အနောက်ဘက်နယ်မြေ၏ အစွန်အဖျားတွင်...
ရဲ့ဟိုင်သည် အင်မော်တယ်ဘုရင်အဆင့် ရတနာနှင့် နတ်ဆိုးကို ချိတ်ပိတ်ထားသည့်နေရာသို့ အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်နှင့် ရောက်ရှိလာသည့်အချိန်၌ မျက်နှာတွင် ထိတ်လန့်မှုများ ထွက်ပေါ်လာ၏။
" ဧရာမကြေးအိုးကြီး "
ဤသည်မှာ အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်ပြောခဲ့သော ဘုရင်အဆင့်လက်နက်သာဖြစ်သည်။
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ထွက်ပေါ်လာသည်နှင့် ဧရာမကြေးအိုးကြီးက တဆတ်ဆတ်တုန်ခါလာပြီး ပုံရိပ်တစ်ရိပ် အပြင်သို့ ထိုးထွက်လာ၏။
ထိုပုံရိပ်က အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်ကိုမြင်သည်နှင့် မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်လာတော့သည်။
" ဆရာသခင် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်မှာ ထိုကြေးအိုးကြီးမှ လက်နက်ဝိညာဥ်ကိုကြည့်ပြီး ပုခုံးကိုညှင်သာစွာ ပုတ်လိုက်၏။
" ဒီလိုအခြေအနေဖြစ်သွားပေမဲ့ .. နောက်ဆုံးတော့ ငါ နောက်တစ်ခေါက် မင်းနဲ့တွေ့နိုင်ပြီပေါ့ "
" ဆရာသခင်ရဲ့အမိန့်ကို ဆက်လက်လုပ်ဆောင်ဖို့အတွက် သခင့်ရဲ့အနာဂါတ်လမ်းကြောင်းကို အတူတကွ မလိုက်နိုင်ခဲ့တာ ကျွန်တော့်အတွက် စိတ်မကောင်းဆုံး အချက်ပါပဲ "
" စိတ်မပူနဲ့ ငါမင်းအတွက် ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခု ပြုလုပ်ပေးထားတယ် "
ထိုသို့ပြောပြီးသည်နှင့် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကို ညွှန်ပြလိုက်ပြီး...
" ဒီကောင်လေးက အနာဂါတ်မှာ နတ်ဘုရားဖြစ်လာမယ့်သူပဲ၊ မင်းသူ့နောက်ကိုလိုက်ရင် ပိုကောင်းတဲ့အနာဂါတ်ကို ရလာလိမ့်မယ် "
" နတ်ဘုရား ဟုတ်လား "
သုံးချောင်းထောက်ကြေးအိုးကြီး၏ဝိညာဥ်မှာ ထိုစကားကိုကြားလျှင် မျက်နှာ၌ အံ့အားသင့်မှုနှင့် သံသယများ ဖြစ်ပေါ်လာသည်။
" ဆရာသခင် ဒီကောင်လေးက အဲ့တာကိုလုပ်နိုင်တယ်ဆိုတာ သေချာလား "
" မင်းသူ့ရဲ့ကျင့်ကြံအဆင့်ကို မြင်နိုင်လား "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် လက်နက်ဝိညာဥ်အား ပြုံးကာမေးလိုက်၏။
" သူက ကျောက်စိမ်းအင်မော်တယ်အဆင့်မှာ ရှိတယ်ဆိုတာကို ကျွန်တော်မြင်နေရပါတယ် "
" မင်း ရှင်းရှင်းလင်းလင်း တကယ်မြင်ရလား "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ထပ်၍မေးလိုက်သည်။
" ဆရာသခင် ကျွန်တော့်ရဲ့အမြင်အာရုံက အခုချိန်ထိ ကောင်းမွန်နေဆဲပါပဲ၊ သူက ကျောက်စိမ်းအင်မော်တယ်အဆင့် ကျိန်းသေသေချာပါတယ် "
" ကောင်းပြီ ရဲ့ဟိုင် သူ့ကို အစွမ်းကုန်တိုက်ခိုက်လိုက် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကိုကြည့်ကာ အလေးအနက် အမူအရာဖြင့် ပြောလိုက်၏။
