" အစွန်းနှစ်ဖက် မြင့်မြတ်တန်ခိုးစွမ်းအား ဟုတ်လား "
" ဟုတ်တယ် .. ငါ့ရဲ့ အစွန်းနှစ်ဖက် မြင့်မြတ်တန်ခိုးစွမ်းအားက အမှန်တကယ်တော့ တားမြစ်တန်ခိုးစွမ်းအားတစ်ခုပဲ "
" တားမြစ်တန်ခိုးစွမ်းအား "
ထိုစကားကိုကြားသောအခါ ရဲ့ဟိုင်၏မျက်လုံးက တလက်လက် တောက်ပလာတော့၏။
တားမြစ်ဆိုသည့် စကားပါနေသဖြင့် ဤစွမ်းအားက မည်မျှတောင်မှ သန်မာပြီး ကြောက်စရာကောင်းသည်ဆိုတာကို ဖော်ပြနေသည်။
" ကောင်လေး ငါ့ရဲ့ အစွန်းနှစ်ဖက် တန်ခိုးစွမ်းအားဆိုတာက အချိန်တာအိုနိယာမ ပါဝင်နေတဲ့စွမ်းအားပဲ၊ မင်းသိထားရမှာ အချိန်တာအိုနိယာမဆိုတာက နတ်ဘုရားတွေသာ ထိတွေ့နိုင်တဲ့ နယ်ပယ်ဖြစ်တယ် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ထိုသို့ပြောလာလျှင် ရဲ့ဟိုင်ကပို၍ပင် မျက်နှာ၌ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာ၏။
" အကြီးအကဲ ကျွန်တော်အဲ့တာကို အခုလေ့ကျင့်လို့ရလား "
" ကောင်လေး အစွန်းနှစ်ဖက် မြင့်မြတ်တန်ခိုးစွမ်းအားက အချိန်တာအိုနိယာမပါဝင်တယ်ဆိုတော့ နားလည်ဖို့လွယ်ကူမယ် ထင်လား "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ထိုသို့ပြောပြီးသည်နှင့် ခေါင်းကိုခါယမ်းလိုက်ပြီး...
" မင်းရဲ့လက်ရှိအခြေအနေအရဆိုရင် အနည်းဆုံးတော့ မင်းက အင်မော်တယ်အရှင်အဆင့်မဟုတ်ဘဲ အင်မော်တယ်ဘုရင်အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်မှရမယ် "
" ဘာလို့လဲ "
ရဲ့ဟိုင် မျက်မှောင်ကုပ်ကာ ပြန်မေးလိုက်သည်။
" ကောင်လေး တားမြစ်ထားတဲ့ နတ်တန်ခိုးစွမ်းအားဆိုတာက နတ်ဘုရားတွေရဲ့ အမျက်ဒေါသကို စွဲဆောင်နိုင်စွမ်းရှိတယ်၊ နတ်ဘုရားတွေသာ အမျက်ဒေါသထွက်သွားပြီဆိုရင် ကံဆိုးမှုတွေက မင်းအပေါ်ကို အလုံးလိုက်အရင်းလိုက် ကျရောက်လာမှာပဲ၊ မင်း အင်မော်တယ်ဘုရင်အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမှသာ အဲ့ဒီအမျက်ဒေါသကို တောင့်ခံနိုင်စွမ်းရှိလိမ့်မယ် "
ထိုသို့ပြောပြီးသည်နှင့် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကိုကြည့်ကာ ခေါင်းညိတ်လိုက်၏။
" ဒါပေမဲ့မင်း လက်ရှိအခြေအနေအရဆိုရင် မကြာခင် မင်းဆိုတဲ့ ကောင်က အင်မော်တယ်အရှင်အဆင့်လောက်ရောက်တာနဲ့ အင်မော်တယ်ဘုရင်အဆင့်ခန္ဓာကိုယ်ကို ကျိန်းသေရနိုင်မှာ အသေအချာပဲ "
" ဒါပေမဲ့ မင်း အင်မော်တယ်ဘုရင်အဆင့် ခန္ဓာကိုယ်ကို ရသွားရင်တောင်မှ ဒီတန်ခိုးစွမ်းအားကို ကျိန်းသေအသုံးချနိုင်တယ်လို့ မဆိုလိုသေးဘူး "
" ဘာလို့လဲဆိုတော့ အစွန်းနှစ်ဖက်တန်ခိုးစွမ်းအားကို အသုံးပြုဖို့ဆိုရင် အရမ်းကိုသန်မာတဲ့ ဝိညာဥ်စွမ်းအားလည်း လိုအပ်တယ်၊ ထာဝရတည်ရှိနိုင်တဲ့ အဆင့်ကိုရောက်နေတဲ့ ဝိညာဥ်စွမ်းအားကို ပိုင်ဆိုင်မှသာ အချိန်နဲ့ လေဟာနယ်ကို မင်းကောင်းကောင်းကြီး အသုံးချနိုင်စွမ်းရှိမှာ "
