" တော်တော်လေးကို ဆန်းကြယ်တဲ့ ကိုယ်ပွားနည်းစနစ်ပဲ "
သက်လတ်ပိုင်းအရွယ် လူက ရဲ့ဟိုင်ကို ကြည့်ပြီး သဘောကျစွာ ပြောလိုက်သည်။
ရဲ့ဟိုင် ချက်ချင်းပင် သူ၏ကိုယ်ပွားများ အားလုံးကို ပြန်လည်၍ ခန္ဓာကိုယ်ထဲသို့ စုစည်းလိုက်၏။
အင်မော်တယ်ဘုရင်အဆင့် သက်လတ်ပိုင်းအရွယ်လူသည် ရဲ့ဟိုင်ကို သေချာစူးစိုက်ကြည့်ပြီး ...
" ကျောက်စိမ်းအင်မော်တယ်အဆင့်မှာ မင်းရဲ့ခန္ဓာကိုယ် အနေအထားအထိ ရောက်ခဲ့တဲ့သူ ဘယ်သူမှမရှိခဲ့ဘူး၊ ငါခန့်မှန်းကြည့်ရရင် မင်းဒီခန္ဓာကိုယ်ကို ရအောင်လို့ တော်တော်လေးကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရမယ်နဲ့တူတယ် "
" အကြီးအကဲ ကျွန်တော်က ဒီလိုခန္ဓာကိုယ်ကို ရဖို့အတွက် သွေးနတ်ဆိုးရဲ့ သွေးအများစုကို ဝါးမြိုခဲ့ရပါတယ် "
" သွေးနတ်ဆိုးဟုတ်လား "
ရဲ့ဟိုင်က ထိုနာမည်ကို ပြောပြလိုက်သည့်ချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာ၌ လေးနက်သော အမူအရာ ဖြစ်ပေါ်လာသည်။
" အခု သွေးနတ်ဆိုး ဘယ်လိုနေသေးလဲ "
" သူ့ကို စည်းတံဆိပ် ခတ်ထားနိုင်တုန်းပါပဲ "
" ဟုတ်သား မင်းဆီကဖြာထွက်နေတဲ့ နတ်ဘုရားအလင်းကို ငါအခုမှသတိထားမိတယ်၊ ဒါက မကောင်းဆိုးဝါးတွေရဲ့ အကြောက်ဆုံးအရာပဲ၊ အနာဂါတ်မှာ ဒီနတ်ဘုရားအလင်းက ငါတို့သွေးနတ်ဆိုးနဲ့ ရင်ဆိုင်တဲ့အချိန်ကျရင် ပိုပြီးအသုံးဝင်လာလိမ့်မယ် "
သက်လတ်ပိုင်းအရွယ်အမျိုးသား ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်ကို သေချာကြည့်လိုက်၏။
" ဒါနဲ့ မင်းရဲ့ ဆရာက ဘယ်သူလဲဆိုတာကို ငါမေးပါရစေ "
" ကျွန်တော့်ရဲ့ သင်ယူမှုတွေက မတူကွဲပြားခြားနားတဲ့ အခြေအနေတွေနဲ့ ဖြစ်ခဲ့တာမို့လို့ အတိအကျပြောရရင် ကျွန်တော့်မှာ ဆရာတစ်ယောက်မှ မရှိသလိုပါပဲ "
ရဲ့ဟိုင် မချိပြုံးပြုံးကာ ပြောလိုက်သည်။
" ဒါဆိုရင် မင်းကိုနည်းစနစ်တွေ အဓိကသင်ပေးခဲ့တဲ့လူတွေက ဘယ်သူတွေလဲ "
" သူတို့ကတော့ ဆန္ဒမဲ့အင်မော်တယ်နဲ့ မြစိမ်းဘုရင်တို့ပါ "
" ဆန္ဒမဲ့အင်မော်တယ်နဲ့ မြစိမ်းဘုရင်ဟုတ်လား "
သက်လတ်ပိုင်းအရွယ်လူ၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုအချို့ ဖြစ်ပေါ်လာ၏။
" ဒါဆိုမင်းက အင်မော်တယ်ဘုံကပေါ့ "
" ဟုတ်ပါတယ် "
ရဲ့ဟိုင် ခေါင်းညိတ်လိုက်သည်။
" မင်းကိုသင်ပေးတဲ့လူတွေက ဒီနှစ်ယောက်ဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားဘူး သူတို့ရဲ့ လက်ရှိကျင့်ကြံအဆင့်ကို မင်းသိလား "
" သူတို့နှစ်ယောက်လုံး အခုဆိုရင် နတ်ဘုရားလမ်းစဥ်ကို စူးစမ်းလေ့လာနေကြပါပြီ အကြီးအကဲ "
ထိုစကားကြားသောအခါ ခါးသီးမှုတစ်ခုက သက်လတ်ပိုင်းအရွယ်လူ၏ မျက်နှာတွင် ဖြစ်ပေါ်လာ၏။ သူတစ်ခဏ တိတ်ဆိတ်သွားပြီးနောက်...