တစ်ဖက်တွင် ရဲ့ဟိုင်မှာ အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ လေးနက်သော အမူအရာကိုကြည့်ပြီး ကြေးအိုးကြီး၏ဝိညာဥ်ကို တိုက်ခိုက်ရန်အတွက် သူ၏စွမ်းအားအကုန်ကို တိုက်ရိုက်ထုတ်သုံးလိုက်သည်။
ခန္ဓာကိုယ်ထဲရှိ ဘီလီယံနှင့်ချီသော အပ်စိုက်မှတ်များမှ သွေးအလင်းတန်းများ ထွက်ပေါ်လာပြီး လက်သီးတွင် စွမ်းအားစုစည်းလာ၏။ ထို့အတူ ဝိညာဥ်စွမ်းအားကလည်း သူ၏လက်သီးတွင် စုစည်းလာပြီး ကြေးအိုး၏ဝိညာဥ်ကို တိုက်ရိုက်ပင် ထိုးချလိုက်သည်။
" အုန်း "
လက်သီးချက်ထွက်ပေါ်လာသည်နှင့် ကြေးအိုးကြီး၏ ဝိညာဥ်အရှေ့တွင် ရှိနေသော လေဟာနယ်က အပိုင်းပိုင်းအစစဖြစ်ကာ ပျက်စီးပြိုကျသွား၏။
ကြေးအိုးကြီး၏ ဝိညာဥ်မှာ မျက်လုံးပြူးကျယ်သွားသော်လည်း သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အပိုင်းပိုင်းအစစ ပြိုကျနေသော လေဟာနယ်များက နဂိုအတိုင်းပြန်ဖြစ်ကာ ပျောက်ကွယ်သွားသည်။
" ဘာတွေဖြစ်နေတာလဲ "
ရဲ့ဟိုင် မျက်လုံးပြူးကျယ်ကာ မေးလိုက်၏။ ပြိုကွဲသွားသော လေဟာနယ်များကို နဂိုအတိုင်း ပြန်လည်ဖြစ်အောင် ပြုလုပ်သွားသောစွမ်းအားက တကယ်ကို ထူးဆန်းဖွယ်ပင်။
" ကောင်လေး အဲ့တာ သူက မင်းထက်ပိုအဆင့်မြင့်တဲ့ လေဟာနယ်နည်းစနစ်ကို အသုံးပြုသွားတာပဲ၊ အဲ့တာကြောင့် မင်းရဲ့လက်သီးစွမ်းအားက နှစ်ဆလောက်ပိုပြီး အစွမ်းထက်နေရင်တောင်မှ ဘာမှအသုံးဝင်မှာမဟုတ်ဘူး "
ထိုသို့ပြောပြီးသည်နှင့် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်မှာ သုံးချောင်းထောက်ကြေးအိုးကြီး၏ ဝိညာဥ်ကို ကြည့်လိုက်ပြီးပြုံး၍...
" မင်းအခု ဘယ်လိုထင်လဲ "
" ကျွန်တော်ဘာမှလဲ မကြားရသလို .. ဘာမှလဲ မမြင်ခဲ့ရပါဘူး "
သုံးချောင်းထောက်ကြေးအိုးကြီး၏ဝိညာဥ်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
" ဒါဆို မင်းအခုချိန်ကစပြီးတော့ ရဲ့ဟိုင်အနောက်ကို လိုက်ရမယ် "
" ဒါပေမဲ့ ဆရာသခင် သူကအဲ့လိုမျိုး ပါရမီရှင်ဆိုရင်တောင်မှ ကျွန်တော် ဆရာသခင်ရဲ့အနောက်ကိုပဲ လိုက်ချင်တုန်းပါပဲ "
" ဟူး .. ခေါင်းမမာနဲ့ မင်းလဲ သိတဲ့အတိုင်း ငါကအခုချိန်မှာ သေဆုံးပြီးသား လူတစ်ယောက်ဖြစ်နေပြီလေ "
" ဒါပေမဲ့ .. "
သုံးချောင်းထောက်ကြေးအိုးကြီး၏ဝိညာဥ်မှာ အထွန့်တက်ချင်သော်လည်း အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်က မျက်နှာတည်တည်ဖြင့် တားမြစ်လိုက်၏။
" ကောင်းပြီ ဒီစကားကို ဆက်မပြောတော့ဘူး .. အခု မင်း သန့်စင်နေတဲ့နတ်ဆိုးက ဘယ်လိုအခြေအနေရှိလဲ "
" ဆရာသခင် အဲ့ဒီနတ်ဆိုးသားရဲကို လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်တည်းက နတ်ဆိုးဝတ်ရည်အဖြစ် ကျွန်တော်သန့်စင်နိုင်ခဲ့ပါတယ် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ချက်ချင်းပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင် အံ့ဩဖွယ်ရာကောင်းသော အတက်အကျလှိုင်းများ ထွက်ပေါ်နေသည့် ကြည်လင်သော အရည်တစ်စက်က သူ့လက်ထဲသို့ ရောက်ရှိလာသည်။
