" မင်းကြိုက်တယ်ဆို ကောင်းပါတယ် "
ရဲ့ဟိုင်ပြုံးကာ ခေါင်းညိတ်လိုက်သည်။
" ဒါနဲ့ရဲ့ဟိုင် နင့်မှာပြောစရာမရှိတော့ဘူးလား "
" ဂရုစိုက်ပါ "
ရဲ့ဟိုင်က ထိုကဲ့သို့ တုံးတိကြီး ပြန်ပြောလာသောအခါ လုရန်ရန် နှုတ်ခမ်းကိုကိုက်လိုက်ပြီး...
" နင့်မှာတကယ်ပဲ အခြားပြောစရာ မရှိတော့ဘူးလား "
" အခြားပြောစရာဟုတ်လား ဘာရှိသေးလို့လဲ "
ရဲ့ဟိုင် ခေါင်းကိုကုတ်၍ ပြန်မေးလိုက်၏။
" သေချာစဥ်းစားကြည့်ပါဦး "
လုရန်ရန် မကျေမနပ်ဖြင့် ပြောလိုက်သည်။ တကယ်တော့လုရန်ရန် ထိုကောင်ကို အသည်းယားလာပြီး တစ်စစီလုပ်ချင်စိတ်များကြောင့် ခြေထောက်ကိုတောင် ဆောင့်လုနီးပါး ဖြစ်နေ၏။
သူမက အရိပ်အမြွက်ပြောနေသော်လည်း ရဲ့ဟိုင်ကအဘယ့်ကြောင့် နားမလည်သနည်း။
" ကောင်းပြီ ဒါဆိုရင် အင်မော်တယ်တိုင်းပြည်ရောက်လာခဲ့ရင် မင်းကို ငါ့မိန်းမနဲ့ ငါက အကောင်းဆုံးဧည့်ခံပေးမယ် "
ရဲ့ဟိုင် တစ်ခဏစဥ်းစားပြီးနောက် ပြောလိုက်သည်။
သို့သော် ထိုစကားက လုရန်ရန်၏ နားထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသလို အုန်းခနဲမြည်ဟီးသွား၏။
" နင် .. နင် ဘာပြောလိုက်တယ် "
လုရန်ရန် မျက်နှာပျက်ယွင်းစွာဖြင့် ပြန်မေးလိုက်သည်။
" ငါပြောတဲ့အထဲ ဘာမှားသွားလို့လဲ "
ရဲ့ဟိုင် လုရန်ရန်ကိုကြည့်ကာ တအံ့တဩဖြင့် ပြန်မေးလိုက်၏။
" နင် .. နင် .. နင့်မှာ မိန်းမရှိတာလား "
လုရန်ရန်၏ မျက်နှာ၌ ထိုစကားကို ပြောပြီးသည့်အချိန်တွင် သွေးပင်မရှိတော့ဘဲ ဖြူဖျော့နေခဲ့ပြီဖြစ်သည်။
" ဟုတ်တယ် "
ရဲ့ဟိုင်ခေါင်းညိတ်လိုက်၏။
" ဒါဆိုနင် ဒီလက်ဆောင်ကိုပေးတာ ဘာသဘောလဲ "
လုရန်ရန် သူမ၏လက်မှ ကျောက်စိမ်းလက်ကောက်ကိုညွှန်ပြကာ မေးလိုက်သည်။
" မင်းက ငါ့ကို ကျောက်စိမ်းဆွဲကြိုးတစ်ကြိုးပေးခဲ့တယ်၊ ငါက သူငယ်ချင်းမိတ်ဆွေကို ကျေးဇူးတင်လက်ဆောင်အနေနဲ့ ကျောက်စိမ်းလက်ကောက် ပြန်ပေးခဲ့တာလေ .. ပြဿနာရှိလို့လား "
ရဲ့ဟိုင်ပြုံးပြီး မေးလိုက်လျှင် လုရန်ရန်၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ခါသွား၏။
" အကြီးအကဲ သွားကြရအောင် "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ပြုလုပ်ထားသော လေဟာနယ် မုခ်တံခါးပေါက်ထဲသို့ တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်သွားသည်။
တစ်ဖက်တွင် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်မှာ လုရန်ရန်ကိုကြည့်လိုက်ပြီး...
