နတ်ဆိုးရုပ်သေးဂိုဏ်း...
လက်ရှိအချိန်တွင် ဤဂိုဏ်း၏ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးကို ပြုလုပ်နေကြသည်။
ရဲ့ဟိုင်က ဆိုးသွမ်းကာ ယုတ်မာသည့်ဂိုဏ်းများကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့သဖြင့် သူတို့ကိုလည်း လာတိုက်ခိုက်ရန်က ဖြစ်နိုင်ချေအရမ်းများလေ၏။
" အခု ငါတို့အားလုံး ထောက်လှမ်းရရှိထားတဲ့ အချက်အလက်တွေထဲကတစ်ခုက အထီးကျန်ဝံပုလွေဂိုဏ်းနဲ့ ယူလောင်ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ ရဲ့ဟိုင်ဆိုတာ ကျိုးမိသားစုမှာ အရင်က တစ်ခဏပေါ်လာဖူးတယ်တဲ့ "
နတ်ဆိုးရုပ်သေးဂိုဏ်း၏ အကြီးအကဲက လေးနက်သော အမူအရာဖြင့် အကုန်လုံးကိုကြည့်ကာပြောလိုက်သည်။
" ဟုတ်တယ် .. သူက ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) မှာဆိုပေမဲ့ အင်မော်တယ်သခင်အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားတယ်တဲ့၊ ဒီလိုပါရမီရှင်တစ်ယောက်က ကောင်းကင်နဲ့မြေကြီး ကောင်းချီးအားလုံးကို သိမ်းပိုက်ထားတဲ့လူဆိုတာ သေချာပဲ "
နတ်ဆိုးရုပ်သေးဂိုဏ်းခေါင်းဆောင် ကလဲ အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
သူသည် အခြားနယ်မြေများကို သွားရောက်လည်ပတ်ဖူးခဲ့ပြီး ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) ပါရမီရှင်အများအပြားကို မြင်တွေ့ခဲ့ဖူး၏။ သို့သော် ဤကဲ့သို့ သန်မာသော ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ကိုတော့ တစ်ခါမှမဖြင်ဖူးချေ။
" သူတို့က ကျွန်တော်တို့ကို ပစ်မှတ်ထားလာမှာ အသေအချာပဲ၊ သူ့ထက် သူ့ရဲ့နောက်က အဖွဲ့အစည်းအင်အားက ပိုပြီးကြောက်စရာကောင်းလွန်းတယ် "
အကြီးအကဲတစ်ယောက်ကလဲ လေးနက်သော အမူအရာဖြင့် ဝင်ပြောလိုက်သည်။
" ကြည့်ရတာ ငါတို့ သွေးဂိုဏ်းနဲ့ခဏ မဟာမိတ်ဖွဲ့ဖို့ လိုတဲ့ပုံပဲ "
အခြားအကြီးအကဲတစ်ယောက်ကလဲ ထပ်လောင်းကာ ပြောလိုက်၏။
ထိုသို့ အကုန်လုံးက မျက်နှာပျက်ယွင်းစွာ ဆွေးနွေးနေကြသည့်အချိန်၌ အကြီးအကဲတစ်ဦးက အလျင်အမြန် ပြေးဝင်လာလေသည်။
" ဂိုဏ်းချုပ် တစ်ခုတော့ ဆိုးဆိုးဝါးဝါးဖြစ်နေပြီ "
ထိုစကားက နတ်ဆိုးရုပ်သေးဂိုဏ်းခေါင်းဆောင်၏ မျက်နှာအမူအရာကို ပျက်ယွင်းသွားစေ၏။
" ဘာတွေဖြစ်နေတာလဲ "
" ဂိုဏ်းချုပ် ကျနော်တို့ နတ်ဆိုးရုပ်သေးဂိုဏ်းရဲ့ လက်အောက်ခံ ဂိုဏ်းကိုးခုလုံး တိုက်ခိုက်ခံရလို့ ကျသွားပါပြီ။ အခု သူတို့က မီးပင်လယ် အဖြစ်ပဲကျန်တော့ပါတယ် "
ထိုစကားက ခန်းမထဲရှိ ခေါင်းဆောင်နှင့် အကြီးကဲများ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားစေသည်။
လက်အောက်ခံ ဂိုဏ်းကိုးခုလုံးသည် နတ်ဆိုး ရုပ်သေးဂိုဏ်းကို ဝိုင်းရံထားခြင်းပင်။ ရှန်ကျင်းဂိုဏ်းတောင်မှ သူတို့စီ သတင်းမရောက်နိုင်ခင် ယခုလို တခဏချင်း ဂိုဏ်းကိုးခုလုံးအား ဖယ်ရှားရန် မဖြစ်နိုင်ဘူးဖြစ်၏။
နတ်ဆိုးရုပ်သေးဂိုဏ်း ခေါင်းဆောင်နှင့် အကြီးကဲများ ထိတ်လန့်တုန်လှုပ်နေချိန် ပြင်းထန်သောပေါက်ကွဲသံကြီးကို ကြားလိုက်ကြရသည်။ ထိုပေါက်ကွဲသံက နတ်ဆိုးရုပ်သေးဂိုဏ်း၏ ဂိုဏ်းအကာကွယ်အစီရင် ပြိုကျသွားခြင်းပင်။ ထို့နောက် နာကျင်စွာ အော်ဟစ်သံများ နေရာအနှံ့မှ ထွက်ပေါ်လာတော့၏။
