလုံးက သူ့ကို ထိတ်လန့်တကြားဖြင့် စိုက်ကြည့်နေကြ၏။ အကုန်လုံးကလည်း ကြက်သီးမွှေးညှင်းများထပြီး ကြောက်ရွံ့နေကြသည်။
" မင်းတို့ရဲ့ သိုလှောင်အိတ်တွေကို ထားခဲ့ပြီးတော့ ထွက်သွားနိုင်ပြီ "
ရဲ့ဟိုင် ထိုစကားပြောပြီးသည်နှင့် လူတိုင်းကို အေးစက်စက်စိုက်ကြည့်လိုက်ကာ...
" နောက်တစ်ခါ ဒီလိုမျိုး ညစ်ပတ်တဲ့လှည့်ကွက်တွေကို ကစားရဲရင် မင်းတို့ဆီကို ငါရောက်လာဖို့က သိပ်ကြာမှာမဟုတ်ဘူး .. ယူလောင်ဂိုဏ်းက ဥပမာပဲ "
ယူလောင်ဂိုဏ်း၏ တပည့်များအားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး သိုလှောင်အိတ်များကို တစ်လုံးပြီးတစ်လုံးပစ်ချကာ ယူလောင်ဂိုဏ်းကနေ အလျင်အမြန် ထွက်ပြေးသွားကြ၏။
ရဲ့ဟိုင် ထိုသိုလှောင်အိတ်များကို စုဆောင်းပြီးနောက် ယူလောင်ဂိုဏ်းတစ်ခုလုံးကို စတင်ကာ မွှေနှောက်တော့သည်။
သူ၏စိတ်ထဲတွင် အဖိုးတန်သည်ဟု ထင်သမျှအရာအားလုံး သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းပြီး ယူလောင်ဂိုဏ်း၏ ဘဏ္ဍာတိုက်ကိုလည်း ချမ်းသာပေးခဲ့ခြင်းမရှိပေ။
ရဲ့ဟိုင်ဤကဲ့သို့ ဂိုဏ်းတစ်ခုလုံးကို အရင်းအမြစ်များ သိမ်းပိုက်နေသည့်အချိန်တွင် သတ္တိကောင်းသော ကျင့်ကြံသူအနည်းငယ်က တစ်စိတ်တစ်ပိုင်းပဲ လုယူနိုင်လျှင် လုယူမည်ဆိုသော မျှော်လင့်ချက်ဖြင့် ယူလောင်ဂိုဏ်းဧရိယာထဲသို့ စိမ့်ဝင်လာကြလေ၏။
သို့သော် သူတို့ဂိုဏ်းဧရိယာထဲသို့ ခြေချလိုက်သည်နှင့် ကြောက်စရာကောင်းသော လေဟာနယ်ဓားသွားများက အရပ်မျက်နှာအနှံ့က ထွက်ပေါ်လာပြီး သူတို့၏ခန္ဓာကိုယ်ကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်သွားသည်။
ထိုအချက်က ယူလောင်ဂိုဏ်းကို ဖျက်ဆီးလိုက်သော ကောင်လေး၏ အကျိုးအမြတ်ကိုသွားပြီး ဝေမျှရန်ကြိုးစားခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းဖြစ်ကြောင်း ကျန်သူများကို သဘောပေါက်သွားစေ၏။ ထို့ကြောင့် မည်သူကမှ ယူလောင်ဂိုဏ်း ဧရိယာထဲသို့ ထပ်ဝင်ရဲခြင်း မရှိကြတော့ပေ။
တစ်ဖက်တွင် ရဲ့ဟိုင်၏ ကိုယ်ပွားနှစ်ကောင်ကတော့ ယူလောင်ဂိုဏ်းတစ်ခုလုံးကို မြေလှန်ကာ ရှိသမျှအရင်းအမြစ်အကုန်လုံးကို တစ်စမကျန်အောင် သိမ်းပိုက်နေသည်။ တန်ဖိုးရှိသည်ဆိုသော နေရာတိုင်းက ဖုန်တစ်စက်ပင်မကျန်ဘဲ သိမ်းပိုက်ခြင်းခံလိုက်ရပြီး နောက်ဆုံး အဖိုးတန်သည့်အရာများ မရှိတော့ဘူးဟု သိလိုက်သည့်အချိန်ကျမှ ရဲ့ဟိုင်နှင့် သူ၏ကိုယ်ပွားနှစ်ကောင်က ယူလောင်ဂိုဏ်းကနေ တိတ်တဆိတ် ထွက်ခွာသွားကြ၏။
ထိုအချိန်တွင် ရန်ချီနယ်မြေရှိ အခြားအင်အားစု ( 30 ) ကလည်း တစ်ပြိုင်နက်တည်း သုတ်သင်ဖယ်ရှားခြင်းကို ခံခဲ့ရလေသည်။ ထိုသတင်းက ရန်ချီနယ်မြေတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေ၏။