" ကောင်မလေး ငါမင်းကို အကြံတစ်ခုပေးမယ်၊ မင်းတို့နှစ်ယောက်လုံးက ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ကို ရောက်နေတယ်ဆိုတာနဲ့ မင်းနဲ့ရဲ့ဟိုင်က တူညီတဲ့အနေအထားမှာရှိတယ်လို့ မဆိုလိုဘူး၊ တကယ့် တကယ်ဆို မင်းတို့နှစ်ယောက်လုံးက မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ တည်ရှိနေတာပဲ "
" အကြီးအကဲ ဘာကိုဆိုလိုတာလဲ "
လုရန်ရန် နှလုံးခုန်သံ မြန်ဆန်လာပြီး အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်အား တလေးတစားဖြင့် ပြန်မေးလိုက်၏။
" ကောင်မလေး မင်းအတွက်တော့ အင်မော်တယ်ဘုရင်အဆင့်ဆိုတာ နိဂုံးချုပ်သွားတဲ့ အဆုံးသတ်ဆိုပေမဲ့ ရဲ့ဟိုင်ကတော့ အစပဲရှိသေးတယ် "
ထိုသို့ပြောပြီးသည်နှင့် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် သက်ပြင်းချလိုက်ပြီး...
" ဒီခေတ်မှာ နတ်ဘုရားဖြစ်လာနိုင်တဲ့ အလားအလာတစ်ခု ရှိလာခဲ့ရင် အဲ့ဒီနတ်ဘုရားဖြစ်လာမယ့်သူက ရဲ့ဟိုင်ကလွဲလို့ အခြားလူရှိလာမှာမဟုတ်ဘူး "
" နတ်ဘုရား "
ထိုစကားတစ်ခွန်းက လုရန်ရန် ရဲ့ဟိုင် သူမကိုပြောခဲ့သောစကားတချို့အား ပြန်လည်၍ အမှတ်ရသွားစေသည်။
ရဲ့ဟိုင်ပြောခဲ့သည်မှာ ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) သို့ ရောက်သွားသူအချို့က အင်မော်တယ်ဘုရင် အစောပိုင်းအဆင့်သာ ရောက်ရှိနိုင်ပြီး အချို့က အလယ်အလတ်အဆင့်ကို ရောက်ရှိနိုင်ကာ အချို့ကတော့ အဆင့်မြင့်အဆင့်ကို ရောက်နိုင်သလို အချို့ကလည်း အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ကို ရောက်နိုင်သည်ဟု ဆိုခဲ့ဖူး၏။
ထိုအချိန်တွင် လုရန်ရန် အနာဂါတ်တွင် ရဲ့ဟိုင်က အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ကို ရောက်နိုင်လားဟု မေးခဲ့သည်။
သို့သော် ရဲ့ဟိုင် ခေါင်းခါယမ်းခဲ့ပြီး ထိုအကြောင်းကို ဆက်မပြောခဲ့ချေ။
အစကတော့ လုရန်ရန်သည် ရဲ့ဟိုင်က အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်တောင် မရောက်နိုင်လျှင်တောင်မှ အဆင့်မြင့်အဆင့်ကိုတော့ ရောက်နိုင်မည်ဟု မသိစိတ်အရ ယူဆခဲ့၏။
ယခုမှ ရဲ့ဟိုင်သည် သူက အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ပင်မက နတ်ဘုရားအဆင့်သို့ပါ ရောက်နိုင်သည်ဟု ပြောချင်နေမှန်း သဘောပေါက်သွားသည်။
အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ကို ကျော်တက်နိုင်သောပါရမီ...
ရဲ့ဟိုင်အကြောင်းသေချာတွေးကြည့်လျှင် ဤအရာက မဖြစ်နိုင်တာတစ်ခုမဟုတ်ချေ။
" ကောင်မလေး အရှုံးမပေးနဲ့ မယားငယ်ဖြစ်ရတာလဲ တစ်ခါတစ်လေ မကောင်းတာမဟုတ်ဘူး "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် လုရန်ရန်ကို သေချာစိုက်ကြည့်လိုက်ပြီး...
