ရဲ့ဟိုင် ဆေးဘုရင်အိုးကို သူ၏ သိုလှောင်အိတ်ထဲသို့ မထည့်မီ ခဏလောက် စဉ်းစားနေခဲ့သေးလေသည်။
ထို့နောက် ဆေးဘုရင်အိုးကို သိမ်းဆည်းလိုက်ပြီး သူ့လက်ထဲတွင် ရွှေရောင် ကမ္ပည်းပြားတစ်ခု ပေါ်လာ၏။ ရဲ့ဟိုင် ဝိညာဉ်စွမ်းအင်ကို ထိုရွှေရောင် ကမ္ပည်းပြားထဲသို့ ပို့လိုက်သည်နှင့် သူ့ရှေ့တွင် ဝင်ပေါက်ပေါ်တယ်များ ဖြစ်လာသည်။
ထိုဝင်ပေါက် ပေါ်တယ်များကိုကြည့်ပြီး ရဲ့ဟိုင် အံ့အားသင့်ကာ ဆွံ့အသွား၏။
တံခါးပေါက်တွေက အဘယ်ကြောင့် ဤမျှများပြားနေခဲ့သနည်း။
ကြီးမြတ်သော စကြာဝဠာထဲတွင် ကမ္ဘာသုံးထောင်သာ ရှိသည် မဟုတ်လော။
သို့သော် သူမြင်နေရသည့် ပေါ်တယ် တံခါးတွေက သောင်းနှင့်ချီ ရှိနေလေသည်။
ချက်ချင်းပင် ရဲ့ဟိုင် တစ်စုံတစ်ခုကို တွေးမိလိုက်၏။
သူနေထိုင်သော အင်မော်တယ်ဘုံ၏ အောက်တွင် အဆင့်နိမ့် ကမ္ဘာပေါင်း သုံးထောင် ထပ်ရှိနေသည်ကို ရဲ့ဟိုင် သတိရလိုက်သည်။ သူကိုယ်တိုင်လဲ ထိုအဆင့်နိမ့်ကမ္ဘာလေးကနေ အင်မော်တယ်ဘုံသို့ တက်လာခြင်းပင်။
ဒါဆို တခြားဘုံ ရှစ်ခုတွင်လဲ အဆင့်နိမ့် ကမ္ဘာပေါင်း သုံးထောင်စီ ရှိနေသည်ပေါ့။
ထိုအချက်နှင့်သာ ဤတံခါးများ အဘယ်ကြောင့် သောင်းနှင့်ချီ ရှိနေသလဲ ဆိုတာ အဓိပ္ပါယ်ရှိသွားပေမည်။
ဤတံခါးပေါက် ပေါ်တယ်များကြားတွင် ရဲ့ဟိုင်သည် မြင့်မြတ်သော အရှိန်ဝါများထွက်ပေါ်နေသည့် တံခါးရှစ်ပေါက်ကို တွေ့ရှိခဲ့၏။ ၎င်းတို့ထဲမှ တစ်ခုတွင် သူနှင့် ရင်းနှီးသော ရှေးဟောင်း အရှိန်ဝါကို ခံစားနေရလေသည်။
" အင်မော်တယ်ဘုံ "
ဒါပဲ …
ရဲ့ဟိုင် ရှေ့သို့ တိုးကာ တုန့်ဆိုင်းခြင်းမရှိ ထိုပေါ်တယ် တံခါးပေါက်ကို တွန်းဖွင့်ဝင်လိုက်၏။
သူပြန်ထွက်လာသောအခါ ကြီးမားသော ရွှေရောင်နယ်မြေကြီးကို မြင်လိုက်ရလေသည်။ ကောင်းကင်တွင် နေကိုးစင်းက တည်ရှိနေပြီး နေအလင်းရောင်အောက်တွင် နယ်မြေကြီးက ရွှေရောင်လင်းလက် တောက်ပနေခြင်းဖြစ်၏။
" နေကိုးစင်း မီးတောက်နယ်မြေ "
ရဲ့ဟိုင်၏ မျက်နှာတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။
နေကိုးစင်း မီးတောက်နယ်မြေ မဆိုထားနှင့် ရဲ့ဟိုင် သူ အရှေ့ပိုင်း ကုန်းမြေတိုက်ကြီးကိုတောင် ပြန်ရောက်နိုင်မည်လို့ မမျော်လင့်ရဲချေ။ တစ်ခြားကုန်းမြေတိုက်ကြီးတွေ ရောက်သွားမည်ဟု အများဆုံးထင်ထားလေ၏။
ယခုတော့ …
ကြည့်ရတာ ကံကြမ္မာက သူ့ကို ပြန်ပြီး မျက်နှာသာ ပေးလာပုံပင်။
ကျိယန်မြို့ ..