" ဒီနေရာက ရှိတဲ့လူတွေ အကုန်လုံးကို ငါသတ်လိုက်ပြီဆိုတော့ မင်းလိုချင်တဲ့ဟာတွေကို သွားပြီးတော့စုဆောင်းလိုက် "
ရဲ့ဟိုင် ငြင်းဆန်ခြင်းမရှိ အတွေးတစ်ချက်တည်းဖြင့် ကိုယ်ပွားများကို ဆင့်ခေါ်လိုက်ပြီး နတ်ဆိုးရုပ်သေးဂိုဏ်းတစ်ခုလုံးကို အရင်းအမြစ်များ စုဆောင်းရန်အတွက် စေလွှတ်လိုက်သည်။
သူ၏ကိုယ်ပွားများက နတ်ဆိုးရုပ်သေးဂိုဏ်းတစ်ခုလုံး ဖုန်တစ်စ မကျန်သည့် အနေအထားအထိ လုယူခြင်းကို ရပ်တန့်ကြမည် မဟုတ်ပေ။
ဤသို့ဖြင့် သူ၏ကိုယ်ပွားများ လုယက်နေစဥ်တွင် ရဲ့ဟိုင်က သက်လတ်ပိုင်းအရွယ်လူ၏အမည်ကို သိလိုက်ရလေ၏။
" အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင် "
" ဒါနဲ့ကောင်လေး မင်းဘာဆက်လုပ်ဖို့ အစီအစဥ်ရှိလဲ "
အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင် ရဲ့ဟိုင်အားကြည့်ကာ မေးလိုက်သည်။
" ကျွန်တော် သွေးဂိုဏ်းကို ချေမှုန်းဖို့အတွက် စီစဥ်ထားပါတယ် "
" သွေးဂိုဏ်းဟုတ်လား အဲ့တာဘယ်နေရာမှာလဲ "
ရဲ့ဟိုင် မြေပုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး...
" လက်ရှိ ကျွန်တော်တို့ရဲ့ တည်နေရာက ဒီနေရာမှာပါ ဝိုင်းထားတဲ့နေရာကတော့ သွေးဂိုဏ်းတည်ရှိနေတဲ့နေရာပဲ "
" ကောင်းပြီ ဒါဆိုသွားကြရအောင် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ထိုသို့ပြောပြီး လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် သူ၏အရှေ့တွင် လေဟာနယ် မုခ်တံခါးပေါက်ကြီးတစ်ခု ထွက်ပေါ်လာ၏။
ရဲ့ဟိုင် အထဲသို့ဝင်လိုက်သည်နှင့် အံ့အားသင့်စရာကောင်းအောင်ပင် အထဲ၌နောက်ထပ် လေဟာနယ် မုခ်တံခါးပေါက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ရဲ့ဟိုင်နှင့် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်တို့ ထိုလေဟာနယ်မုခ်တံခါးပေါက်မှ ထွက်လိုက်သည်နှင့် ရဲ့ဟိုင် သူသွေးဂိုဏ်းရှိရာအထက်သို့ ရောက်ရှိနေပြီဆိုတာကို အံ့အားသင့်စွာ တွေ့လိုက်ရ၏။
" အံ့ဩမနေနဲ့ .. ဒါက လေဟာနယ်မုခ်တံခါးနှစ်ခု တည်ဆောက်ခြင်းနည်းစနစ်ပဲ၊ လေဟာနယ်နည်းစနစ်ထဲမှာ သိပ်ပြီးတော့ ဆန်းကြယ်တယ်လို့ ဆိုလို့မရဘူး "
အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင်သည် ရဲ့ဟိုင်၏ တုန်လှုပ်နေသော အမူအရာကို မြင်သောအခါ အပြုံးနှင့်အတူ ပြောလိုက်သည်။
ထို့အတူ ရဲ့ဟိုင်နှင့် အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင်တို့ နှစ်ယောက် သွေးဂိုဏ်း၏ ကောင်းကင်ထက်တွင် ပေါ်လာသောအခါ ကြောက်စရာကောင်းသော အဆုံးမဲ့ဖိအားတစ်ခုက ကောင်းကင်နှင့်မြေကြီး ထောင့်တစ်လက်မချင်းစီ မကျန်အောင် ပျံ့နှံ့သွား၏။
