အင်မော်တယ်ဘုရင်အဆင့်များကလည်း သက်ရှိများဖြစ်သဖြင့် မိမိဂိုဏ်းကို လာရောက်တိုက်ခိုက်သောသူများကို ပြန်မတိုက်ဘဲနှင့် ငုတ်တုပ်ထိုင်ကြည့်နေရမည်လား။
ဤကဲ့သို့ ကောလဟာလ ပျံ့နှံ့လာရသည့် အကြောင်းအရင်းမှာ အင်မော်တယ်ဘုရင်များသည် ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန်လှုပ်ရှားခြင်း မပြုလုပ်သောကြောင့်ဖြစ်၏။ သူတို့၏ဒေါသကို အဆုံးစွန်အထိ မဆွသ၍ ကျန်သည့်အသေးအဖွဲကိစ္စများကို လုံးဝလျစ်လျူရှုထားခဲ့သည်။
ထိုအချိန်တွင် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ မျက်လုံးထဲ၌ ရွှေရောင်အလင်းတန်းများက တလက်လက်ဖြင့် တောက်ပလာ၏။ ထို့နောက် ရဲ့ဟိုင် အလွန်ကြောက်စရာကောင်းသော ဝိညာဥ်လှိုင်းလုံးတစ်ခုကို ဖျတ်ခနဲခံစားလိုက်သည်။
၎င်းဝိညာဥ်လှိုင်းကို သူတစ်စက္ကန့်မျှသာ ခံစားလိုက်ရခြင်းဖြစ်သော်လည်း အလွန်တရာ ကြောက်စရာကောင်းပြီး ဆန်းကြယ် နက်ရှိုင်းခြင်း၏ အစစ်မှန်ဆိုတာဘာလဲ ကောင်းကောင်းသိရှိလိုက်ရ၏။
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ မျက်လုံးများက ချက်ချင်းပင် ရွှေရောင်ပျောက်ကွယ်သွားခဲ့ပြီး ရဲ့ဟိုင်ကိုကြည့်ကာ...
" အဲ့ဒီတိုက်ကွက်ကို မင်းဘယ်လိုထင်လဲ "
ရဲ့ဟိုင် တအံ့တဩဖြင့် ငုံ့ကြည့်လိုက်လျှင် မျက်လုံးထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
အဘယ့်ကြောင့်ဆိုသော် သွေးဂိုဏ်းကြီးတစ်ဂိုဏ်းလုံးရှိ သောင်းနှင့်ချီသော ကျင့်ကြံသူများအားလုံးက လက်ရှိအချိန်တွင် ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်များအားလုံးပျက်စီးကာ အနက်ရောင်မျက်စံမရှိတော့ဘဲ အဖြူရောင်မျက်လုံးဗလာဖြင့် သေဆုံးနေကြလေ၏။
တစ်ယောက်မှကို လွတ်မြောက်ခဲ့ခြင်းမရှိပေ။
" အကြီးအကဲ ကျွန်တော့်ကို သင်ပေးပါလား "
ရဲ့ဟိုင် ကမန်းကတန်းပင် ပြောလိုက်သည်။ ဤတိုက်ကွက်နည်းစနစ်က အရမ်းကို ဆန်းကြယ်လွန်းလှ၏။ လူပေါင်းသောင်းနှင့်ချီကို အကြည့်တစ်ချက်တည်းဖြင့် သတ်ဖြတ်သွားခြင်းပင်။
" အဲ့ဒီအရာကို ဝိညာဥ်စွမ်းအားလို့ခေါ်တယ် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကိုသေချာကြည့်လိုက်ပြီး...