ထို့နောက် သူ ကျောက်စိမ်းပုလင်းတစ်လုံးထဲသို့ ၎င်းအရည်စက်အား ထည့်လိုက်၏။ နောက်ဆုံး ( 9 ) စက်တိတိ ထိုအရည်စက်များကို ထုတ်ယူပြီးနောက် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်က ရဲ့ဟိုင်အား ထိုကျောက်စိမ်းပုလင်းကို ပေးလိုက်သည်။
" အကြီးအကဲ ဒီနတ်ဆိုးဝတ်ရည်ဆိုတဲ့ ရတနာက အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူတွေအတွက် အခြားဘာအကျိုးကျေးဇူးတွေ ရှိပါသေးလဲ "
ရဲ့ဟိုင် တီးတိုးမေးလိုက်၏။
" ရဲ့ဟိုင် ဒီနတ်ဆိုးဝတ်ရည်ဆိုတာက သာမန်ရတနာမဟုတ်ဘူး၊ သူက အင်မော်တယ်အရှင်အဆင့်မြင့် ကျွမ်းကျင်သူတွေကို အဆင့်တစ်ဆင့်အထိ တိုက်ရိုက်ဖြတ်ကျော်စေနိုင်စွမ်းရှိတယ်၊ ကျင့်ကြံအဆင့် နိမ့်တဲ့သူတွေဆိုရင် အဆင့်သုံးဆင့်အထိတောင် ဖြတ်ကျော်စေနိုင်တယ် "
" ဒါဆိုရင် ဒီနတ်ဆိုးဝတ်ရည် ( 9 ) စက်က ကျွန်တော်အဆင့်တက်ဖို့အတွက် အသုံးပြုရမယ့်အရာပေါ့ "
ရဲ့ဟိုင် မေးလိုက်သည်။
" ကောင်လေး မင်းရဲ့ကျင့်ကြံအဆင့်တိုးတက်ဖို့ နတ်ဆိုးဝတ်ရည် ( 9 ) စက်လုံး လိုအပ်မယ်လို့ မင်းထင်လား "
အစွန်းနှစ်ဘက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကိုကြည့်ကာ မေးလိုက်၏။
" မထင်ပါဘူး "
ရဲ့ဟိုင် ခေါင်းခါယမ်းလိုက်သည်။
" အင်မော်တယ်အရှင်အဆင့်တွေဆိုတာက မဟာတာအိုကို နားလည်နိုင်ပြီး မဟာတာအိုရဲ့စွမ်းအား တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်အသုံးပြုနိုင်စွမ်းရှိတယ်၊ ဒါပေမဲ့ မဟာအိုကို နားလည်ဖို့ဆိုတာက လွယ်ကူတဲ့အရာတစ်ခုမဟုတ်ဘူး၊ ရှေ့ဆက်ဖို့ မျှော်လင့်ချက်မရှိတဲ့ အင်မော်တယ်အရှင်တွေပဲ နတ်ဆိုးဝတ်ရည်ကို အသုံးပြုသင့်တယ် "
အစွန်းနှစ်ဘက်အင်မော်တယ်ဘုရင် ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်ကိုကြည့်လိုက်ပြီး...
" ငါမင်းကို နတ်ဆိုးဝတ်ရည် ( 9 ) စက် ပေးလိုက်ရတဲ့အကြောင်းအရင်းက မင်းရဲ့လက်အောက်ငယ်သားတွေကို ပေးနိုင်ဖို့ပဲ "
" ကျေးဇူးပါပဲ အကြီးအကဲ ဒါနဲ့ ဒီကြေးအိုးကြီးရဲ့နာမည်က ဘာလဲဆိုတာ သိလို့ရမလား "
" အဲ့တာ ဆေးဘုရင်အိုးပဲ "
" ဆေးဘုရင်အိုး ဟုတ်လား "
ရဲ့ဟိုင် နာမည်ကြောင့် အံ့အားသင့်သွား၏။ ၎င်းနာမည်ထဲတွင် ဆေးဆိုသော စကားလုံးကပါဝင်နေသည်။
" ဒီဆေးဘုရင်အိုးကို ငါတွေ့တဲ့အချိန်မှာ သူကတော်တော်လေးပျက်စီးနေပြီ ငါက မူလအခြေခံအုတ်မြစ်ကို ပြန်ပြီးတော့ ရိုးရိုးရှင်းရှင်း ပြုပြင်ခဲ့တာပဲ "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ဆေးဘုရင်အိုးအားကြည့်ကာ ရဲ့ဟိုင်ကိုပြောလိုက်၏။
