ဘူရီမြို့...
ရဲ့ဟိုင်က ဘူရီမြို့၏ ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်နှင့် သူ၏နတ်အသိစိတ်အာရုံဖြင့် မြို့တစ်မြို့လုံးကို ဖြန့်ကျက်ကာ ကြည့်လိုက်၏။
ဆယ်စုနှစ်တစ်ခုကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ဘူရီမြို့က ကျိယန်မြို့နှင့်ပင် နှိုင်းယှဥ်နိုင်နေပြီဖြစ်သည်။
ဤအရာကလဲ ပုံမှန်ပင်။
မသွားခင် ရဲ့ဟိုင်သည် ခွန်ယင်းအာကို အရင်းအမြစ်ပေါင်းမြောက်များစွာ ချန်ထားပေးခဲ့လေ၏။
ရဲ့ဟိုင် လေဟာနယ်ကိုဆုတ်ဖြဲကာ ခွန်ယင်းအာ ကျင့်ကြံနေသော ကျင့်ကြံခြင်းအခန်းထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရိုးရှင်းစွာ ဝတ်ဆင်ထားသော ခွန်ယင်းအာမှာ တိတ်တဆိတ်ဖြင့် မျက်လုံးမှိတ်ကာ ကျင့်ကြံနေ၏။
ရဲ့ဟိုင် ခွန်ယင်းအာ၏ ကျင့်ကြံခြင်းကို နှောင့်ယှက်ခြင်းမရှိဘဲ အနားသို့ ချဥ်းကပ်သွားသည်။
ခွန်ယင်းအာသည် မြင့်မြတ်သော မိသားစုမှ အမျိုးသမီးတစ်ယောက်၏ အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး သူမပြုံးလိုက်တိုင်း နှစ်သက်ဖွယ်ကောင်းလွန်းလှ၏။ အနီးကပ်ကြည့်လေ သူမက ထူးခြားလှပလေပင်။ အထပ်ထပ် အခါခါ ပြုပြင်ပြီး ထုဆစ်ထားသော ပန်းပုရုပ်လေးအလားထင်ရပြီး သင်းပျံ့သော ရနံ့ကလည်း မွှေးကြိုင်လွန်းလှသည်။
ရဲ့ဟိုင် သူမ၏ အလှများကို သတိပြုမိသွားသည်နှင့် မျက်လုံးအကြည့်ကလဲ တဖြည်းဖြည်း စူးရဲလာတော့၏။
တစ်ဖက်တွင် ကျင့်ကြံနေသော ခွန်ယင်းအာကလဲ တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး မျက်လုံးကိုဖွင့်ကာ ကြည့်လိုက်သည်။ ထို့နောက် လူငယ်တစ်ယောက်က သူမကိုကြည့်နေသည်အား သတိထားမိသောအခါ နဖူးတည့်တည့်မှ ဝိညာဥ်စွမ်းအားက အားကောင်းသော နတ်ဓားတစ်ချောင်းအဖြစ် သိပ်သည်းသွား၏။ ထို့နောက် ၎င်းနတ်ဓားက လူငယ်ဆီသို့ တိုးဝင်သွားသည်။
သို့သော် ထိုအချိန်တွင် ခွန်ယင်းအာမှာ တစ်ဖက်လူငယ်လေးက မည်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
" သခင် "
ခွန်ယင်းအာ အလန့်တကြားဖြင့် ထအော်လိုက်သည်။
သို့သော် သူမနှင့်ရဲ့ဟိုင်ကြား အကွာအဝေးက အလွန်ပင် နီးကပ်လွန်းသောကြောင့် ခွန်ယင်းအာ ဝိညာဥ်စွမ်းအားဖြင့် ဖန်တီးထားသော နတ်ဓားကို တားဆီးရန် မဖြစ်နိုင်တော့ပေ။
