နတ်ဆိုးရုပ်သေးဂိုဏ်း၏ ဘိုးဘေးပြောစကားအောက်တွင် ရဲ့ဟိုင်၏ နှလုံးခုန်သံက တဆတ်ဆတ်ဖြင့် မြန်သွား၏။
" အင်မော်တယ်ဘုရင်အဆင့် "
အလုံးစုံသော အရာအားလုံးကို ကြီးစိုးသည့် ပုဂ္ဂိုလ်များ...
သေဆုံးသွားသော အင်မော်တယ်ဘုရင်အဆင့် ဖြစ်နေလျှင်တောင်မှ ဤအရာက အင်မော်တယ်အရှင်များကို ခွေးလိုကြွက်လိုသတ်ဖြတ်နိုင်စွမ်း ရှိနေသေးသည်။
ရဲ့ဟိုင်သည် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အကြွင်းအကျန်က မည်မျှသန်မာသည်ဆိုတာကို သူသာ ကောင်းကောင်းသိလေ၏။
နတ်ဆိုးရုပ်သေးဂိုဏ်းဘိုးဘေး ပိုင်ဆိုင်ထားသည့် အင်မော်တယ်ဘုရင်အဆင့်ရုပ်သေးမှာ အရပ်အမောင်းကောင်းသော တည်ကြည်ခန့်ညားသည့် သက်လတ်ပိုင်းအရွယ်လူဖြစ်သည်။ ဆိုးသည်မှာ သူ၏နှလုံးသားတွင် ဟောင်းလောင်းပေါက်ဒဏ်ရာတစ်ခုက ရှိနေ၏။
သို့သော် နှစ်ပေါင်းများစွာ သေဆုံးပြီးသွားပြီ ဖြစ်နေတာတောင်မှ သူ၏အမူအရာက လုံးဝကိုကြီးစိုးမှုများ ပြည့်နှက်နေဆဲပင်။
သူက ထိုနေရာတွင် မတ်တပ်ရပ်နေရုံဖြင့် ရဲ့ဟိုင်အား ဦးညွှတ်ကိုးကွယ်လိုစိတ် ဖြစ်ပေါ်စေသည်။
နတ်ဆိုးရုပ်သေးဂိုဏ်းဘိုးဘေး လက်ဟန်နည်းစနစ်တစ်မျိုးကိုပြုလုပ်လိုက်လျှင် ချက်ချင်းပင် အင်မော်တယ်ဘုရင်အဆင့် သက်လတ်ပိုင်းအရွယ်လူ၏ လက်က မြှောက်လာပြီး ရဲ့ဟိုင်ကို ဖမ်းဆုပ်လာ၏။
ထိုလက်တစ်ဖက်၏ ဖမ်းဆုပ်မှုအောက်တွင် ရဲ့ဟိုင်၏ တစ်ကိုယ်လုံးက တောင့်တင်းကာ လှုပ်ရတော့ချေ။
ရဲ့ဟိုင်၏ မျက်လုံးထဲတွင်ရှိသော ရုန်းကန်လိုမှုများက ထိုလက်တစ်ဖက်၏ ဆန့်ထုတ်မှုအောက်တွင် ပျက်စီးသွားသည်။ သူက တဝုန်းဝုန်းဖြင့် မုန်တိုင်းထန်နေသော ပင်လယ်လှိုင်းလုံးထဲတွင် လွင့်မျောနေသည့် သစ်သီးလေးတစ်လုံးဟု ကိုယ့်ကိုယ်ကိုယ် ခံစားလာရ၏။
သူလုံးဝမလှုပ်ရဲပေ။
မဟုတ်ချေ။ မလှုပ်နိုင်ခြင်းဖြစ်သည်။
" ဝေါ့ "
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်လူက ရဲ့ဟိုင်၏ခန္ဓာကိုယ်ကို မဖမ်းဆုပ်နိုင်မီ ရဲ့ဟိုင် ပါးစပ်မှ သွေးများအန်ထွက်သွား၏။
ဤအရာက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဖိအားပင်ဖြစ်သည်။
အဝေးကနေတောင်မှ တောင့်ခံနိုင်စွမ်းမရှိပေ။
သူ ဤနေ့ သေကို သေတော့မည်လား။
