" ယီရှောင်း "
လျန်ယီ ဝင်ရောက်လာသော ယီရှောင်းကိုကြည့်ပြီး မျက်မှောင်ကုပ်ကာ...
" ယီရှောင်း ငါစုံစမ်းခိုင်းတဲ့အချက်အလက်တွေ ဘယ်လိုလဲ "
ယီရှောင်း၏ အမူအရာ လေးနက်သွားသည်။
" ဂိုဏ်းချုပ် ကျွန်တော်ထောက်လှမ်းသမျှ အချက်အလက်တွေအရဆိုရင် အထီးကျန်ဝံပုလွေဂိုဏ်း အဖွဲ့ဝင်သုံးထောင်လုံးက သခင်လေးရဲ့ဟိုင် သတ်ဖြတ်မှုကို ခံခဲ့ရတာပါ၊ ပြီးတော့ သခင်လေးရဲ့က အထီးကျန်ဝံပုလွေဂိုဏ်းရဲ့ ထိပ်တန်းခေါင်းဆောင်တွေကိုခေါ်ပြီးတော့ ယူလောင်ဂိုဏ်းဆီကို တိုက်ရိုက်သွားခဲ့ပါတယ် "
" အဲ့ဒီနောက် သခင်လေးရဲ့ဟိုင် ယူလောင်ဂိုဏ်းရဲ့ ဧရိယာမှာ အထီးကျန်ဝံပုလွေဂိုဏ်းနဲ့ ယူလောင်ဂိုဏ်း ပက်သက်နေမှုကို လူသိရှင်ကြားကြေငြာပြီး ယူလောင်ဂိုဏ်းရဲ့ ဂိုဏ်းအကာအကွယ်အစီအရင်ကို တစ်ချက်တည်းဖျက်ဆီးခဲ့တယ်တဲ့၊ ပြီးတော့ ယူလောင်ဂိုဏ်းခေါင်းဆောင်အပါအဝင် ထိပ်တန်းအကြီးအကဲနဲ့ ဓားပြအဖွဲ့အစည်းက ပါဝင်ခဲ့သူအားလုံးကို သတ်ဖြတ်ခဲ့ပါတယ် "
" အခုဆိုရင် ယူလောင်ဂိုဏ်းက နာမည်လဲသေဆုံးသွားသလို ဂိုဏ်းကလဲ ပျက်စီးသွားခဲ့ပါပြီ "
ယီရှောင်း၏ ထိုစကားက အခန်းထဲတွင်ရှိနေသော အကြီးအကဲများအားလုံးကို အာမေဍိတ်သံများ ဖြစ်ပေါ်လာစေ၏။
" ရဲ့ဟိုင် ဟုတ်လား "
" ရဲ့ဟိုင်က ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) မှာ ရှိနေတာမဟုတ်ဘူးလား "
" သူဘယ်လိုလုပ်လိုက်တာလဲ "
" ဒါကလုံးဝ အဓိပ္ပါယ်မရှိဘူး "
ရှန်ကျင်းဂိုဏ်း၏ အကြီးအကဲများအားလုံးက ယီရှောင်းကိုကြည့်ကာ မျက်မှောင်ကုပ်၍ မေးခွန်းထုတ်ကြလေသည်။
လျန်ယီ သက်ပြင်းချလိုက်ပြီး...
