“ ချီးပဲ “
အဘိုးအို၏ မျက်နှာက အကြီးကျယ် ပျက်ယွင်းသွားသည်။
" အင်မော်တယ် အရှင်အဆင့်တွေ "
အင်မော်တယ်အရှင်များ သာလျှင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဝါကို ထုတ်ဖော်နိုင်ပေမည်။
ချက်ချင်းပင် အဖိုးအို နတ်ဆိုးရုပ်သေးဂိုဏ်း၏ တပည့်များကို အဆက်မပြတ်သတ်နေသော မျက်နှာဖုံးစွပ် လူသတ်သမားများဆီသို့ လှည့်ကြည့်လိုက်၏။
ထိုမြင်ကွင်းက သူ့စိတ်ကို ပို၍ပင် လေးလံသွားစေလေသည်။
“ အားလုံးပေါင်း အင်မော်တယ် အရှင် အယောက်သုံးဆယ် ”
အဖိုးအို အနောက်ကနေလိုက်လာပြီး အနားရောက်လာသော နတ်ဆိုးရုပ်သေးဂိုဏ်း ခေါင်းဆောင်ကို ဒေါသတကြီးကြည့်ကာ …
" ခွေးကောင် .. မင်း အင်မော်တယ် အရှင် အယောက်သုံးဆယ်တောင် လာတိုက်ခိုက်တဲ့အထိ ကောင်းကင်နဲ့မြေကြီးကို ဘယ်လို ဒေါသထွက်စေတဲ့ လုပ်ရပ်မျိုးလုပ်ခဲ့လဲ ဆိုတာ ငါ့ကိုပြောစမ်း "
ဒါက မည်ကဲ့သို့သော လူစာရင်းဖြစ်သနည်း။
အင်မော်တယ် အရှင် အဆင့် အုပ်စုလိုက်ကြီးပင်။
တစ်ဖက်တွင် ယခုမှ ရောက်လာသော နတ်ဆိုးရုပ်သေးဂိုဏ်း ခေါင်းဆောင် ထိုမေးခွန်းကြောင့် ထိတ်လန့်ကာ မျက်လုံးပြူးသွား၏။
အင်မော်တယ် အရှင် အယောက်သုံးဆယ် ဟုတ်လား။
သို့သော် သူဘာမှပြန်မပြောနိုင်ခင် လူငယ်တစ်ယောက် ရုတ်တရက် လေထဲတွင် ပေါ်လာသည်။
ထိုလူငယ်သည် အဘိုးအိုအား တည်ငြိမ်စွာဖြင့် ကြည့်ကာ …
" ခင်ဗျားက နတ်ဆိုးရုပ်သေးဂိုဏ်းရဲ့ ဘိုးဘေးလား "
ရန်ချီနယ်မြေထဲရှိ အဖွဲ့ စည်းတိုင်းသည် ရဲ့ဟိုင်က လက်ရှိ အင်အားနှင့်တောင် နတ်ဆိုးရုပ်သေးဂိုဏ်းကို အလွယ်တကူ တိုက်ခိုက်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြလေသည်။ သို့သော် လက်တွေ့တွင် ရဲ့ဟိုင်၏ ကိုယ်ပွားများသည် မကောင်းသော အင်အားစုများကို ဖယ်ရှားပြီးနောက် နတ်ဆိုးရုပ်သေးဂိုဏ်းသို့ ဦးတည်လာခဲ့ကြလေ၏။
အတိကျပြောရလျှင် ရဲ့ဟိုင်၏ ကိုယ်ပွားများသည် မကောင်းသော အင်အားစုများကို ဖယ်ရှားချိန်က ခြောက်နာရီသာ ကြာခဲ့သည်။
ထို့ကြောင့် ရဲ့ဟိုင်သည် နတ်ဆိုးရုပ်သေးဂိုဏ်းနှင့် သွေးဂိုဏ်းကို တစ်ရှိန်ထိုး ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
လက်ရှိ အသုံးပြုထားသော လူသုံးဆယ်က မြင်နေရသော အင်အားသာဖြစ်၏။
နောက်ထပ် ကိုယ်ပွား ဆယ်ဦးမှာ လွတ်မြောက်ရန် ကြိုးပမ်းလာမည့် သူတွေကို တိတ်တဆိတ် သတ်ဖြတ်ရန် အပြင်တွင် စောင့်ဆိုင်းနေပြီး နောက်ထပ် ကိုယ်ပွားဆယ်ဦးကိုလဲ ကြိုတင်ကာကွယ်မှုအဖြစ် မဝေးလှသော လေဟာနယ်ထဲတွင် ဝှက်ထားခဲ့သည်။
ကျန် ကိုယ်ပွား လေးဆယ့်ကိုးကောင်ကတော့ သွေးဂိုဏ်းကို တိတ်တဆိတ် ဝိုင်းရံထားပြီး တိုက်ခိုက်ခြင်းတော့ မရှိသေးပေ။