ရဲ့ဟိုင်သည် သေခြင်းကိုလုံးဝ ဂရုမစိုက်ချေ။ သို့သော် ပြဿနာက မည်သူမှ လွယ်လွယ်နှင့် မသေချင်ကြဘူးဖြစ်၏။
ဤသို့ဖြင့် သက်လတ်ပိုင်းအရွယ် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ၏ လက်က သူ့ကိုဖမ်းဆုပ်ကိုင်သည်နှင့် ရဲ့ဟိုင်၏ စိတ်ထဲ၌ အတွေးတစ်ခုက ဝင်လာသည်။
" နတ်ဘုရားခန္ဓာကိုယ် "
သူ၏ နတ်ဘုရားခန္ဓာကိုယ်တွင် အကျိုးကျေးဇူး နှစ်မျိုးရှိ၏။
ပထမတစ်ခုက မသေနိုင်ခြင်းဖြစ်ပြီး .. ဒုတိယတစ်ခုက နတ်ဘုရားအလင်းဖြစ်သည်။
နတ်ဘုရားအလင်းသည် မကောင်းမှုမှန်သမျှကို ရှင်းထုတ်နိုင်စွမ်းရှိ၏။ ရုပ်သေးရုပ်ဆိုသည်မှာလည်း မကောင်းမှု၏ သင်္ကေတတစ်ခုပင်။
ထိုအတွေးများနှင့်အတူ ရဲ့ဟိုင် သူ၏ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအလင်းတန်းကို တိုက်ရိုက်ပင် ထုတ်လွှတ်လိုက်သည်။ ထိုနတ်ဘုရားအလင်းက ချက်ချင်းပင် သက်လတ်ပိုင်းအရွယ် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။
" ထောက် "
နတ်ဘုရားအလင်းက သက်လတ်ပိုင်းအရွယ် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်နှင့် သူ့ကိုထိန်းချုပ်ထားသော မမြင်နိုင်သည့် ကြိုးတစ်ချောင်းက ပြတ်တောက်သွားသံကို ရဲ့ဟိုင်နားနှင့်ဆက်ဆက် ကြားလိုက်ရသည်။
ထိုကြိုးပြတ်တောက်သွားသည်နှင့် သက်လတ်ပိုင်းအရွယ်လူ၏ လက်က ရဲ့ဟိုင်၏ ဦးခေါင်းအနားသို့ ရောက်ခါနီးတွင် ရပ်တန့်သွား၏။
တစ်ဖက်တွင် နတ်ဆိုးရုပ်သေး ဘိုးဘေး၏ မျက်လုံးထဲ၌ ထိတ်လန့်မှုနှင့် ကြောက်လန့်မှုများက ဖြစ်ပေါ်လာသည်။
" ဒါ .. ဒါ .. ဒါက ဘယ်လိုမှော်စွမ်းအားလဲ "
ရဲ့ဟိုင်လှောင်ပြုံးပြုံးပြီး ချက်ချင်းပင် လှုပ်ရှားလိုက်ကာ ထိုအဘိုးအိုဆီသို့ ပြေးဝင်သွား၏။
ရဲ့ဟိုင်က သူ့ဆီပြေးလာသည်ကို မြင်သည်နှင့် အဘိုးအိုကလဲ အလျင်စလို အနောက်သို့ ဆုတ်သည်။
ရဲ့ဟိုင် နောက်ဆုတ်သွားသော အဘိုးအိုကို လျစ်လျူရှုထားပြီး ချက်ချင်းပင် သက်လတ်ပိုင်းအရွယ်လူ၏ ပတ်ပတ်လည်ကို နတ်ဘုရားအလင်းတန်းဖြင့် အဆက်မပြတ် ဖြန့်ကျက်ကာ ဖုံးအုပ်ပစ်လိုက်၏။
ရဲ့ဟိုင်သည် ထိုအဘိုးအို နောက်ဆုတ်သွားရန်သာ အယောင်ပြတိုက်ခိုက်ရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။ သူတကယ်လုပ်ချင်သည်က သက်လတ်ပိုင်းအရွယ်လူ၏ ခန္ဓာကိုယ်ကို သာမက ပတ်ပတ်လည်ကိုလည်း နတ်ဘုရားအလင်းဖြင့် အပြည့်အဝ ဖုံးအုပ်လိုခြင်းပင်။