" ဒေသအတွင်းမှာရှိတဲ့ အင်အားစု ( 31 ) စုက တိုက်ရိုက်ဖျက်ဆီးခံရပြီး ဂိုဏ်း ( 7 ) ခုနဲ့ မိသားစုကြီး ( 2 ) စုကလဲ သိုဝှက်သောနည်းလမ်းနဲ့ ဖျက်ဆီးခံခဲ့ရတယ် "
" ဘယ်သူက ဒီလောက်တောင် ရက်ရက်စက်စက် လုပ်ခဲ့လဲဆိုတာ ငါသိချင်လိုက်တာ"
" ရှန်ကျင်းဂိုဏ်းတောင်မှ အဲ့လိုလုပ်ဖို့အတွက် ခွန်အားမရှိဘူးမလား "
" စုံစမ်းထောက်လှမ်းထားတဲ့ အချက်အလက်တွေအရဆိုရင် တိုက်ခိုက်ခဲ့တဲ့လူတွေက ထိပ်တန်းအင်မော်တယ်သခင်အဆင့် ကျင့်ကြံသူအယောက် ( 70 ) လောက်ရှိတယ်တဲ့၊ အဲ့ဒီအဆင့်ကျင့်ကြံသူတွေက ရှန်ကျင်းဂိုဏ်းမှာတောင်မှ ဘယ်နှယောက်ရှိနိုင်တာမို့လို့လဲ "
" ကြည့်ရတာ ပြင်ပအင်အားစုတွေလည်း ပါဝင်ပူးပေါင်းနေတဲ့ပုံပဲ "
" တစ်ခုကောင်းတာက ကျဆုံးသွားတဲ့ အင်အားစုတွေအကုန်လုံးက ဆိုးယုတ်တဲ့ဂိုဏ်းတွေ ဖြစ်နေတာပဲ၊ သူတို့ကျဆုံးသွားတဲ့အတွက် ရန်ချီနယ်မြေက တော်တော်လေးကို ငြိမ်းချမ်းသွားမယ်ထင်တယ် "
" ငြိမ်းချမ်းသွားမယ် ဟုတ်လား မင်းက မကောင်းဆိုးဝါးဂိုဏ်းနှစ်ခုကို မေ့နေတဲ့ပုံပဲ "
" ဟုတ်တယ် အဲ့ဒီအဖွဲ့အစည်းက နတ်ဆိုးရုပ်သေးဂိုဏ်းနဲ့ သွေးဂိုဏ်းကို သွားပြီးတိုက်ခိုက်ကြမလားမသိဘူး "
ရှန်ကျင်းဂိုဏ်း...
အစည်းအဝေးကောင်စီခန်းမတွင်...
ရှန်ကျင်းဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများအကုန်လုံး ဤနေရာတွင် စုဝေးနေကြလေ၏။
" မကောင်းဆိုးဝါး အင်အားစု ( 31 ) စုလုံးကို ဖျက်ဆီးခဲ့ပြီး ဂိုဏ်း ( 7 ) ခုနဲ့ မိသားစုကြီး ( 2 ) စုကလည်း သွယ်ဝှိက်သောနည်းလမ်းနဲ့ ဖျက်ဆီးခြင်းခံလိုက်ရတယ်၊ ပိုပြီးကြောက်စရာ ကောင်းတာက အဲ့ဒီဂိုဏ်းတွေ အကုန်လုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရပြီး ပျက်စီးသွားခဲ့တာပဲ "
ထောက်လှမ်းရေးခန်းမအကြီးအကဲဂူရှီ ရှုံ့တွနေသော မျက်နှာအမူအရာဖြင့် ပြောကြားလိုက်သည်။
" ဒီအခြေအနေကို ထောက်လှမ်းရေးခန်းမက ဘယ်လိုကောက်ချက်ချနိုင်လဲ "
ဂိုဏ်းချုပ်လျန်ယီ လေးနက်သော အမူအရာဖြင့် မေးလိုက်လေ၏။
" ဘက်ပေါင်းစုံက စုံစမ်းထားတဲ့ ထောက်လှမ်းရေးအချက်အလက်တွေအပေါ် အခြေခံရရင်တော့ တိုက်ခိုက်ခံခဲ့ရတဲ့ အဖွဲ့တွေက ရန်သူ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တာပဲ၊ ဒါကြောင့် လူတစ်ယောက် နှစ်ယောက်နဲ့ ဂိုဏ်းတွေကို ဖျက်စီးခဲ့တာဆိုတော့ သူတို့ရဲ့ ခွန်အားက အင်မော်တယ်သခင်အဆင့် အထွတ်အထိပ်မှာရှိနေနိုင်တယ်လို့ လူတိုင်းက ခန့်မှန်းနေကြတယ် "
ဂူရှီ ထိုသို့ပြောပြီးသည်နှင့် ခဏရပ်တန့်လိုက်ပြီး...
