" အများကြီးမတွေးနဲ့ .. လောကရဲ့ ဥပဒေဆိုတာက မကောင်းမှုလုပ်တဲ့သူကို ဒဏ်ခတ်ပြီးတော့ ကောင်းမှုလုပ်တဲ့သူကို မြှင့်တင်ပေးဖို့ပဲလေ "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်ပြုံးလိုက်ပြီး ...
" တကယ်တော့ မင်းကိုငါပေးခဲ့တဲ့ အရင်းအမြစ်တွေက သိပ်ပြီးတော့ တန်ဖိုးရှိသေးတာမဟုတ်ဘူး၊ ငါ့မှာ အင်မော်တယ်သခင်အဆင့်နဲ့ အင်မော်တယ်အရှင်အဆင့် အတွက်တောင်မှ အရင်းအမြစ်တွေ အများကြီးရှိသေးတယ် "
" အာ "
တစ်ဖက်တွင် ခွန်ယင်းအာမှာ ထိုအာမေဍိတ်သံတစ်ခုကိုသာ ထုတ်ဖော်နိုင်တော့သည်။
" အဲ့တာကြောင့် နောင်အနာဂါတ်မှာ မင်းအရင်းအမြစ် လိုလာပြီဆိုရင် ငါ့ကိုချက်ချင်း အကြောင်းကြားဖို့မမေ့နဲ့ "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင် တစ်စုံတစ်ခု တွေးမိလိုက်ကာ...
" ဒါနဲ့ အရိပ်စစ်သည်တွေ ပြင်ဆင်မှုက ဘယ်လိုလဲ "
အရိပ်စစ်သည်ဆိုသည်မှာ အရိပ်အဖွဲ့အစည်းအတွက် သီးသန့်ပြုစုပျိုးထောင်ပေးနေသော အင်အားစု နောက်တစ်စုဖြစ်၏။
" သခင် ကျွန်မတို့လက်ရှိ လူသုံးသောင်းလောက် စုဆောင်းထားပြီးပါပြီ "
" ကောင်းပြီ အဲ့ဒီလူသုံးသောင်းကို ငါကိုယ်တိုင် လေ့ကျင့်ပေးမယ် "
" ဟုတ်ကဲ့ "
" ဒါနဲ့ လက်ရှိ မင်းရဲ့ ကျင့်ကြံအဆင့်ကကော ဘယ်အဆင့်မှာလဲ "
ရဲ့ဟိုင် ခွန်ယင်းအာကိုကြည့်ကာ မေးလိုက်သည်။
" သခင် ရွှေအင်မော်တယ်အဆင့် ( 21 ) ပါ "
ရဲ့ဟိုင်ခေါင်းညိတ်လိုက်ပြီး ခွန်ယင်းအာအား ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ပေးလိုက်၏။
" ဒါက အဆင့် ( 8 ) ဝိညာဥ်အရည်ပဲ "
" ဘာ .. အဆင့် ( 8 ) ဝိညာဥ်အရည် ဟုတ်လား "
ခွန်ယင်းအာ အလန့်တကြားပင် အော်ဟစ်ကာ မေးလိုက်သည်။
ရွှေအင်မော်တယ်အဆင့်ဆိုသည်မှာ အရင်းအမြစ်ရှားပါးမှုကြောင့် ကျောက်စိမ်းအင်မော်တယ်အဆင့်ထက် ကျင့်ကြံအဆင့်တက်ရသည်မှာ အလွန်အမင်းကို ခက်ခဲလှ၏။
ခွန်မိသားစုပင်လျှင် အဆင့် ( 8 ) ဝိညာဥ်အရည်ကို ပိုင်ဆိုင်ထားခြင်းမရှိပေ။ အရှေ့နတ်နန်းတော်လို အင်အားကြီးသည့် အဖွဲ့အစည်းများကသာ ဤကဲ့သို့ ရတနာများကို ပိုင်ဆိုင်နိုင်သည်။ ဒါတောင်မှ အရှေ့နတ်နန်းတော်တွင် များများစားစား ရှိမည်မဟုတ်ချေ။
ရဲ့ဟိုင်သည် သူဖျက်ဆီးခဲ့သော သွေးဂိုဏ်း၊ နတ်ဆိုးရုပ်သေးဂိုဏ်းတို့မှ အဆင့် ( 8 ) ဝိညာဥ်အရည်များကို ရရှိခဲ့ခြင်းဖြစ်၏။