နတ်ဆိုးရုပ်သေးဂိုဏ်း ခေါင်းဆောင်နှင့် ကျန်အကြီးကဲများ ချက်ချင်း ခန်းမထဲမှ ပြေးထွက်လာသောအခါ အပြင်တွင် သွေးချောင်းစီးနေသော လူသတ်ပွဲက သူတို့ကို စောင့်ကြိုနေလေသည်။
လူအယောက် 20 သည် သူတို့ နတ်ဆိုးရုပ်သေးဂိုဏ်းမှ လူများကို ရက်ရက်စက်စက်ပင် သတ်ဖြတ်နေကြ၏။
နတ်ဆိုးရုပ်သေးဂိုဏ်း သားများအကုန်လုံး မိမိတို့ပိုင်ဆိုင်ကြသည့် အစွမ်းထက် ရုပ်သေးများကို ဆင့်ခေါ်ခုခံနေကြသော်လဲ ရုပ်သေးများ မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ ထိုအယောက် 20 ကို တားနိုင်စွမ်းမရှိကြချေ။
အဓိက အချက်ကတော့ ထိုအယောက် 20 မှာ အရမ်းမြန်လွန်းနေသောကြောင့်ဖြစ်၏။
သူတို့ရဲ့ ပုံရိပ်တွေ တဖျပ်ဖျပ်လှုပ်ရှားသွားတိုင်း နတ်ဆိုးရုပ်သေးဂိုဏ်းသား အများအပြား သေဆုံးသွားခဲ့သည်။
ကောင်းကင်ထက်တွင်လဲ လူ 10 ယောက်က လေဟာနယ်ကို ထိန်းချုပ်ကာ နတ်ဆိုးရုပ်သေးဂိုဏ်းတစ်ခုလုံးကို ချိတ်ပိတ်ထားလေ၏။
" သူတို့က ငါတို့အားလုံးကို ချောင်ပိတ်ပြီး မျိုးဖြုတ်ချင်နေတာလား "
နတ်ဆိုးရုပ်သေးဂိုဏ်း ခေါင်းဆောင်နှင့် အကြီးကဲများ ထိုမြင်ကွင်းကို ကြည့်ရင်း လုံးဝကို တုန်လှုပ် အံ့ဩနေကြသည်။
" မင်းတို့ ဒီမှာ ထိန်းထား .. ငါ အခုပဲ သွားပြီးတော့ ဘိုးဘေးကို ဆင့်ခေါ်လိုက်မယ် "
နတ်ဆိုးရုပ်သေးဂိုဏ်း၏ ခေါင်းဆောင် ချက်ချင်းပင် ဂိုဏ်း၏ တားမြစ်နယ်မြေဆီသို့ အလျှင်မြန် ဒုန်းစိုင်းပြေးလေ၏။
တားမြစ်နယ်မြေသို့ရောက်သောအခါ သူသည် အသိပေးမနေတော့ပဲ လက်ဟန်ချိတ်စည်းတစ်မျိုး ပြုလုပ်၍ ရှေးဟောင်းတံခါးကြီးကို တွန်းဖွင့်လိုက်သည်။ ထို့နောက် သူအထဲ ဝင်လိုက်သည်နှင့် အဘိုးကြီးတစ်ယောက်၏ ဒေါသတကြီးအော်သံကို ကြားလိုက်ရလေ၏။
" ခွေးမသား .. မင်းက ငါ့ကို ခွင့်မတောင်းပဲ ဝင်လာရဲတယ်ပေါ့ "
“ ဘိုးဘေး .. ဂိုဏ်းက တိုက်ခိုက်ခံနေရပါပြီ ”
နတ်ဆိုးရုပ်သေးဂိုဏ်း ခေါင်းဆောင် ကမန်းကတန်း ပြောလိုက်၏။
" ဂိုဏ်းအကာကွယ် အစီရင်က ဘယ်လို အခြေနေရှိလဲ "
နတ်ဆိုးရုပ်သေးဂိုဏ်း ဘိုးဘေး တည်တည်ငြိမ်ငြိမ် မေးလိုက်လေသည်။ ဂိုဏ်းက တိုက်ခံနေရသော်လဲ သူသိပ်စိုးရိမ်ခြင်းမရှိပေ။ ဂိုဏ်းအကာကွယ် အစီရင်ကို မည်သူမှ အလွယ်မဖျက်စီးနိုင်ဘူးဖြစ်၏။
သို့သော် ….
" ဘိုးဘေး ဂိုဏ်း အစီရင်ပျက်စီးသွားပါပြီ "
ထိုစကားကြားသောအခါ တည်ငြိမ်နေသော အဘိုးအို ဝုန်းခနဲ မတ်တပ်ထရပ်လိုက်လေ၏။
ထို့နောက် သူဘောင်းဘီ ချက်ချင်းဝတ်လိုက်ကာ …
" ဂိုဏ်းအစီရင်ကို မြန်မြန်ဖျက်စီးနိုင်တယ်ဆိုတော့ သူတို့သေချာပြင်ဆင်လာတဲ့ ပုံပဲ၊ ဘယ်သူတွေက မျက်စိကန်းပြီး ဂိုဏ်းကို လာတိုက်ခိုက်တာလဲဆိုတာ ကြည့်ရသေးတာပေါ့ "
စကားဆုံးသည်နှင့် အဘိုးအိုမှာ အင်္ကျီကိုတောင် မ၀တ်ဘဲ လေဟာနယ်ကို ဆုတ်ဖြဲပြီး နတ်ဆိုး ရုပ်သေးဂိုဏ်း၏ ကောင်းကင်ထက်တွင် ထွက်ပေါ်လာလေသည်။
အဘိုးအိုမှာ ပေါ်လာသည်နှင့် လေဟာနယ်ကို ချိတ်ပိတ်ထားသော မျက်နှာဖုံးစွပ် လူဆယ်ယောက်ကို တန်းသတိပြုမိလိုက်လေ၏။
***