" နတ်ဘုရားတွေရဲ့ အရှေ့မှာဆိုရင် အင်မော်တယ်ဘုရင်ဆိုတာက ဘာမှမဟုတ်တဲ့ တည်ရှိမှုတွေပဲ၊ နတ်ဘုရားတွေဆိုတာက ကောင်းကင်တာအိုနဲ့ တန်းတူရပ်တည်နေနိုင်တဲ့သူဆိုတာကို မင်းသိထားရမယ်၊ ဒီကမ္ဘာကြီး ပျက်စီးပြိုကျသွားရင်တောင်မှ နတ်ဘုရားတွေကို ဘာထိခိုက်မှုမှ ရှိစေမှာမဟုတ်ဘူး "
" ကောင်းပြီ ငါပြောစရာရှိတာက ဒါအကုန်ပဲ၊ မင်းကိုယ်တိုင်ပဲ သေချာစဥ်းစားဆုံးဖြတ်ပေါ့ "
အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင်သည် ထိုသို့ပြောပြီးသည်နှင့် လေဟာနယ်မုခ်တံခါးပေါက်ထဲဝင်ရောက်ကာ ပျောက်ကွယ်သွား၏။
လုရန်ရန်ကတော့ ငြိမ်သက်စွာဖြင့် ကျောက်ရုပ်တစ်ရုပ်လို ရပ်ကျန်နေခဲ့ပြီး သူမ၏စိတ်ထဲတွင် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ပြောသွားသော စကားများက ပဲ့တင်ထပ်နေသည်။
" ရန်ရန် "
ထိုအချိန်တွင် လျန်ယီက လုရန်ရန် အနားတွင် ထွက်ပေါ်လာပြီး သူမ၏လက်မောင်းကို ဆုပ်ကိုင်ကာ ခေါ်လိုက်၏။
" ဂိုဏ်းချုပ် "
လုရန်ရန် နီရဲသောမျက်လုံးများဖြင့် သူမ၏ ဂိုဏ်းချုပ်ကိုကြည့်ကာ မျက်ရည်များဝဲလာသည်။
" ရန်ရန် တကယ်တော့ ရဲ့ဟိုင်က မင်းအတွက် ခံစားချက်တွေရှိနေပုံပဲ၊ မဟုတ်ရင်သူက မိန်းမရှိတယ်ဆိုတာကို အတိအကျ ထုတ်ပြောခဲ့မှာမဟုတ်ဘူး "
လျန်ယီ ထိုသို့ပြောပြီးသည်နှင့် သက်ပြင်းချလိုက်ပြီး...
" သူသာ ဒီကိစ္စကို ထုတ်မပြောဘဲ မင်းရဲအပျိုဘဝကို ရယူပြီးမှ ဇနီးရှိတယ်ဆိုတာကို ပြောလာခဲ့ရင် မင်းအနေနဲ့ ဘာလုပ်နိုင်မှာလဲ "
" ဒါပေမဲ့ "
လုရန်ရန် ဘာစကားဆက်ပြောရမှန်းမသိသဖြင့် ပါးစပ်က ပြန်ပိတ်သွား၏။
" ရန်ရန် မင်းရဲ့မာနကို မစွန့်လွှတ်နိုင်ဘူးဆိုတာ ငါသိတယ် "
လျန်ယီသက်ပြင်းထပ်ချလိုက်ပြီး...
" ဒါပေမဲ့ အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ပြောသွားတဲ့စကားကို မင်းနားလည်တယ်မလား၊ အရင်ခေတ်တုန်းက အင်မော်တယ်ဘုရင်ဆိုတာ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး တည်ရှိမှုတွေပဲ၊ ဒါပေမဲ့ အခုလက်ရှိ ဒီကမ္ဘာကြီးကတော့ အင်မော်တယ်ဘုရင်အဆင့်ကို ကျော်လွန်နိုင်တဲ့ သက်ရှိတွေ ထွက်ပေါ်လာဖို့ဆိုတာက ဖြစ်နိုင်ချေရှိနေပြီ၊ အင်မော်တယ်ဘုရင်အဆင့်ကို ကျော်လွန်တဲ့ သက်ရှိတွေဆိုတာကလည်း ကောင်းကင်တာအိုနဲ့ တန်းတူဖြစ်နေတဲ့သူတွေပဲ၊ ရန်ရန်နင်က အင်မော်တယ်ဘုရင်အဆင့်ကို ရောက်နိုင်တယ်ဆိုတာ သေချာပါတယ် ဒါပေမဲ့ ရဲ့ဟိုင်သာ နတ်ဘုရားဖြစ်သွားခဲ့ရင် သူ့ရဲ့တာအိုလက်တွဲဖော်ဖြစ်ဖို့အတွက် အင်မော်တယ်ဘုရင်အဆင့် အမျိုးသမီးတွေက တန်းတောင်စီနေမှာ အသေအချာပဲ "
***