" တကယ်တော့ မင်းတို့အားလုံးကို မပြောပြရသေးတဲ့ အချက်အလက်ရှိတယ်၊ ရဲ့ဟိုင်ရဲ့ ရုပ်ခန္ဓာက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ပြီးတော့ အင်မော်တယ်အရှင် အဆင့်တွေနီးပါး သန်မာတယ်ဆိုတာပဲ၊ ရဲ့ဟိုင်က အင်မော်တယ်သခင်အဆင့်တွေကို အခုမှသတ်ဖြတ်ခဲ့တာမဟုတ်ဘူး နဂိုတည်းက ကျိုးမိသားစုမှာ များပြားလှတဲ့ အင်မော်တယ်သခင်အဆင့်တွေကို တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့ပြီးပြီ "
ထိုစကားက ရှန်ကျင်းဂိုဏ်း၏ အကြီးအကဲများအားလုံးကို ထိတ်လန့်သွားစေ၏။
ဤသည်မှာ သံသယဖြစ်ဖွယ်မရှိသော ပေါက်ကွဲစေနိုင်သည့် သတင်းကြီးဖြစ်သည်။
လျန်ယီက ရဲ့ဟိုင်ကိုအဘယ့်ကြောင့် တန်ဖိုးထားပြီး အရမ်းဂရုစိုက်နေသည်ဆိုတာကို လူတိုင်းယခုမှနားလည်သွား၏။
" ငါ့အထင်တော့ ရဲ့ဟိုင်ရဲ့ စွမ်းအားက ကျောက်စိမ်းအင်မော်တယ်အဆင့်မှာ ဘယ်သူမှ မရောက်ဖူးတဲ့အဆင့်ကို ရောက်နေတယ် ထင်တာပဲ၊ ငါ့ရဲ့စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် ဒီရက်ပိုင်း အခြားကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ကျင့်ကြံသူတွေက လေဟာနယ်ကို အက်ကွဲပြီး ထိုးဖောက်နိုင်တဲ့စွမ်းအားရှိပေမဲ့ အင်မော်တယ်သခင်အဆင့်တွေကို ရင်ဆိုင်ဖို့မပြောနဲ့ သတိမထားမိရင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင်မှ သူ့တို့ကိုသတ်ဖြတ်နိုင်စွမ်းရှိတယ် "
လျန်ယီထိုသို့ပြောပြီးသည်နှင့် လူတိုင်းကိုကြည့်လိုက်ပြီး...
" မင်းတို့မသိသေးတာ နောက်တစ်ခုရှိသေးတယ် အဲ့တာကတော့ လုရန်ရန် ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ကို ရောက်ရှိသွားတဲ့အကြောင်းအရင်းက ရဲ့ဟိုင်သူ့ကိုပေးခဲ့တဲ့ အင်မော်တယ်ဘုရင်အဆင့် သွေးစက်ကြောင့်ပဲ "
ထိုအချိန်တွင် ခေါင်းဆောင် လျန်ယီ၏ အသံက ရုတ်တရက် အေးစက်သွားခဲ့ပြီး...
" ဒါပေမဲ့ မှော်ဆေးပညာခန်းမရဲ့ ခန်းမသခင်၊ လက်ထောက်ခန်းမသခင်နဲ့ စောင့်ရှောက်ရေးမဟာအကြီးအကဲတို့က ငါပြောထားတဲ့စကားကို လျစ်လျူရှုပြီးတော့ ရဲ့ဟိုင်ကိုလုယက်ပြီး သတ်ဖြတ်ဖို့အတွက် ကြိုးစားခဲ့ကြတယ် "
" ဘာ .. သူတို့က ရဲ့ဟိုင်ကို လုယက်သတ်ဖြတ်ဖို့အတွက် ကြိုးစားခဲ့တယ်၊ ဟုတ်လား "
" ဒီကောင်တွေ ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ "
" အင်မော်တယ်အရှင်အဆင့်နဲ့ ယှဥ်နိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူကို သွားပြီးလုယက်ရဲတယ်ပေါ့ "