နတ်ဆိုးရုပ်သေးဂိုဏ်း၏ ဘိုးဘေး လွတ်မြောက်သွားမည်ကိုတော့ သူလုံးဝ စိတ်မပူဘူးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ကိုယ်ပွားများက ရှိုးပြသက်သက်မဟုတ်ချေ။
ရဲ့ဟိုင် ဤကဲ့သို့ နတ်ဘုရားအလင်းနှင့် ဖုံးအုပ်ပြီးသည်နှင့် တစ်ပြိုင်နက် သက်လတ်ပိုင်းအရွယ်လူ အမျိုးသား၏ မျက်လုံးထဲတွင် အလင်းတန်းတချို့က ဖြစ်ပေါ်လာသည်။ ထို့နောက် အလွန်ကြောက်စရာကောင်းသည့် ဝိညာဥ်စွမ်းအားလှိုင်းလုံးတစ်ခုက သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။
ရဲ့ဟိုင်၏ လက်ရှိ ခန္ဓာကိုယ်သည် အင်မော်တယ်အရှင်အဆင့်တွင် တော်တော်လေးကို အဆင့်မြင့်သည့် အနေအထားကို ရောက်ရှိနေပြီဖြစ်သော်လည်း ထိုစွမ်းအားလှိုင်းလုံးကို တောင့်ခံနိုင်ခြင်းမရှိပေ။
ဖုန်းခနဲ ရဲ့ဟိုင်လွင့်ထွက်သွားသည့် အချိန်၌ အကန့်အသတ်မဲ့သော ဖိအားပြည့်နှက်နေသည့် အကြည့်တစ်ချက်က သူ့အပေါ်ကျရောက်လာသည်။
ထိုအကြည့်တစ်ချက်အောက်တွင် ရဲ့ဟိုင် သူ၏တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထသွားပြီး ဆံပင်များမတ်ထောင်သွားကာ ကြောက်ရွံ့မှုက နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာ၏။
" မင်းက ငါ့ကို နှိုးခဲ့တာလား "
" ဟုတ်ပါတယ် "
ရဲ့ဟိုင် တလေးတစားပင် ဦးညွှတ်လိုက်သည်။
သက်လတ်ပိုင်းအရွယ်လူ ခေါင်းညိတ်လိုက်ပြီး နတ်ဆိုးရုပ်သေးဂိုဏ်းမှ ဘိုးဘေးကို အေးစက်စက်လှမ်းကြည့်ကာ...
" အဲ့ဒီတုန်းကငါသာ ဒဏ်ရာအပြင်းအထန် ရရှိပြီးတော့ ဝိညာဥ်အကြွင်းအကျန်က အားနည်းမနေခဲ့ရင် မင်းလိုသောက်ပုရွက်ဆိတ်ကောင်က ငါ့ကိုထိန်းချုပ်နိုင်မယ်ထင်လား "
စကားဆုံးသည်နှင့် သက်လတ်ပိုင်းအရွယ်လူ၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဥ်ပင်လယ်ထဲတွင်ရှိသော အနက်ရောင်ကဗျည်းပြားတစ်ခုက အဖြူရောင်မီးတောက်များဖြင့် တောက်လောင်သွား၏။ ထိုအဖြူရောင်မီးတောက်များက ဝိညာဥ်မီးတောက်များဖြစ်သည်။
ထိုအနက်ရောင်ကဗျည်းပြားကို ဝိညာဥ်မီးတောက်များ လောင်ကျွမ်းသွားသည်နှင့် အဘိုးအိုက နာကျင်စွာ အော်ဟစ်လိုက်ရပြီး ဒွါရဝခုနစ်ပေါက်မှ သွေးမဲများ စီးကျလာလေ၏။