သို့သော်လည်း ခွန်ယင်းအာ၏ နတ်ဓားက ရဲ့ဟိုင်နှင့် ( 10 ) ကီလိုမီတာအကွာသို့ ရောက်သောအခါ ရှေ့ဆက်ပြီးတိုးနိုင်ခြင်း မရှိတော့ချေ။
ရဲ့ဟိုင်သည် သူ၏ဝိညာဥ်စွမ်းအားကို လုံးဝအသုံးမချခဲ့ကြောင်း ခွန်ယင်းအာကောင်းကောင်းသိ၏။ အထူးသဖြင့် လေဟာနယ်စွမ်းအားကိုလည်း မသုံးခဲ့ကြောင်း သူမရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဤသို့သာဆိုလျှင် အဘယ့်ကြောင့် သူမ၏နတ်ဓားက အရှေ့သို့ ဆက်မတိုးနိုင်ရသနည်း။
ရဲ့ဟိုင်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ခွန်ယင်းအာ၏ ဝိညာဥ်စွမ်းအားဖြင့် ဖန်တီးထားသော နတ်ဓားက တိတ်တဆိတ်ပင် သဲလွန်စမကျန်အောင် ပျောက်ကွယ်သွား၏။
" ယင်းအာ မင်းရဲ့နှုတ်ဆက်ပုံက တော်တော်ထူးခြားတာပဲ "
ရဲ့ဟိုင်ပြုံးလိုက်လျှင် ခွန်ယင်းအာ အလျင်အမြန် ဒူးထောက်ချလိုက်သည်။
" သခင် .. သခင်မှန်းမသိလို့ ခုနက တိုက်ခိုက်လိုက်မိတာပါ "
ခွန်ယင်းအာသည် သူမ၏အခန်းကို အစောင့်များ တင်းကြပ်စွာချထား၏။ သူမ၏ပတ်ပတ်လည်တွင်လည်း ရွှေအင်မော်တယ်အဆင့် အစောင့်များက ကာကွယ်ထားပြီး အင်မော်တယ်သခင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်ကလဲ သူမကျင့်ကြံနေသောအခန်းကို စောင့်ရှောက်ကာ ကာကွယ်ပေးနေသည်။ ထို့ကြောင့် ခွန်ယင်းအာဤကဲ့သို့ တစ်ဖက်လူအား အလျင်စလို တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
သာမန်အားဖြင့် မည်သူကမှ ဤအကာအကွယ်အလွှာ အထပ်ထပ်ကို ထိုးဖောက်ကာ ဝင်ရောက်လာနိုင်မည် မဟုတ်ချေ။
ရဲ့ဟိုင် ခွန်ယင်းအာကို ရှေ့တိုးကာ မတ်တပ်ရပ်ရန် ထူမပေးလိုက်သည်။
" ငါမင်းကိုပြောထားပြီးပြီလေ .. ဘယ်တော့မှ ဒူးမထောက်နဲ့လို့ "
" သခင် ဒီနှစ်ပိုင်းအတွင်း ဘယ်ရောက်နေတာပါလဲ "
" အဲ့တာနောက်မှပြောမယ် .. ငါသိချင်တာက ကောင်းကင်လင်းယုန်တောင်ကြားမှာ ဘာဖြစ်သွားလဲဆိုတာပဲ "
ရဲ့ဟိုင် ခွန်ယင်းအာကိုကြည့်ကာ မျက်မှောင်ကုပ်၍ မေးလိုက်၏။
" သခင် .. သခင်ပြောခဲ့တဲ့အတိုင်း လွန်ခဲ့တဲ့ ( 6 ) နှစ်က ကောင်းကင်လင်းယုန် တောင်ကြားရဲ့ အခြေအနေကို အရှေ့နတ်နန်းတော်ဆီ အကြောင်းကြားခဲ့ပါတယ်၊ အရှေ့နတ်နန်းတော်ကလဲ အစီအရင်ခန်းမရဲ့ လက်ထောက်အကြီးအကဲ ကျန်းလင်နဲ့ သူ့ရဲ့တပည့်က အဲ့ဒီကိုသွားပြီး စစ်ဆေးခဲ့ပါတယ် "
ထိုသို့ပြောပြီးသည်နှင့် ခွန်ယင်းအာ၏ မျက်နှာအမူအရာ လေးနက်တည်ကြည်လာပြီး ...