" ဒီကောင်တွေက ငါတို့ရှန်ကျင်းဂိုဏ်းကို ပြန်လှည့်လို့မရတဲ့ကပ်ဘေးထဲကို တွန်းပို့နေတာပဲ၊ ရဲ့ဟိုင်က ဂိုဏ်းချုပ်ပြောပုံအရဆိုရင် အင်မော်တယ်အရှင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး နောက်ထပ် ( 10 ) နှစ်ဒါမှမဟုတ် ( 8 ) နှစ်အတွင်း ရဲ့ဟိုင်က ရှန်ကျင်းဂိုဏ်းကို တစ်ယောက်တည်းခွန်အားနဲ့တောင် ဖျက်ဆီးနိုင်တယ်လို့ ဆိုလိုနေတာမလား "
" ( 10 ) နှစ် ဒါမှမဟုတ် ( 8 ) နှစ် ဟုတ်လား .. အဲ့ဒီအချိန်အထိ စောင့်စရာမလိုဘူး၊ ရဲ့ဟိုင်ကလက်ရှိ အနေအထားနဲ့တောင်မှ ရှန်ကျင်းနန်းတော်ကို ခြိမ်းခြောက်နိုင်တဲ့ခွန်အားရှိပြီးသား၊ ဘိုးဘေးသာ ကျင့်ကြံတဲ့နေရာက မထွက်လာဘူးဆိုရင် ရဲ့ဟိုင်ရဲ့ပြိုင်ဘက် ဘယ်သူက ငါတို့ထဲမှာရှိလို့လဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဘိုးဘေးတောင်မှ ရဲ့ဟိုင်ကို ယှဥ်နိုင်မယှဥ်နိုင် မသေချာသေးဘူး "
" မင်းတို့အဲ့စကားပြောနေတဲ့အချိန် ရဲ့ဟိုင်ရဲ့ နောက်ကွယ်က အင်အားစုတွေကို ထည့်မစဥ်းစားတဲ့ပုံပဲ၊ သာမန်အင်အားစုတစ်စုက ဒီလိုမျိုး နတ်ဆိုးဆန်တဲ့ ပါရမီရှင်ကို မွေးထုတ်ပေးနိုင်မယ်လို့ မင်းတို့ထင်လား "
" ချီးပဲ ဒီသုံးကောင်က သေဖို့ထိုက်တန်တယ် "
ရှန်ကျင်းဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများအကုန်လုံး ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်ကြသည်။
ရဲ့ဟိုင်ကဲ့သို့ ကြောက်စရာကောင်းသည့် နတ်ဆိုးဆန်သော ပါရမီရှင်မှာ စိတ်အနှောင့်အယှက်သွားမပေးရဘဲ မိတ်ဆွေဖွဲ့ရမည်ဖြစ်၏။ ဒါကို ဤသုံးယောက်က တစ်ဖက်လူအား လုယက်သတ်ဖြတ်ရန်အတွက် ကြိုးစားခဲ့သည်လား။
ဤအခြေအနေတွင် ဘယ်သူက ထိုသုံးယောက်ကို ဒေါသမထွက်ဘဲနေမည်နည်း။
" နောက်တစ်ခုရှိပါသေးတယ် "
ယီရှောင်း မချိပြုံးပြုံးကာ ပြောလိုက်သည်။
" အဲ့တာဘာလဲ "
တစ်ဖက်တွင် လျန်ယီ၏စိတ်များကတော့ လေးလံနေချေပြီ။
" ဂိုဏ်း ( 7 ) ခု မိသားစုကြီး ( 2 ) စုနဲ့ ဆိုးယုတ်တဲ့အင်အားစုကြီး ( 31 ) ဖွဲ့လုံးကို ဖျက်ဆီးလိုက်တဲ့လူက ဘယ်သူလဲဆိုတာကို ကျွန်တော်သိနေတဲ့ပုံပဲ "
" ဘာလဲ အဲ့ဒီလူက ရဲ့ဟိုင်လို့တော့ မင်းငါ့ကိုပြောမှာ မဟုတ်ဘူးမလား "
ထိုစကားကို ပြောလိုက်သည့်အချိန်၌ လျန်ယီသည် သူ၏နှလုံးသားက လည်ချောင်းကနေ ထွက်လာတော့မည့်အလား ခုန်ပေါက်လာသည်။
ယီရှောင်းသက်ပြင်းချလိုက်ပြီး...