" ဒါဆို ကျွန်တော် အဲ့ဒီတန်ခိုးစွမ်းအားကို မသုံးနိုင်ခင် အချိန်အတော်တော်ကြာအထိ စောင့်ရမှာပေါ့ "
ရဲ့ဟိုင် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
တကယ်တော့ ရဲ့ဟိုင်တွင် သူအသုံးမချနိုင်သေးသော အခြားမှော်စွမ်းအားများလည်း အများကြီးရှိနေသေး၏။
ပထမဆုံးအနေဖြင့် ဆန္ဒမဲ့အင်မော်တယ်၏ ရှေးဟောင်းစည်းတံဆိပ်ခြောက်မျိုးထဲမှ မဟာတာအိုစည်းတံဆိပ်ဖြစ်သည်။ ရဲ့ဟိုင်သည် လက်ရှိအချိန်တွင် ၎င်းမဟာတာအိုစည်းတံဆိပ်ကို မည်ကဲ့သို့ ကျွမ်းကျင်အောင် အသုံးချရမလဲဆိုတာ မသိသေးချေ။
ဒုတိယအနေဖြင့် ကြောက်စရာကောင်းသော ဝိညာဥ်စွမ်းအားကို ပိုင်ဆိုင်ထားရန် လိုအပ်သော ချိတ်ပိတ်ဘုရင် သူ့အတွက်ပေးအပ်ခဲ့သည့် တားမြစ်နည်းစနစ်တစ်ခုရှိသေး၏။
" ကောင်လေး ငါအခုမင်းကိုသင်ပေးမယ့် အစွန်းနှစ်ဖက် တန်ခိုးစွမ်းအားဆိုတာက မင်းနားမလည်နိုင် အသုံးမချနိုင်သေးပေမဲ့ အဲ့ဒီအရာက မင်းရဲ့အခြေခံအုတ်မြစ် အနှစ်သာရတော့ ဖြစ်လာနိုင်တယ်၊ မင်းသာ အင်မော်တယ်အရှင်အဆင့်ကို ရောက်သွားရင် သူတို့က နိုးထလာပြီး နောက်ဆုံးမှာ မင်းရဲ့မဟာတာအို တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကိုကြည့်ကာ ထပ်မံ၍ ရှင်းပြလိုက်သည်။
" ဟုတ်ကဲ့ပါအကြီးအကဲ "
ရဲ့ဟိုင်ခေါင်းညိတ်လိုက်၏။ ဤအခွင့်အရေးက မည်မျှတန်ဖိုးရှိသည်ဆိုတာကို ရဲ့ဟိုင်နားလည်လေသည်။ ပြောရလျှင် ဤအခွင့်အရေးမှာ လူတိုင်းနှင့်မထိုက်တန်သော အခွင့်အရေးလည်းဖြစ်၏။
အင်မော်တယ်ဘုရင်အဆင့်တိုင်းအတွက် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်လို ရက်ရောမှုဖြင့် မျိုးဆက်များအား ဤကဲ့သို့ ပေးဆောင်ရန်ဆိုသည်မှာ လုံးဝကို မဖြစ်နိုင်သလောက်ပင်။
" တစ်နှစ်
" နှစ်နှစ် "
" သုံးနှစ် "
ဤသုံးနှစ်အတွင်း ရဲ့ဟိုင်သည် မှော်ဆေးဘုရင်တစ်ပါး ချန်ထားခဲ့သော မှော်ဆေးပညာရပ်များကို အချိန်အများစု လေ့လာရင်းနေခဲ့လေသည်။
သူထိုသို့လေ့လာနေစဥ် ရဲ့ဟိုင်သည် မှော်ဆေးပညာလမ်းစဥ်၌ ထူးခြားသော လမ်းကြောင်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ ဤအရာကတော့ မှော်ဆေးပညာရပ်စွမ်းအားသည် မဟာတာအိုသုံးထောင်တွင် အဆင့်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်သည်ဟူသည့် လမ်းကြောင်းအသစ်ပင်။
မှော်ဆေးပညာရှင်များ အကုန်လုံးသည် သူတို့က တိုက်ခိုက်နိုင်စွမ်းမရှိဘူးဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြသည်။
၎င်းက အလွန်အမင်းကို လွဲမှားနေသော အယူအဆတစ်ခုပင်။
သူ၏ လေ့လာတွေ့ရှိချက်အရဆို ရဲ့ဟိုင်သည် မှော်ဆေးပညာရပ်လမ်းကြောင်း၏ တိုက်ခိုက်နိုင်စွမ်းအားက ကျင့်ကြံခြင်းလမ်းကြောင်းထက် အားမနည်းကြောင်း ရှာဖွေတွေ့ရှိခဲ့၏။
ထိုအချိန်တွင် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ အသံက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။