" ဒါပေမဲ့ လက်ထောက်ခန်းမသခင်ကျန်းလင် ဓားကိုအစီအရင်နဲ့ ချိတ်ပိတ်တဲ့အချိန်မှာ သူ့ရဲ့တပည့်က ချောင်းမြောင်းလုပ်ကြံခဲ့ပြီး နတ်ဆိုးဓားကို ဆွဲထုတ်လိုက်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြဘူး "
" အဲ့ဒီတပည့်လုပ်တဲ့ သူက လက်ထောက်ခန်းမသခင်ကျန်းလင်ကို နတ်ဆိုးဓားနဲ့သတ်ဖြတ်ပြီးတော့ ကောင်းကင်လင်းယုန်ရဲ့ ခန္ဓာကိုယ်ကိုလည်း ဝါးမြိုခဲ့တယ် "
" အရှေ့နတ်နန်းတော်ကလဲ ဒီကိစ္စကိုသိတဲ့အချိန်မှာ အဲ့ဒီတပည့်နဲ့ နတ်ဆိုးဓားနောက်ကို ခြေရာခံလိုက်ဖို့အတွက် ကျွမ်းကျင်သူတွေအများကြီး စေလွှတ်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲ့ဒီတပည့်က သူတို့ကို ရှောင်လွှဲနိုင်ရုံသာမကဘူး ဒီနှစ်ပိုင်းအတွင်း ကျင့်ကြံသူပေါင်း မြောက်များစွာကို သတ်ဖြတ်ခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ခွန်အားကလည်း ပိုမိုအားကောင်းလာခဲ့တယ် "
ထိုနေရာရောက်သည့်အချိန်တွင် ခွန်ယင်းအာ၏ အမူအရာက ပိုမိုလေးနက်သွား၏။
" ခုဆိုရင် အဲ့ဒီတပည့်ရဲ့ ကျင့်ကြံအဆင့်က အင်မော်တယ်သခင်အဆင့်ကိုတောင် ရောက်နေပြီလို့ထင်ပါတယ် "
" အင်မော်တယ်သခင်အဆင့် "
ရဲ့ဟိုင် မျက်မှောင်ကုပ်သွားသည်။
ခွန်ယင်းအာ ခေါင်းညိတ်လိုက်ပြီး...
" ဘာလို့အဲ့လိုထင်တာလဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပတ်က အရှေ့နတ်နန်းတော်ရဲ့ အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်က အဲ့ဒီနတ်ဆိုးရဲ့လက်ထဲမှာ သေဆုံးသွားတာကြောင့်ပါပဲ "
" တောက် .. ငါသတိတစ်ချက် ပေါ့ဆသွားတာက အဲ့လောက်ထိဆိုးရွားသွားစေမယ် မမျှော်လင့်ထားဘူး "
ရဲ့ဟိုင် ဒေါသတကြီးဖြင့် ပြောလိုက်၏။ အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက် ဆုံးရှုံးခြင်းဆိုသည်မှာ ပေါ့သေးသေးကိစ္စမဟုတ်ပေ။
" အခုဆိုရင် အရှေ့နတ်နန်းတော်ရဲ့ ခွန်အားတစ်ဝက်ကျော်က ကျိယန်မြို့တော်မှာ ရှိနေပြီဆိုတော့ အဲ့ဒီနတ်ဆိုးကောင်ကလည်း လွန်ခဲ့တဲ့လဝက်အတွင်းက ပျောက်ကွယ်သွားပြီး ပြန်ပေါ်မလာတော့ပါဘူး "
ရဲ့ဟိုင် တစ်ခဏစဥ်းစားပြီးနောက်...