အင်မော်တယ်ဘုရင်အဆင့်များဆိုသည်မှာ သေဆုံးပြီးသားသူ ဖြစ်နေလျှင်ပင် မည်သူမဆို သွားပြီးတော့ ဟာသလုပ်လို့ရသည့်အရာတစ်ခု မဟုတ်ချေ။
နတ်ဆိုးရုပ်သေးဂိုဏ်း၏ ဘိုးဘေးသည်လည်း သူ၏ဘိုးဘေးစဥ်ဆက် ပိုင်ဆိုင်လာသော ရုပ်သေးထိန်းချုပ်ခြင်းကဗျည်းပြားကို မပိုင်ဆိုင်ထားပါက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ရုပ်သေးအဖြစ် ပြုလုပ်ရဲမည် မဟုတ်ဘူးဖြစ်သည်။
သို့သော် ယခုတော့ သူက ၎င်းလုပ်ရပ်အတွက် အကျိုးဆက်ကို ပြန်ပေးဆပ်နေရချေပြီ။
အနက်ရောင်ကဗျည်းပြားသည် သူ၏စိတ်ဝိညာဥ်နှင့် ဆက်စပ်နေခြင်းဖြစ်ပြီး ယခုဝိညာဥ်မီးတောက်များဖြင့် လောင်ကျွမ်းခံရသောအခါ အဘိုးအို၏ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်ကလဲ လောင်ကျွမ်းမှုအောက်တွင် နာကျင်မှုအား အသည်းခိုက်မတတ် ခံစားနေရ၏။
" အင်မော်တယ်ဘုရင်အဆင့်တွေကို စော်ကားရဲတာက သေဒဏ်ကလွဲလို့ အခြားဘာပြစ်ဒဏ်မှမရှိဘူး "
သက်လတ်ပိုင်းအရွယ်လူ ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက် မှောင်မဲသွားသည်။ နေနှင့်လက ထိုအမှောင်ထုထဲတွင် နစ်မြုပ်သွားပြီး ပျောက်ကွယ်သွား၏။ ကောင်းကင်နှင့်မြေကြီးက ပြောင်းပြန်ဖြစ်သွားပြီး ယင်နှင့်ယန်ကလဲ ဖရိုဖရဲဖြစ်ကာ ဓာတ်ကြီးငါးပါးက ရောထွေးသွားသည်။
ထိုသို့ဖြစ်သွားသည်မှာ အချိန်တစ်စက္ကန့်လောက်လေးသာဖြစ်သော်လည်း ရဲ့ဟိုင်မှာ ငရဲကို အခေါက်တစ်ထောင်ခန့်ရောက်သွားသလို ခံစားလိုက်ရ၏။ တစ်အောင့်အကြာမှ ကောင်းကင်ကြီးက ပြန်ကြည်လင်လာပြီး ရဲ့ဟိုင် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်၍ ခံစားလိုက်ရသည်။
ကမ္ဘာကြီးကထိုကဲ့သို့ ပြန်လည်၍ ကောင်းမွန်သွားသည့်အချိန်တွင် ရဲ့ဟိုင်သည် နတ်ဆိုးရုပ်သေးဂိုဏ်းတစ်ခုလုံး မည်သူကမှ အသက်ရှင်သန်သူမရှိတော့သည်ကို ထိတ်လန့်စွာ တွေ့လိုက်ရ၏။
ထိုအထဲတွင် အင်မော်တယ်အရှင်အဆင့် နတ်ဆိုးရုပ်သေးဂိုဏ်းဘိုးဘေးလည်း အပါအဝင်ဖြစ်သည်။
ထိုလူများအကုန်လုံး မည်ကဲ့သို့ သေဆုံးသွားသည်ဆိုတာကို ရဲ့ဟိုင်မသိလိုက်ချေ။ သူကိုယ်တိုင်နှင့် သူ၏ ကိုယ်ပွားမှလွဲ၍ ဤနေရာပတ်ပတ်လည်တွင် မည်သည့်သက်ရှိမှ မကျန်တော့ကြောင်းကိုသာ သူသိလေ၏။
***