" မနေ့က ရဲ့ဟိုင်မထွက်ခွာခင် သူ ရန်ချီနယ်မြေထဲမှာရှိတဲ့ ဘယ်ဂိုဏ်းတွေက လူသတ်၊ မီးရှို့၊ ဓားပြတိုက်၊ မုဒိန်းကျင့်တဲ့ အလုပ်တွေလုပ်လဲဆိုတာကို ဆရာရှီကို မေးခဲ့တယ်တဲ့ "
ယီရှောင်း ထိုသို့ပြောပြီးသည်နှင့် တစ်ခဏရပ်တန့်လိုက်ပြီး အကုန်လုံးကိုကြည့်ကာ...
" ဆရာရှီက ရဲ့ဟိုင်ကို အဖွဲ့အစည်း ( 33 ) ခုအကြောင်း ရှင်းပြပေးခဲ့တယ် "
" ပြီးတော့ အခုပျက်စီးသွားခဲ့တဲ့ အဲ့ဒီအဖွဲ့အစည်း ( 31 ) ခုက ဆရာရှီ ရဲ့ဟိုင်ကိုပေးလိုက်တဲ့ စာရင်းထဲမှာပါနေတာပဲ "
ထိုစကားက လျန်ယီ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို တဆတ်ဆတ် တုန်ခါသွားစေ၏။
ရှန်ကျင်းဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများ အကုန်လုံးကလည်း စကားမပြောနိုင်အောင် ထိတ်လန့်တုန်လှုပ်နေကြသည်။
အင်အားစုများစွာကို တစ်ပြိုင်နက်တည်း ဖျက်ဆီးနိုင်သည့် စိတ်ကူးမယဥ်နိုင်သော စွမ်းအားပိုင်ရှင်က ဘယ်သူလဲဆိုတာကို သူတို့အချိန်ကြာကြီးတည်းက ဆွေးနွေးနေကြခြင်းဖြစ်၏။ အထူးသဖြင့် ထိုစွမ်းအားရှင်အုပ်စုက ရှန်ကျင်းဂိုဏ်းထက် အဆပေါင်းများစွာသာလွန်သည်ဆိုတာကို သူတို့ကောင်းကောင်းသိသည်။
ယီရှောင်းက ယခု ထိုစကားကို ပြောလာသည့်အချိန်၌ ၎င်းအင်အားစုမှာ ရဲ့ဟိုင်၏ ကျောထောက်နောက်ခံ အဖွဲ့အစည်းဖြစ်ကြောင်းကို သူတို့ကျိန်းသေယုံကြည်လိုက်လေ၏။
အတန်ကြာအောင် တုန်လှုပ်နေပြီးနောက် လျန်ယီ သက်ပြင်းချလိုက်ပြီး...