သွေးဂိုဏ်းမှ လူများမပြောနှင့် အဝေးတွင် ပုန်းအောင်းနေသော လူများပင် နှလုံးရပ်တန့်မတတ် တုန်လှုပ်သွားကြသည်။
" အင်မော်တယ်ဘုရင်အဆင့် "
" သူက ရဲ့ဟိုင်ရဲ့ ဆရာလား "
" မဟုတ်သေးဘူးလေ အင်မော်တယ်ဘုရင်အဆင့်တွေက ဂိုဏ်းတွေရဲ့တိုက်ခိုက်မှုကို ဝင်မစွက်ဖက်ဖို့ တားမြစ်ထားတယ် မဟုတ်ဘူးလား "
" ဟုတ်တယ် အင်မော်တယ်ဘုရင်အဆင့်တစ်ယောက် ဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးလာတာက ကျန်တဲ့လူတွေကို ဒေါသထွက်စေလိမ့်မယ် "
သွေးဂိုဏ်း၏ အနီးအနားတွင် တပ်စွဲထားသော အဖွဲ့အစည်းများထဲ၌ ရှန်ကျင်းဂိုဏ်းကလဲ ထိပ်တန်းစစ်သည်များနှင့်အတူ တပ်စွဲထားလေ၏။ ၎င်းတို့အထဲတွင် လျန်ယီ၊ ရှီစင်းယု၊ ယီရှောင်း၊ လုရန်ရန်နှင့် ဟောင်အယ်တို့လည်း ပါဝင်သည်။
ရဲ့ဟိုင်၏ ဆရာက တကယ်ကို အင်မော်တယ်ဘုရင်အဆင့် ဖြစ်နေသည်ကို တွေ့သောအခါ လျန်ယီ၏ မျက်နှာ ဖြူဆုတ်သွား၏။
လျန်ယီ အတိတ်အကြောင်း ပြန်တွေးလိုက်ပြီး ကြောက်ရွံ့မှုများနှင့်အတူ ကြက်သီးမွှေးညှင်း ထသွားသည်။
စီဖူ သေဆုံးသွားသည့် အချိန်တွင် လျန်ယီသည် ယီရှောင်းကို ရဲ့ဟိုင်အားဖမ်းရန်အတွက် စေလွှတ်ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် လုရန်ရန်က ရဲ့ဟိုင်ကိုစမ်းသပ်ရင်း နှစ်ယောက်သား သူငယ်ချင်းမိတ်ဆွေ ဖြစ်သွားကြသည်။
မဟုတ်ပါက ရှန်ကျင်းဂိုဏ်းသည်လည်း လက်ရှိအချိန်တွင် ယုလောင်ဂိုဏ်းကဲ့သို့ပင် သမိုင်းကနေ ပျောက်ကွယ်သွားပြီဖြစ်၏။
" အကြီးအကဲ အင်မော်တယ်ဘုရင်တွေက ကိုယ့်ထက်အဆင့်နိမ့်နေသူတွေကို မတိုက်ခိုက်နိုင်ဘူးလို့ဆိုတယ် .. အဲ့တာဟုတ်ပါသလား "
ရဲ့ဟိုင် ပုန်းအောင်းနေသော သူ၏ကိုယ်ပွားမှတစ်ဆင့် အခြားလူများ ပြောသည့်စကားများကို ကြားနေရသဖြင့် မေးလိုက်သည်။
" အဲ့တာမင်းကို ဘယ်သူပြောလဲ "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကို စိုက်ကြည့်ကာ မေးလိုက်၏။
" လူတော်တော်များများက အဲ့လိုပြောနေကြလို့ပါ "
" အဲ့လိုတားမြစ်ချက်မရှိဘူး "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ခေါင်းကိုခါယမ်းလိုက်ပြီး...
" တကယ်လို့ အဲ့ဒီတားမြစ်ချက်သာ ရှိနေတယ်ဆိုရင် အင်မော်တယ်ဘုရင်အဆင့် အင်အားစုတွေကို ဘယ်သူကကြောက်တော့မှာလဲ၊ အခြားအင်အားစုတွေက အင်မော်တယ်ဘုရင်အဆင့် မပိုင်ဆိုင်ထားရင်တောင်မှ လိုက်ပြီးတော့ တိုက်ခိုက်နေနိုင်မှာပဲ မဟုတ်ဘူးလား "
ရဲ့ဟိုင် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ စကားကိုကြားသောအခါ ဤကဲ့သို့ စည်းမျဥ်း တကယ်မရှိကြောင်း နားလည် သဘောပေါက်သွားလေသည်။
***