ကျိယန်မြို့ဆီသို့ ပျံသန်းလာစဉ် လေးနက်သော အမူအရာတစ်ခုက ရဲ့ဟိုင်၏ မျက်နှာတွင် ဖြစ်ပေါ်လာလေ၏။
အဘယ်ကြောင့်ဆိုသော လမ်းတလျှောက်တွင် အသည်းသန် ထွက်ပြေးနေသော ကျင့်ကြံသူ အုပ်စုလိုက်တွေကို သူတွေ့နေရသောကြောင့်ပင်။
သူ ကောင်းကင်မှ ဆင်းသက်ကာ လူငယ်တစ်ဦးကို တားဆီးပြီးမေးလိုက်၏။
“ ဘာဖြစ်လို့ အသည်းသန် ထွက်ပြေးသလို သွားလာနေကြတာလဲ မိတ်ဆွေ ”
" မင်းမသိဘူးလား .. ကြည့်ရတာ မင်းအခုမှ ဒီနယ်မြေကို ရောက်လာပုံပဲ၊ ဒါဆိုရင် မြန်မြန်ထွက်ပြေးတော့ ကိုယ့်လူ၊ နေကိုးစင်းမီးတောက် နယ်မြေမှာ အရမ်းသန်မာတဲ့ နတ်ဆိုးတစ်ကောင် ပေါ်လာပြီး သောင်းကျန်းနေတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူ ထောင်သောင်းချီတဲ့ ကျင့်ကြံသူတွေကို သတ်ပစ်လိုက်ပြီ "
" ငါတို့လဲ ခိုလှုံဖို့အတွက် အခု ကျိယန်မြို့ကို သွားနေကြတာ … "
လူငယ်သည် ကမန်းကတန်း ပြောပြီးသည်နှင့် အလျှင်မြန်ထွက်သွားရန်လုပ်လေသည်။
သို့သော် ရဲ့ဟိုင် ဖမ်းဆွဲကာ တားဆီးလိုက်၏။
" နတ်ဆိုး သောင်းကျန်းနေတယ် "
ရဲ့ဟိုင် တအံ့တဩဖြင့် ..
" နေကိုးစင်းမီးတောက် နယ်မြေဆိုတာက အရှေ့နတ်နန်းတော်ရဲ့ နယ်မြေပဲ၊ သူတို့က ဘာမှ မလုပ်ကြဘူးလား”
လူငယ် သက်ပြင်းချလိုက်ပြီး ..