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ ထိုစကားများကိုနားထောင်ရင်း ဤဆေးဘုရင်အိုး၏ ယခင်အခြေအနေက သူ၏အင်မော်တယ်ချုပ်နှောင်ကြိုး၏ အခြေအနေ တူညီနေကြောင်း နားလည်လိုက်သည်။
" ဒါဆိုရင် အကြီးအကဲ လက်နက်ဝိညာဥ်က ပြန်ပြီးမွေးဖွားလာတာလား "
" ဟုတ်တယ် လက်နက်ဝိညာဥ်က နောက်ပိုင်းမှာ ပြန်ပြီးမွေးဖွားလာခဲ့တာပဲ၊ ငါဆေးဘုရင်အိုးကို ရရှိတဲ့အချိန်မှာ လက်နက်ဝိညာဥ်က လုံးဝကို သေဆုံးနေခဲ့ပြီ "
" ပြီးတော့ ဒီဆေးဘုရင်အိုးက မင်း သားရဲဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် အဲ့ဒီအထဲကို ပစ်ထည့်လိုက်မယ်ဆိုရင် သက်ဆိုင်ရာသဘာဝဓာတ်ရဲ့ အဆင့်မြင့်ဆေးလုံးအဖြစ် သန့်စင်ပေးလိမ့်မယ် "
" အလိုအလျောက် သန့်စင်ပေးတာလား "
ရဲ့ဟိုင် အလန့်တကြားဖြင့် မေးလိုက်လေ၏။
" ဟုတ်တယ် "
ထိုသို့ပြောပြီးသည်နှင့် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်သည် သုံးချောင်းထောက်ဆေးဘုရင်အိုးအားကြည့်လိုက်ပြီး...
" အဲ့ဒီဆေးဘုရင်အိုးထဲမှာ ဆေးဘုရင်တစ်ပါးရဲ့ တစ်သက်တာ မှော်ဆေးပညာအမွေအနှစ်တွေ ပါဝင်တယ်လေ၊ ကံမကောင်းစွာနဲ့ ငါက ကျင့်ကြံခြင်းလမ်းစဥ်ကိုပဲ လျှောက်လှမ်းခဲ့တာဆိုတော့ အဲ့ဒီအမွေအနှစ်ကို ဆက်မခံနိုင်ခဲ့ဘူး "
" ဆေးဘုရင်တစ်ပါးရဲ့ အမွေအနှစ်က ဒီဆေးအိုးပေါ်မှာရှိနေတာလား "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ ထိုအတည်ပြုချက်က ရဲ့ဟိုင်၏ မျက်နှာ၌ အံ့အားသင့်မှုများ၊ ပျော်ရွှင်မှုများကို တဖျတ်ဖျတ် ဖြစ်ပေါ်လာစေသည်။
ရဲ့ဟိုင်၏ အမူအရာကိုကြည့်ပြီး အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် မျက်မှောင်ကုပ်လိုက်ကာ...
" ဘာလဲ မင်းက မှော်ဆေးပညာရပ်ကိုလည်း လေ့ကျင့်ဖူးလား "
" ဟုတ်ပါတယ် "
" ဒါဆိုရင် မင်း နှစ်ဆကံကောင်းသွားတာပေါ့ .. ဆေးဘုရင်တစ်ပါးရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်တော့မယ် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်သည် ဤရဲ့ဟိုင်ဆိုသောလူငယ်က အနာဂါတ်တွင် နတ်ဘုရားကျိန်းသေဖြစ်လာမည်ဟု ပို၍သေချာသွား၏။ သူ၏ဆေးဘုရင်အိုးနှင့် ဆေးဘုရင်တစ်ပါး၏ အမွေအနှစ်များက ဤကောင်အတွက် အဆင်သင့် ဤနေရာတွင် စောင့်ဆိုင်းနေသကဲ့သို့ပင်။
ဤကဲ့သို့ ဆန်းကြယ်သည့် ကံတရား ပိုင်ဆိုင်ထားသောလူတစ်ယောက်သာ နတ်ဘုရားမဖြစ်ဘူးဆိုလျှင် ဘယ်သူမှဖြစ်နိုင်တော့မှာ မဟုတ်ဘူးဖြစ်သည်။
" ကောင်းပြီ နောက်ရက်အနည်းငယ်အတွင်း မင်းဒီက မှော်ဆေးပညာရပ်ကို လေ့လာပေါ့ "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်ကို အလေးအနက် စိုက်ကြည့်လိုက်ကာ...
" ငါကလဲ ငါ့ရဲ့ အစွန်းနှစ်ဖက် မြင့်မြတ်တန်ခိုးစွမ်းအားကို မင်းကိုသင်ကြားပေးမယ် "
***