ဒါတောင်မှ သွေးဂိုဏ်းနှင့် နတ်ဆိုးရုပ်သေးဂိုဏ်းတွင် အဆင့် ( 8 ) ဝိညာဥ်အရည်များက များများစားစား ရှိနေသည်မဟုတ်ပေ။
" ဘာလဲ .. အဆင့် ( 8 ) ဝိညာဥ်အရည်လေး တစ်ခုက မင်းကိုအဲ့လောက်တောင် ထိတ်လန့်စေတာလား "
စကားဆုံးသည်နှင့် ရဲ့ဟိုင် နောက်ထပ် ကျောက်စိမ်းပုလင်းတစ်လုံးကိုထုတ်ပြီး ခွန်ယင်းအာအား ပေးလိုက်၏။
ခွန်ယင်းအာ၏ နတ်အသိစိတ်အာရုံက ကျောက်စိမ်းပုလင်းထဲ ရောက်သွားသည်နှင့် ယခင်ကထက်ပင် ပို၍အံ့ဩမှုများက မျက်နှာတွင် ဖြစ်ပေါ်လာပြီး လက်တောင်မှ တဆတ်ဆတ်တုန်လာသည်။
" သခင် .. ဒါကအဆင့် ( 9 ) ဝိညာဥ်အရည်တော့ မဟုတ်ဘူးမလား "
" ဟုတ်တယ် .. မင်းထင်တာ အမှန်ပဲ "
ရဲ့ဟိုင်ခေါင်းညိတ်လိုက်ပြီး...
" ရွှေအင်မော်တယ်အဆင့် ( 27 ) ကို ရောက်တဲ့အချိန်ကျရင် ငါမင်းကို အဆင့် ( 10 ) ဝိညာဥ်အရည်ထပ်ပေးမယ် "
" ဘာ .. အဆင့် ( 10 ) ဝိညာဥ်အရည်၊ သခင့်ဆီမှာ အဆင့် ( 10 ) ဝိညာဥ်အရည်တောင်မှ ရှိနေတာလား၊ အဲ့တာကို ဘယ်လိုရခဲ့တာလဲ "
ခွန်ယင်းအာ ရဲ့ဟိုင်က သူမကို တစ်ကြိမ်ပြီးတစ်ကြိမ် ထိတ်လန့်စေနေသဖြင့် စိတ်ခံစားချက်က မတည်ငြိမ်တော့ချေ။
" ဘာလဲ အဆင့် ( 10 ) ဝိညာဥ်အရည်လေး ငါ့မှာရှိတာက မင်းအတွက်အဲ့လောက်တောင် အံ့ဩစရာဖြစ်နေတာလား "
ရဲ့ဟိုင် တအံ့တဩဖြင့် ပြန်မေးလိုက်၏။
" သခင်သိထားရမှာက အဆင့် ( 10 ) ဝိညာဥ်အရည်ဆိုတာ အင်မော်တယ်နန်းတော်တည်ရှိတဲ့ အလယ်ပိုင်းကုန်းမြေတိုက်ကြီးမှာပဲ ရောင်းချတာ၊ ကျန်တဲ့ကုန်းမြေတိုက်ကြီးမှာ တစ်ခါမှပေါ်မလာဖူးဘူး "
" ဟုတ်လား .. အဲ့တာဆို ငါမင်းကိုပြောချင်တာက ငါ့မှာ အဆင့် ( 11 ) ဝိညာဥ်အရည်တောင် ရှိတယ်ဆိုတာပဲ "
ရဲ့ဟိုင် ခွန်ယင်းအာကို မျက်စိမှိတ်ပြကာ ပြောလိုက်သည်။
တစ်ဖက်တွင် ခွန်ယင်းအာမှာ အံ့အားသင့်ရလွန်းလို့ ထုံကျင်နေပြီး ဘာဆက်ပြောရမှန်း မသိတော့ပေ။
အဆင့် ( 10 ) ဝိညာဥ်အရည်နှင့် အဆင့် ( 11 ) ဝိညာဥ်အရည်ဆိုသည်မှာ အင်မော်တယ်နန်းတော်ကဲ့သို့ပင် အင်အားစုကြီးများအတွက် အဖိုးတန်သော ရတနာများဖြစ်၏။ ယခုတော့ ရဲ့ဟိုင်က ထိုအင်မော်တယ်နန်းတော်ကြီးများသာ ပိုင်ဆိုင်နိုင်သော ရတနာများကို ပိုင်ဆိုင်ထားသည်လား။