" ဆရာရှီက သူ့ကို အဖွဲ့အစည်း ( 33 ) ခုနာမည် ပြောလိုက်တာမလား အခု ( 31) ခုက ပျက်စီးသွားပြီဆိုတော့ နောက်ဆုံးကျန်တဲ့နှစ်ခုက ဘယ်သူတွေလဲ "
" အဲ့တာက သွေးဂိုဏ်းနဲ့ နတ်ဆိုးရုပ်သေးဂိုဏ်းပါ "
ယီရှောင်း လေးလံသော အမူအရာဖြင့် ပြောလိုက်သည်။
လူတိုင်း၏ မျက်နှာအမူအရာကလဲ ပြောင်းလဲသွားလေ၏။
" အဲ့ဒီဂိုဏ်းနှစ်ခုလုံးက အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူတွေ ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းမလား "
" ဒီဂိုဏ်းနှစ်ခုကို ကိုင်တွယ်ဖို့ဆိုတာက လုံးဝမလွယ်ကူတာ သေချာတယ် "
" မဟုတ်ဘူး အဲ့ဂိုဏ်းနှစ်ခုက ကိုင်တွယ်ဖို့မလွယ်ဘူးဆိုရင်တောင်မှ ရဲ့ဟိုင်ရဲ့ နောက်ကလူတွေက မကိုင်တွယ်နိုင်ဘူးလို့ မဆိုလိုဘူးလေ "
" ကြည့်ရတာ ငါတို့အားလုံး သွားကြည့်ဖို့ လိုအပ်လာပြီထင်တယ် "
" ဟုတ်တယ် သွေးဂိုဏ်းနဲ့ နတ်ဆိုးရုပ်သေးဂိုဏ်းတွေမှာ တပည့်တွေအများကြီးရှိတာလေ .. ရဲ့ဟိုင် နောက်ကွယ်ကအင်အားစုက အရမ်းသန်မာရင်တောင်မှ သူတို့အကုန်လုံးကို တစ်ပြိုင်နက်တည်း သတ်ဖြတ်နိုင်မှာမဟုတ်ဘူး "
" ပြီးတော့ ဒီဂိုဏ်းနှစ်ခုနဲ့ဆက်သွယ်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးပဲရှိသေးတယ်၊ သူတို့အကုန်လုံးကို လုံးလုံးလျားလျား ချေမှုန်းဖို့ဆိုရင် အခြားအင်အားစုတွေ ပူးပေါင်းပေးဖို့ လိုအပ်တဲ့ပုံပဲ "
ရှန်ကျင်းဂိုဏ်းမှ အကြီးအကဲများအားလုံး သူတို့၏ အကြံဉာဏ်များကို တစ်ယောက်တစ်ပေါက် ပြောလာသည့်အချိန်တွင် ထောက်လှမ်းရေးခန်းမမှ ဂူရှီက လူတိုင်းကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး...
" ငါ မင်းတို့ကို သတိမပေးဖူး မပြောနဲ့နော်၊ ရဲ့ဟိုင်နောက်ကွယ်ကအဖွဲ့အစည်းက သူတို့လုပ်နေတဲ့အလုပ်ကို အခြားလူတစ်ယောက် ဝင်နှောင့်ယှက်တာနဲ့ အဲ့ဒီလူကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တယ်တဲ့ "
ထိုစကားထွက်ပေါ်လာသည်နှင့် ရှန်ကျင်းဂိုဏ်းမှ တစ်ယောက်တစ်ပေါက် ပြောဆိုနေသော အကြီးအကဲများအားလုံး ပါးစပ်ချက်ချင်း ပိတ်သွားကြသည်။ တကယ်လဲသူတို့က စကားကို ခုနတုန်းက လှအောင်သာ ပြောနေကြခြင်းဖြစ်၏။ အတွေးထဲတွင်တော့ ဤအခွင့်အရေးကိုရယူပြီး အကျိုးအမြတ်များကိုသိမ်းပိုက်ရန် ကြိုးစားနေကြခြင်းပင်။
သို့သော် ဂူရှီ၏သတိပေးချက်အပြီးတွင်တော့ သူတို့အားလုံး ထိုစိတ်ကူးကို ဦးနှောက်ထဲကကော ခန္ဓာကိုယ်ကပါ ထာဝရအပြီးတိုင် စွန့်ထုတ်ပစ်လိုက်ကြလေသည်။
သူတစ်ပါး၏ ဝေစုကို သွား၍လုယူခြင်းဆိုသည်မှာ မဖြစ်နိုင်သည့်အရာတစ်ခု မဟုတ်သော်လည်း မိမိခွန်အားအပေါ်တွင် မူတည်သေး၏။
ရဲ့ဟိုင်၏ အဖွဲ့က ထိုဂိုဏ်းကြီးနှစ်ခုလုံးကို ဖျက်ဆီးပြီး ဆုံးရှုံးမှုများ ရှိသွားလျှင်ပင် ရှန်ကျင်းဂိုဏ်းက သူတို့နှင့် မယှဥ်နိုင်သေးချေ။
***