" အရှေ့နတ်နန်းတော်က ဘယ်ထိုင်ကြည့်နေမလဲ၊ သူတို့က အဲ့ဒီ နတ်ဆိုးကိုဖမ်းဖို့ ကျင့်ကြံသူ အမြောက်အမြားစေလွှတ်ခဲ့တယ်၊ ဒါပေမဲ့ နတ်ဆိုးကောင်က လိမ္မာပါးနပ်လွန်းလို့ ခုထိ ဖမ်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ လွတ်မြောက်နေတုန်းပဲ "
ရဲ့ဟိုင် မျက်မှောင်ကုတ်သွားကာ …
" အဲ့ဒီနတ်ဆိုးကောင်ရဲ့ ပုံစံက ဘယ်လိုမျိုးလဲ ပြောပြလို့ရမလား မိတ်ဆွေ "
လူငယ်သည် ရဲ့ဟိုင်၏ အမေးမြန်းထူမှုကြောင့် စိတ်မရှည်တော့သော်လဲ သူဆက်ပြောပြလိုက်ဆဲပင်။
“ အဲ့နတ်ဆိုးကောင်က သွေးနီရောင်ဓားကို ကိုင်ဆောင်ထားတဲ့ လူငယ်တစ်ယောက်လို့ ကောလဟာလတွေ ထွက်ပေါ်နေတာပဲ ”
ထိုစကားက ရဲ့ဟိုင်၏ စိတ်ကို “ ဒိန်း “ ခနဲ ဖြစ်သွားစေလေ၏။
သွေးနီရောင်ဓား .. အဲ့ဓားက ကောင်းကင်လင်းယုန် တောင်ကြားထဲမှာ ချိတ်ပိတ်ခံထားရတဲ့ ဓားတော့ မဟုတ်လောက်ဘူးမှလား။
ထိုသို့တွေးမိသည်နှင့် ချက်ချင်းပင်ရဲ့ဟိုင် လေဟာနယ်ကိုဆုတ်ဖြဲပြီး ကောင်းကင်လင်းယုန် တည်ရှိရာနယ်မြေသို့ ဦးတည်ကာ ပြေးသွား၏။
တစ်ဖက်တွင် မေးခွန်းမေးနေသော လူငယ်ကတော့ အံ့အားသင့်ကာ ပါးစပ်ဟောင်းလောင်းဖြင့် ကျောက်ရုပ်ကဲ့သို့ ကျန်ခဲ့သည်။
" လေဟာနယ်ကို ဆုတ်ဖြဲသွားတယ် ဒါဆိုသူက သန်မာတဲ့ အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူပေါ့ "
ဤမျှသန်မာသော အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်အား ဤနေရာတွင် သူတိုက်ရိုက်ကြုံတွေ့ခဲ့ရမည်ဟု မမျှော်လင့်ထားချေ။
ကောင်းကင်လင်းယုန် တောင်ကြားချိုင့်ဝှမ်း၌...
ရဲ့ဟိုင်သည် ထိုနေရာသို့ ရောက်သောအခါ ယခင်က ကြီးကြယ်ခမ်းနားသော အရှိန်အဝါပုံရိပ်များ တည်ရှိခဲ့သည့် ကောင်းကင်လင်းယုန်ကြီးက အရိုးစုအဖြစ် ပြောင်းလဲနေပြီဆိုတာကို တွေ့လိုက်ရ၏။ သွေးနတ်ဆိုးဓားကလဲ သဲလွန်စ မကျန်အောင် ပျောက်ကွယ်နေသည်။
ထိုအချက်က ရဲ့ဟိုင်၏ မျက်နှာအမူအရာကို မဲမှောင်သွားစေ၏။
သူထွက်မသွားခင်သုံးနှစ်အတွင်း သွေးနတ်ဆိုးဓားကို စည်းတံဆိပ်ခတ်ပေးရန်အတွက် အင်မော်တယ်သခင်အဆင့် အစီအရင်ပညာရှင်များအား အကူအညီတောင်းရန် ခွန်ယင်းအာကို အမိန့်ပေးခဲ့ကြောင်း သတိရမိလိုက်သည်။
ဤကိစ္စကို ခွန်ယင်းအာ မေ့သွားခဲ့သည်လား။
ရဲ့ဟိုင်ချက်ချင်းပင် လှည့်ပတ်ကြည့်ပြီးနောက် လေဟာနယ်ကိုဆုတ်ဖြဲကာ ပြန်လည်၍ ထွက်ခွာသွား၏။
ရှေးဟောင်းကောင်းကင်လင်းယုန်၏ အသွေးအသားများကို စုပ်ယူပြီးနောက် သွေးနတ်ဆိုးဓားက သူ၏နဂိုအထွတ်အထိပ် အခြေအနေကိုပင် ပြန်လည်ရောက်ရှိသွားနိုင်ဖွယ်ရှိလေသည်။
***