နောက်ဆုံးတွင် ရဲ့ဟိုင်သည် သွေးဂိုဏ်း၏ ဘိုးဘေး ကျင့်ကြံဆင့်ကို သေချာမသိသေးပေ။ ကိုပွား လေးဆယ့်ကိုးကောင်ထဲနဲ့ သူမလှုပ်ရှားခိုင်းရဲဘူးဖြစ်၏။
အဘိုးအို ရဲ့ဟိုင်ကို သံသယများဖြင့် ကြည့်ကာ …
" မင်းက ဘယ်သူလဲ "
" ငါက မင်းတို့ နတ်ဆိုးရုပ်သေးဂိုဏ်းကို ဖျက်စီးဖို့ရောက်လာသူလို့ သိထားရင်ရပြီ “
ထိုစကားက အဘိုးအို၏ မျက်နှာကို တည်ကြည်လေးနက်သွားစေသည်။ ဒါဆို အင်မော်တယ်အရှင် အုပ်စုနဲ့ ဒီကောင်လေးက အတူတူပဲပေါ့။ ထို့ပြင် ဒီကောင်လေးက လက်ရှိအဖွဲ့၏ အမိန့်ပေးသူလဲ ဖြစ်ပုံရလေသည်။
အဘိုးအို သက်ပြင်းချလိုက်ပြီး …
" မင်းဘာကြောင့် နတ်ဆိုးရုပ်သေးဂိုဏ်းကို တိုက်ခိုက်လဲ ငါမသိပေမဲ့ .. တစ်ယောက်နဲ့ တစ်ယောက်ကြား ညှိနှိုင်းဖို့ နေရာရှိအုံးမယ်လို့ ငါယုံကြည်တယ်"
" မရှိဘူး "
ရဲ့ဟိုင် ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
" မင်းလိုခြင်တဲ့ အခြေနေသာ ပြောလိုက်၊ ငါတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေးမယ် "
အဘိုးအို လက်မလျော့သေးပဲ အကောင်းဆုံးကြိုးစားကာ ထပ်ပြောလိုက်၏။
ရဲ့ဟိုင် ပြုံးလိုက်ပြီး …
" ငါလိုခြင်တဲ့ အခြေအနေက မင်းရဲ့ ရုပ်သေးနတ်ဆိုးဂိုဏ်း လုံးဝ ပျက်ဆီးသွားဖို့ပဲလေ၊ ဘယ်လိုလဲ လုပ်ပေးနိုင်လား "
" ဟမ့် .. ကောင်လေး အဲဒါကို မင်း စဉ်းတောင် မစဉ်းစားနဲ့။"
စကားဆုံးသည်နှင့် အဘိုးအို ရုတ်တရက် ပျောက်ကွယ်သွားပြီး ရဲ့ဟိုင်ရှေ့တွင် ပြန်ပေါ်လာကာ လျှပ်စီးလက်သလို အရှိန်ဖြင့် လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
အဘိုးအိုသည် ရဲ့ဟိုင်ကို သတ်ရန် ရည်ရွယ်ချက်မရှိပေ။
သူသာ ရဲ့ဟိုင်ကို အမှန်တကယ် သတ်ခဲ့လျှင် အင်မော်တယ်အရှင် အယောက် 30 က သူ့ကို တစ်စဆီပြန်လုပ်မှာ သေချာ၏။
သို့သော် သူ့လက်က ရဲ့ဟိုင် လည်ပင်းကို ဆုပ်ကိုင်ခါနီးတွင် ရဲ့ဟိုင်၏ လက်သီးက သူ့လက်ဆီကို တိုက်ရိုက်တိုးဝင်လာသည်။
ဝုန်းခနဲ ပေါက်ကွဲသံနှင့် အတူ လက်နှစ်ဖက် ထိပ်တိုက်တွေ့မှုအောက်တွင် အဘိုးအိုလက်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး နောက်ဆုတ်သွားရလေ၏။
အဘိုးအို၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အကြည့်များဖြစ်ပေါ်လာသည်။
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
အဘိုးကြီး လက်မခံနိုင်စွာဖြင့် အော်ဟစ်လိုက်၏။
ထိုကောင်လေးက ကျောက်စိမ်းအင်မော်တယ် အဆင့်တွင်သာ ရှိနေမှန်း ထင်ရှားလှသည်။ ထို့ကြောင့်လဲ သူက အလစ်ဖမ်းရန်ကြိုးစားခဲ့ခြင်ပင်။
ယခုတော့ …
အဘိုးကြီး တွေဝေတုန့်ဆိုင်းခြင်းမရှိ သူ၏ သန်မာလှသော နတ်အသိစိတ်က နတ်ဓားအဖြစ်သို့ ပြောင်းလဲသွားကာ ရဲ့ဟိုင်ဆီသို့ ခုတ်ပိုင်းချလိုက်သည်။