" ကောင်လေး ဒီကမ္ဘာမှာ ထာဝရတည်မြဲနိုင်လုနီးပါး အရာတွေက အရမ်းကိုနည်းပါးတယ်ဆိုတာသိလား၊ အဲ့တာကို အင်မော်တယ်ဘုရင်တွေရဲ့ အကြွင်းအကျန် စိတ်ဆန္ဒတွေက ဘာလို့နှစ်ပေါင်းမြောက်များစွာ တည်ရှိနေနိုင်တယ်လို့ထင်လဲ "
" တကယ်တော့ အဲ့တာက ဝိညာဥ်စွမ်းအားကြောင့်ပဲ "
" ဝိညာဥ်စွမ်းအားဆိုတာက လောကမှာထာဝရနီးပါး တည်ရှိနိုင်တဲ့ အရာတွေထဲက တစ်ခုလို့ဆိုနိုင်တယ် "
" မင်း အင်မော်တယ်ဘုရင်အဆင့်တစ်ယောက်ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးနိုင်တယ် .. ဒါမှမဟုတ် သူ့ရဲ့ဝိညာဥ်ကိုလည်း ဖျက်ဆီးနိုင်တယ်၊ ဒါပေမဲ့ သူ့ရဲ့ဝိညာဥ်စွမ်းအားကိုတော့ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး "
" ဒါပေါ့ ဒီကမ္ဘာကြီးမှာ ဘယ်အရာကမှ ထာဝရတည်မြဲနေမှာ မဟုတ်ဘူး၊ ဝိညာဥ်စွမ်းအားဆိုတာလည်း သူ့ရဲ့စွမ်းအင် ကုန်ဆုံးသွားတဲ့အချိန်ရောက်ရင် ကမ္ဘာပေါ်က ပျောက်ကွယ်သွားရမှာပဲ "
" ဒါပေမဲ့ အဓိကအရေးကြီးဆုံးအချက်က ဝိညာဥ်စွမ်းအား မကုန်ဆုံးသ၍ အင်မော်တယ်ဘုရင်အဆင့်တွေရဲ့ဝိညာဥ်က ထာဝရနီးပါး တည်ရှိနိုင်တယ်ဆိုတာကို သိထားရမယ် "
" အကြီးအကဲ ဒီလိုဆိုရင် ကမ္ဘာပေါ်မှာ လက်ရှိအချိန်အထိ သေဆုံးပြီးတာတောင်မှ တည်ရှိနေသေးတဲ့ အင်မော်တယ်ဘုရင်အဆင့်တွေ အများကြီးရှိနေတယ်လို့ ဆိုလိုချင်တာလား "
" ဟုတ်တယ် "
အစွန်းနှက်ဖက်အင်မော်တယ်ဘုရင် ခေါင်းညိတ်လိုက်၏။
" အကြီးအကဲ အဲ့ဒီဝိညာဥ်စွမ်းအားက တကယ်ပဲ ဖျက်ဆီးရ အဲ့လောက်ခက်တာလား "
" ကောင်လေး တကယ်တော့ မင်းအနေနဲ့ အင်မော်တယ်ဘုရင်အဆင့်တွေရဲ့ ဝိညာဥ်စွမ်းအားတွေကို အဲ့လောက်အထိ စိုးရိမ်စရာ မလိုအပ်ဘူး၊ ဘာလို့လဲဆိုတော့ အင်မော်တယ်ဘုရင်အဆင့်တွေရဲ့ ဝိညာဥ်က ရုပ်ခန္ဓာမရှိတဲ့ အချိန်ကျရင် စွမ်းအားအများကြီးကို ထုတ်မသုံးနိုင်တော့လို့ပဲ "
ထိုသို့ပြောပြီးသည်နှင့် အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင်သည် ကောင်းကင်သို့မော့ကြည့်လိုက်ပြီး...
" မကြာခင် ကမ္ဘာကြီးရဲ့ မဟာကပ်ဆိုးက ကျရောက်လာတော့မယ်၊ အဲ့ဒီမဟာကပ်ဆိုးသာ ကျရောက်လာခဲ့ပြီဆိုရင် အခုချိန်အထိ ထာဝရနီးပါး အင်မော်တယ်ဘုရင်အဆင့်တွေရဲ့ ဝိညာဥ်ကလဲ ပျောက်ကွယ်သွားကြရလိမ့်မယ်ထင်တယ် "
" ကမ္ဘာကြီးရဲ့မဟာကပ်ဆိုး ဟုတ်လား "
ရဲ့ဟိုင်၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
" ဟုတ်တယ် ကောင်းကင်နဲ့မြေကြီးကို ပြောင်းပြန်လှန်ပြီး ဖျက်ဆီးနိုင်တဲ့ မဟာကပ်ဆိုး "
ထိုသို့ပြောလိုက်ပြီးသည်နှင့် အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင်သည် ရဲ့ဟိုင်ကို မော့ကြည့်လိုက်ပြီး...
" မင်းအနေနဲ့ မဟာကပ်ဆိုးကို အခုအချိန်မှာ ဂရုစိုက်စရာ မလိုသေးဘူး၊ အဲ့ဒီမဟာကပ်ဆိုးမဖြစ်ခင်မှာ နတ်ဆိုးတွေလဲ ပေါ်လာမှာဖြစ်သလို အရမ်းကြောက်စရာကောင်းတဲ့ ပါရမီရှင်တွေလည်း ပေါ်လာလိမ့်မယ်၊ ဥပမာ မင်းလိုလူပေါ့၊ မဟာကပ်ဆိုးကြီးသာ ကျရောက်လာတာမဟုတ်ရင် မင်းလိုလူကလဲ ဒီကမ္ဘာထဲ မွေးဖွားလာခဲ့မှာ မဟုတ်ဘူး "
" အကြီးအကဲ ကျွန်တော့်ဘဝလေးကို အေးအေးချမ်းချမ်းပဲ နေချင်ပါတယ် "
" အဲ့တာဆိုလဲ မင်း ဝီရိယရှိရှိနဲ့ ကြိုးစားအားထုတ်ပြီးတော့ ကျင့်ကြံပေါ့၊ မင်းရဲ့ခွန်အားက အရာအားလုံးကို ကျော်လွန်နေသ၍ မင်းအေးဆေးနေနိုင်လိမ့်မယ် "
အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကို ပြုံးကာ ထိုသို့ပြောပြီးသည်နှင့် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ပြီး...