" ဒါပေမဲ့ ကျွန်တော်ကတော့ တိုက်ခိုက်လာတဲ့လူတွေက အင်မော်တယ်အရှင်အဆင့်တွေ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ် "
" အင်မော်တယ်အရှင် ဟုတ်လား "
တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ဂူရှီက ထိတ်လန့်စရာကောင်းသော သတင်းတစ်ပုဒ်ကို ထုတ်ဖော်ပြသခဲ့သည်မှာ သေချာ၏။
ရန်ချီနယ်မြေတစ်ခုလုံးတွင် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်ထက် ပို၍သန်မာသော အင်မော်တယ်အရှင်များက လက်တစ်ဆုပ်စာပဲ ရှိသည်ဆိုတာကို မှတ်သားထားရမည်ဖြစ်သည်။
ပြောရလျှင် အင်မော်တယ်အရှင်များဆိုသည်မှာ အင်မော်တယ်သခင်အဆင့်နှင့် အင်မော်တယ်ဘုရင်ကြားထဲ၌ရှိသော သန်မာသည့် ကျင့်ကြံသူများဖြစ်၏။
ယခုတော့ အင်မော်တယ်အရှင်အဆင့်ကျင့်ကြံသူက အယောက် ( 70 ) ခန့် ထွက်ပေါ်လာခဲ့သည်လား။
" ဒါက ဖြစ်နိုင်လို့လား "
လျန်ယီ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
" ဂိုဏ်းချုပ် လက်ရှိဂိုဏ်းချုပ်ရဲ့ ကျင့်ကြံအဆင့်က အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်ကိုရောက်နေပြီ၊ ကျွန်တော် တစ်ခုလောက်မေးချင်ပါတယ် ဂိုဏ်းချုပ်တစ်ယောက်တည်း ဒါမှမဟုတ် ဂိုဏ်းချုပ်လို အဆင့်တူနှစ်ယောက်လောက်က ဂိုဏ်းတစ်ခုကို ဖျက်ဆီးပြီးတော့ အကုန်လုံးကို သတ်ဖြတ်နိုင်မလား "
ထိုသို့ပြောပြီးနောက် ဂူရှီ တစ်ခဏစဥ်းစားလိုက်ကာ...
" အဲ့တာမှ မဖြစ်နိုင်သေးဘူးဆိုရင်လဲ .. ကျွန်တော့်ပါထည့်လိုက်၊ ကျွန်တော်တို့သုံးယောက် အတူလုပ်ရင်ကော ဂိုဏ်းတစ်ခုကိုဖျက်ဆီးပြီးတော့ အကုန်လုံးကို သတ်ဖြတ်နိုင်မလား "
" အထူးသဖြင့် ဂိုဏ်းကြီး ( 7 ) ဂိုဏ်းပဲ သူတို့မှာ အကာအကွယ် အစီအရင်တွေရှိပြီးတော့ အဲ့ဒီအစီအရင်တွေက အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင်မှ မလွတ်မြောက်နိုင်အောင်လို့ ထိန်းချုပ်နိုင်စွမ်းရှိတယ် "
ဂူရှီ၏ စကားများက တစ်ခန်းလုံးကို နှုတ်ဆိတ်သွားစေ၏။
သူတို့သုံးယောက်မပြောနှင့် နောက်ထပ်နှစ်ဆလောက် လူပါသွားလျှင်တောင်မှ ထိုကဲ့သို့မလုပ်နိုင်ဘူးဆိုတာကို အကုန်လုံးက နားလည်ကြသည်။
ဤအချက်အလက်များကြောင့် တစ်ခုတည်းသောဖြစ်နိုင်ချေမှာ တစ်ဖက်ကတိုက်ခိုက်လာသောလူသည် အင်မော်တယ်အရှင် ကျိန်းသေဖြစ်နိုင်ပြီး စွမ်းအားကလည်း အလွန်သန်မာသောကြောင့် ၎င်းဂိုဏ်းမှလူများက ထွက်ပြေးရန်ပင် အချိန်မရခဲ့ပုံပင်။
ထို့ကြောင့် ဂူရှီပြောသော ထိုလူများက အင်မော်တယ်အရှင်အဆင့်များ ဖြစ်နိုင်သည်ဆိုသည်မှာ တကယ်ကို မှန်ကန်သည့်အချက် ဖြစ်နေလောက်သည်။
ထိုအချိန်တွင် လူတစ်ယောက်က အလောတကြီးဖြင့် အထဲသို့ဝင်ရောက်လာလေ၏။
***