" အစွန်းနှစ်ဖက် မြင့်မြတ်နတ်တန်ခိုးစွမ်းအားနဲ့ ပတ်သက်ပြီး အဓိကအချက်အလက်တွေကို ငါအကုန်လုံး ရှင်းပြထားပြီးပြီ၊ အခုအချိန်မှာ မင်းနားမလည်လဲ ကိစ္စမရှိဘူး မင်းနယ်ပယ်အဆင့်မြင့်လာတာနဲ့အမျှ အဲ့ဒီနတ်တန်ခိုးစွမ်းအားတွေကလည်း မင်းရဲ့စိတ်ဝိညာဥ် အနှစ်သာရအစိတ်အပိုင်း ဖြစ်လာလိမ့်မယ် "
ထိုသို့ပြောပြီးသည်နှင့် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကို ကျောက်စိမ်းပြားနှစ်ခုအား ပေးအပ်လာလေ၏။
" တစ်ခုက ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းစနစ်တွေကို ထည့်သွင်းထားပြီး နောက်တစ်ခုကတော့ ငါတစ်သက်လုံးလေ့လာထားတဲ့ မဟာတာအိုရဲ့ အနှစ်သာရတွေကို ထည့်သွင်းထားတာ "
" ဒါတွေပဲ ငါမင်းကို နောက်ဆုံးအနေနဲ့ ပေးနိုင်တော့မယ် ... ရှေ့ဆက်ရမယ့်လမ်းကတော့ မင်းကိုယ့်ဘဝကိုယ် ရုန်းကန်ရမှာပဲ "
" အကြီးအကဲ "
တစ်ဖက်တွင် ရဲ့ဟိုင်က ဝမ်းနည်းသွားသည်။ ဤစကားများကို နားထောင်ခြင်းအားဖြင့် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်ကို သူအချိန်အတော်ကြာအောင် မတွေ့ရတော့ဘူးဆိုတာ ယောင်ဝါးဝါး သဘောပေါက်သွား၏။
" ကလေးတစ်ယောက်လို လုပ်မနေနဲ့ "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်၏ ပုခုံးကို ပုတ်လိုက်ပြီး...
" အချိန်တစ်ခုကြာတဲ့အထိ ငါ ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်ထားတော့မှာ .. မိုးနဲ့မြေရဲ့ မဟာကပ်ဆိုးကြီး ကျရောက်လာတဲ့အချိန်ထိ ငါရှိချင်နေတုန်းပဲ၊ အဲ့ဒီအချိန်မှာ မင်းက ငါမော့ကြည့်ရတဲ့ အခြေအနေကို ရောက်နေမယ်လို့ မျှော်လင့်မိတယ် "
" အကြီးအကဲ စိတ်ချပါ ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး ကျင့်ကြံပါ့မယ် "
ရဲ့ဟိုင် အလေးအနက်ပင် ခေါင်းညိတ်လိုက်သည်။
" ရှောင်ရှ အခုချိန်ကစပြီး မင်းက ရဲ့ဟိုင်နောက်ကိုလိုက်ပြီးတော့ သူ့ကိုအလုံးစုံထောက်ပံ့ပေးရမယ် နားလည်လား "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်သည် ဆေးဘုရင်အိုး၏ ဝိညာဥ်ကိုကြည့်လိုက်ပြီး မျက်လုံးထဲတွင် ဝမ်းနည်းမှု အချို့ဖြစ်ပေါ်လာလေ၏။
" ရှောင်ရှ .. မင်းလဲ အနာဂါတ်မှာ နတ်ဘုရားအဆင့်ပစ္စည်းအဖြစ် ပြောင်းလဲသွားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ် "
" ဆရာသခင် "
ဆေးဘုရင်အိုး၏ ဝိညာဥ်ထံမှ ငိုရှိုက်သံများက ထွက်ပေါ်လာတော့သည်။
" ကောင်းပြီ .. သွားကြတော့ "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ထိုကဲ့သို့ လက်ဝှေ့ယမ်းကာ နောက်ကျောခိုင်းသွားသည်နှင့် လက်နက်ဝိညာဥ်က အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်ကို သေချာတလေးတစားဖြင့် ဒူးထောက်ဦးညွှတ်ပြီးနောက် ဆေးဘုရင်အိုးဆီသို့ ပြန်လည်၍ ဝင်ရောက်သွားခဲ့လေ၏။
***