" ကောင်လေး မင်းငါနဲ့ လိုက်ခဲ့ "
" အကြီးအကဲ ဘယ်ကိုလဲ "
" အနောက်ဘက်နယ်မြေကို "
" အနောက်ဘက်နယ်မြေဟုတ်လား ဘာအတွက်လဲအကြီးအကဲ "
" ငါဒီလို ဒဏ်ရာနဲ့ သေဆုံးသွားတာ ဘာကြောင့်လို့မင်းထင်လဲ "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်သည် သူ၏နှလုံးသားနေရာမှ ဟောင်းလောင်းပေါက်ဒဏ်ရာကြီးကို ငုံ့ကြည့်လိုက်ပြီး မချိပြုံးပြုံးလိုက်၏။
" အဲ့တာက ငါနောက်ဆုံးတိုက်ခဲ့တဲ့ နတ်ဆိုးဘုရင်နဲ့တိုက်ပွဲမှာ ရခဲ့တဲ့ဒဏ်ရာပဲ၊ ငါ့ရဲ့ဘုရင်အဆင့်လက်နက်ကြောင့်သာမဟုတ်ရင် အဲ့ဒီနတ်ဆိုးကို ငါသတ်နိုင်ခဲ့မှာတောင် မဟုတ်ဘူး "
" ဒီအချိန်လောက်ဆိုရင် အဲ့ဒီနတ်ဆိုးကောင်က နတ်ဆိုးဝတ်ရည်အဖြစ် ပြောင်းလဲသွားလောက်ပြီထင်တယ် "
" နတ်ဆိုးဝတ်ရည်ဟုတ်လား "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ ထိုထူးဆန်းသောစကားလုံးက ရဲ့ဟိုင်ကို သိချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
" ဟုတ်တယ် နတ်ဆိုးဝတ်ရည်ပဲ အင်မော်တယ်အရှင်အဆင့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့သူတွေသာ အဲ့ဒီနတ်ဆိုးဝတ်ရည်ကို သန့်စင်နိုင်တယ် "
ထိုသို့ပြောပြီးသည်နှင့် အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင်သည် ရဲ့ဟိုင်ကိုကြည့်လိုက်ပြီး...
" မင်းရဲ့လက်ရှိခန္ဓာကိုယ်က အင်မော်တယ်အရှင် အလယ်အလတ်အဆင့်နဲ့ နှိုင်းယှဥ်နိုင်တယ်ဆိုတော့ နတ်ဆိုးဝတ်ရည်တစ်စက်လောက် သောက်လိုက်ရင် မင်းကျင့်ကြံအဆင့်ကလဲ အင်မော်တယ်အရှင်အဆင့်ထိကို အချိန်မြန်မြန်ရောက်နိုင်မယ်လို့ ဆိုလို့ရတယ် "
ထိုစကားကြားလျှင် ရဲ့ဟိုင်က မအံ့ဩဘဲ မနေနိုင်ချေ။ သူ၏ကျင့်ကြံခြင်းက အင်မော်တယ်အရှင်အဆင့်မပြောနှင့် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်ရောက်အောင်ပင် မည်မျှစွမ်းအား အရင်းအမြစ် လိုအပ်သည်ဆိုတာကို သူသာကောင်းကောင်းသိလေ၏။
" အဲ့ဒီနတ်ဆိုးဝတ်ရည်က ဒီလောက်တောင်မှ အံ့ဩဖို့ကောင်းတာလား "
" ကောင်းပြီ ငါတို့သွားရင်းနဲ့ ပြောကြတာပေါ့ "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ပြောလိုက်သည်။
ထိုအချိန်တွင် ရဲ့ဟိုင်၏ကိုယ်ပွားများက သွေးဂိုဏ်းတစ်ခုလုံး၏ ပိုင်ဆိုင်မှုများအားလုံးကို တန်ဖိုးရှိသည့်အရာ တစ်ခုမှမကျန်အောင်လို့ သုတ်သင်ရှင်းလင်းပြီးသွားပြီဖြစ်၏။
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင် ကြီးမားသော လေဟာနယ်ဂိတ်တံခါးပေါက်ကြီးက ပြန်လည်၍ ထွက်ပေါ်လာလေသည်။
***