အင်မော်တယ်အရှင်အဆင့်တွင် ကြောက်စရာအကောင်းဆုံး စွမ်းအားက နတ်ဝိညာဉ် စွမ်းအားဟုဆိုရပေမည်။
သို့သော် အဘိုးအိုကို ထိတ်လန့်သွားစေသည်မှာ သူ၏ နတ်ဝိညာဉ်ဓားက ရဲ့ဟိုင်၏ မျက်ခုံးနှစ်ခု အလယ် တစ်လက်မ အလိုတွင် တစ်နေပြီး ရှေ့ဆက် မတိုးနိုင်တော့ချေ။
“ ရုပ်ခန္ဓာက အင်မော်တယ် အရှင်အဆင့် ”
ထိုအချက်ကို သိလိုက်သည်နှင့် အဖိုးအို၏ တုန်လှုပ်ခြောက်ခြားမှုက ပိုတိုးလာလေ၏။ ကျောက်စိမ်းအင်မော်တယ်အဆင့်နှင့် အင်မော်တယ်အရှင် ခန္ဓာကို ပိုင်ဆိုင်ထားခြင်း .. သူတွေ့နေရသည်က မည်ကဲ့သို့ မကောင်းဆိုးဝါးကောင်ဖြစ်သနည်း။
" အင်မော်တယ် အရှင် ပထမအဆင့် "
ရဲ့ဟိုင်ကလဲ အဘိုးအို၏ အဆင့်ကို သိသွားလျှင် ဖျတ်ခနဲ ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်က လေဟာနယ်ထဲဝင်ရောက်သွားကာ ပြန်ပေါ်လာချိန်တွင် အဘိုးအိုကို လက်သီးဖြင့် တိုက်ရိုက်ထိုးချလိုက်သည်။
ထိုအဘိုးအို၏ အဆင့်က သူကိုင်တွယ်နိုင်သော အဆင့်ဖြစ်သဖြင့် ဘာမှ သတိထားနေစရာ မလိုတော့ချေ။ စိတ်ကြိုက်တိုက်ခိုက် နိုင်လေပြီ။
အဘိုးအို အသည်းသန်ခုခံလိုက်သော်လဲ လက်သီးတွင်ပါလာသော ကြောက်စရာစွမ်းအားကြောင့် ဖူးခနဲ ပါးစပ်မှ သွေးအန်ထွက်သွားလေ၏။
ရဲ့ဟိုင် ၎င်း အခြေအနေကို အခွင့်ကောင်းယူပြီး ဆက်တိုက် ထိုးချလိုက်သည်။
လက်သီး သုံးချက်ထိုးပြီးနောက် အဘိုးအိုမှာ ဒဏ်ရာပြင်းထန်စွာရရှိနေပြီဖြစ်ပြီး တစ်ကိုယ်လုံးသွေးရွဲနေပြီဖြစ်၏။
" မင်းက ငါ့ကို ဒီလိုဖြစ်အောင် တွန်းအားပေးတာပဲ .. ငါဘယ်လောက်ပေးဆပ်ပါရစေ မင်းတို့သေရမယ် "
ရဲ့ဟိုင်၏ စတုတ္ထမြောက်လက်သီးချက် နီးကပ်လာချိန်တွင် အဘိုးအို အံကြိတ်ကာ ရုပ်သေး တစ်ရုပ်ကို ဆင့်ခေါ်လိုက်လေသည်။
“ ဝုန်း “
ထိုရုပ်သေး ထွက်ပေါ်လာသည်နှင့် ရှေးဟောင်း ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက ပေါက်ကွဲထွက်လာ၏။ ထို့နောက် ၎င်း အငွေ့အသက်များက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသောအခါ ရဲ့ဟိုင်၏ မျက်နှာတွင်တောင် တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့လေသည်။
" ဒါက ဘယ်လို ရုပ်သေး မျိုးလဲ "
ရဲ့ဟိုင် အံ့အားသင့်စွာ အော်မေးလိုက်၏။
" ဟမ့် .. ဒါက အင်မော်တယ် ဘုရင်အဆင့် ရုပ်သေးပဲ .. ဒီနေ့ မင်းကော မင်းလူတွေပါ တစ်ယောက်မှ မလွတ်စေရဘူး "
အဘိုးအို ရဲ့ဟိုင်ကို အေးစက်စွာ ကြည့်ပြီးပြောလိုက်သော်လဲ သူ၏ မျက်နှာက နာကျင်မှုကြောင့်ရှုံ့မဲ့နေခဲ့သည်။ ကြည့်ရတာ ဤရုပ်သေးကို ထိန်းချုပ်ဖို့က သူ့အတွက်လဲ တော်တော်လေး မလွယ်ကူတာ သိသာထင်းရှားလှလေ၏။
***