" အရိပ်တွေရဲ့ ထောက်လှမ်းရေးကွန်ရက်က သူနဲ့ပတ်သက်ပြီး သဲလွန်စရှာမတွေ့ဘူးလား "
" ကျွန်မတို့ အရိပ်အဖွဲ့အစည်းက သူ့ကိုတစ်ကြိမ်တွေ့ဆုံခဲ့ပေမဲ့ ဘယ်သူမှတော့ မတားဆီးနိုင်ခဲ့ပါဘူး "
" ကြည့်ရတာ အရိပ်အဖွဲ့အစည်းရဲ့ ခြေရာခံခြင်းစွမ်းအင်က စံချိန်မမီသေးတဲ့ပုံပဲ "
" အရိပ်အဖွဲ့အစည်းရဲ့ ထောက်လှမ်းရေးအင်အားစု သုံးပုံတစ်ပုံကို မြို့ဆီချက်ချင်း ပြန်လာခိုင်းလိုက် "
" သခင် ... သခင်က သူတို့ကို ခြေရာခံလိုက်ခြင်းစွမ်းအင်ကို ကိုယ်တိုင်သင်ပေးတော့မလို့လား "
" ဟုတ်တယ် "
ရဲ့ဟိုင် ခေါင်းညိတ်လိုက်ပြီး...
" ငါသူတို့ကိုသင်ပေးမှာက အင်မော်တယ်ဘုရင်အဆင့် မှော်နည်းစနစ်နဲ့ ဝိညာဥ်နည်းစနစ်ပဲ၊ အဲ့ဒီအဆင့်တွေရဲ့ နည်းစနစ်တွေ ဘယ်လောက်သန်မာကြောင်းကို မင်းလဲသိပါတယ်၊ အဲ့တာကြောင့် ငါ အဲ့ဒီနည်းစနစ်ကို ရိုးရှင်းတဲ့ ဗားရှင်းသုံးမျိုးနဲ့ ပြန်ပြီးတော့ ကျင့်ကြံရလွယ်ကူအောင် ပြုလုပ်ထားပေးတယ် "
" ငါ အဲ့ဒီရိုးရှင်းအောင်ပြန်လုပ်ထားတဲ့ နည်းစနစ်သုံးမျိုးကို ထောက်လှမ်းရေးအဖွဲ့ရဲ့ ကျွမ်းကျင်မှုအဆင့်အလိုက် ပြန်ပြီး သင်ကြားပေးမယ် "
ခွန်ယင်းအာ ချက်ချင်းပင် ထောက်လှမ်းရေးအဖွဲ့အစည်း၏ လူသုံးပုံတစ်ပုံကို မြို့သို့ပြန်လာရန်အတွက် အမိန့်ထုတ်လိုက်သည်။
သူမ အမိန့်ထုတ်ပြီးသည့်အချိန်တွင် ရဲ့ဟိုင် ဤနှစ်ပိုင်းအတွင်း အရိပ်အဖွဲ့အစည်း၏ တိုးတက်မှုများအကြောင်းကို ထပ်မံမေးမြန်းခဲ့၏။
ရဲ့ဟိုင်ထားခဲ့သော အရင်းအမြစ်မြောက်များစွာနှင့် ကျိယန်မြို့မှထားခဲ့သော ဘဏ္ဍာရေးအရင်းအမြစ်များကြောင့် အရိပ်အဖွဲ့အစည်းမှာ လွန်ခဲ့သည့် ( 10 ) စုနှစ်အတွင်း လျင်မြန်စွာဖြင့် တိုးတက်မှုကို ကြုံတွေ့ခဲ့ရသည်။ လက်ရှိထောက်လှမ်းရေးကွန်ရင်ကိုလည်း အဓိကနယ်မြေကြီး ( 32 ) ခုထိပင် ချဲ့ထွင်ထားနိုင်ခဲ့ပြီဖြစ်၏။
ရဲ့ဟိုင် ခွန်ယင်းအာပြောသည့် စကားများကိုနားထောင်ပြီး ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
" ဒါပေမဲ့ သခင် အရိပ်အဖွဲ့အစည်းက နှစ်ပေါင်းကြာလာတာနဲ့အမျှ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ခဲ့ရတော့ အခုသခင်ထားခဲ့တဲ့ အရင်းအမြစ်တွေ အားလုံးနီးပါးက ကုန်ဆုံးသွားပါပြီ "
ခွန်ယင်းအာသည် နောက်ဆုံးတွင် အရိပ်အဖွဲ့အစည်း၏ လက်ရှိအခက်အခဲများကို ရဲ့ဟိုင်အား တင်ပြကာ ပြောဆိုလိုက်၏။
တကယ်တော့ ခွန်ယင်းအာ မပြောလိုက်သည့် အချက်များလည်း ရှိသေးသည်။
ဤနှစ်ပိုင်းအတွင်း ကျိယန်မြို့မှ ငွေကြေးထောက်ပံ့မှုသာ မရှိပါက ခွန်ယင်းအာသည် လက်ရှိအရိပ်အဖွဲ့အစည်းကို ထောက်ပံ့ရန် မဖြစ်နိုင်တော့ပေ။
ရဲ့ဟိုင်ပြုံးလိုက်ပြီး ခွန်ယင်းအာအား သိုလှောင်အိတ်တစ်အိတ်ကို ပေးလိုက်၏။
" အရိပ်အဖွဲ့အစည်းရဲ့ အစောပိုင်းကာလမှာ ငါတို့ငွေရှာဖို့ လုံးဝမစဥ်းစားထားဘူး၊ အဲ့တော့ ငါတို့ရဲ့ လက်ရှိ အာရုံစိုက်ရမယ့်အရာက အဖွဲ့အစည်းကိုဆက်ပြီးတော့ အဆက်မပြတ် ချဲ့ထွင်ဖို့ပဲ "
ရဲ့ဟိုင် အလေးအနက်ပင် ပြောလိုက်သည်။
တစ်ဖက်တွင် ခွန်ယင်းအာ၏ နတ်အသိစိတ်အာရုံက သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားသောအခါ သူမ၏မျက်လုံးများ ပြူးကျယ်သွား၏။
ထိုသိုလှောင်အိတ်ထဲတွင် ရှိနေသော အရင်းအမြစ်များက သူမတစ်ခါမှ မမြင်ဖူးအောင် များပြားလွန်းလှသည်။
ခွန်ယင်းအာသည် ခွန်မိသားစု၏ ဘဏ္ဍာတိုက်ထဲမှ အရင်းအမြစ်များကို တစ်ကြိမ်မြင်ဖူး၏။ သို့သော် ဤသိုလှောင်အိတ်ထဲတွင်ရှိသော အရင်းအမြစ်များက ခွန်မိသားစုဘဏ္ဍာတိုက်၏ ( 10 ) ဆကျော်ခန့် ရှိသည်ဆိုတာကို သူမကောင်းကောင်းသိသည်။ ဤအရင်းအမြစ်များဖြင့်ဆိုလျှင် ခွန်ယင်းအာသည် အရှေ့တိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံးကိုပင် အရိပ်အဖွဲ့အစည်းအား ဖြန့်ကျက်နိုင်မည်ဟု ယုံကြည်ချက်ရှိလေ၏။
" သခင် ဒီအရင်းအမြစ်တွေကို ဘယ်ကရလာတာလဲ .. ဓားပြတိုက်လာတာတော့ မဟုတ်ဘူးမှလား "
ခွန်ယင်းအာ ရဲ့ဟိုင်ကို ဤကိစ္စအား မမေးဘဲမနေနိုင်တော့ချေ။ ဤမျှများပြားသော အရင်းအမြစ်များကို ရရှိရန်ဆိုလျှင် ဂိုဏ်းတွေကို ဓားပြလိုက်တိုက်မှသာ ဖြစ်နိုင်ပေမည်။
***