ခွန်ယင်းအာမသိသည်မှာ ရွှေဘီးဘုရင်၊ ကြယ်တာရာသမင်ဘုရင်နှင့် ချိတ်ပိတ်ဘုရင်တို့က သူတို့တစ်သက်လုံး စုဆောင်းထားသည့် ရတနာပစ္စည်းများ ရဲ့ဟိုင်ကို ပေးအပ်ခဲ့၏။ သန်မာလှသော အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများ၏ စုဆောင်းမှုအကုန်လုံးက အဖိုးတန်သော ရတနာများသာဖြစ်ပြီး တန်ဖိုးမရှိသည့်အရာ တစ်ခုမှမပါဝင်ချေ။
ထို့ကြောင့် အလွန်ရှားပါးလှသည်ဆိုသော အဆင့် ( 10 ) ဝိညာဥ်အရည်နှင့် အဆင့် ( 11 ) ဝိညာဥ်အရည်များက ရဲ့ဟိုင်၏ လက်ထဲတွင် ပေါပေါများများရှိနေခြင်းဖြစ်သည်။
ထိုအချိန်တွင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။
" ဝင်ခဲ့ "
ခွန်ယင်းအာ အေးစက်စက်ဖြင့် အမိန့်ပေးလိုက်လျှင် မကြာခင် အမျိုးသမီးငယ်တစ်ယောက်က ဝင်လာသည်။
အမျိုးသမီးငယ်သည် ခွန်ယင်းအာဘေးနားတွင် လူငယ်တစ်ယောက် ရှိသည်ဆိုတာကို တွေ့သောအခါ အလန့်တကြားဖြစ်သွား၏။
သို့သော်သူမ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး...
" သခင် ဘယ်တုန်းကရောက်နေတာပါလဲ "
" မင်းက ရှောင်ချီ .. မဟုတ်လား "
ရဲ့ဟိုင် ကောင်မလေးကို ပြုံးကာကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ပါတယ် "
ရှောင်ချီ ခေါင်းညိတ်လိုက်၏။
" ဘာကိစ္စရှိလို့လဲ "
" သခင် နှင်းတောင်တန်းက သခင်လေးရွှီဖန်က ခေါင်းဆောင်ခွန်ယင်းအာကို လက်ဖက်ရည်သောက် ဖိတ်ကြားလာပါတယ် "
ရှောင်ချီသည် ရဲ့ဟိုင်က အရိပ်အဖွဲ့အစည်း၏ အဓိကခေါင်းဆောင်ဆိုတာကို သိထားသည်။ ထို့ကြောင့် ရဲ့ဟိုင်မေးသောအခါ သူမ တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်ခြင်းပင်။
" ရွှီဖန်ဟုတ်လား အဲ့တာဘယ်သူလဲ "
ရဲ့ဟိုင် မျက်မှောင်ကုပ်ကာ ပြန်မေးလိုက်၏။
တစ်ဖက်တွင် ခွန်ယင်းအာက ရဲ့ဟိုင်ကို တအံ့တဩဖြင့် ကြည့်လိုက်သည်။
" သခင်လေး ရွှီဖန်ဆိုတာက အရင်အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရဲ့ပြိုင်ပွဲမှာ ထိပ်တန်း ( 10 ) ယောက်ထဲ ဝင်ခဲ့တဲ့သူလေ၊ အခုဆိုရင်သူက ရွှေအင်မော်တယ်အဆင့် ( 30 ) ကို ရောက်နေပြီ "
" ဘာလဲ သူကမင်းကို လိုက်နေတာလား "
ရဲ့ဟိုင် မျက်မှောင်ကုပ်ကာ မေးလိုက်၏။
" ဟုတ်ပါတယ်သခင် ဒါပေမဲ့ ကျွန်မသူ့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါဘူး "
ခွန်ယင်းအာ ကမန်းကတန်းပင် အလျင်အမြန်ပြောကာ ရှင်းပြလိုက်သည်။
" အင်း ကြည့်ရတာ ( 10 ) နှစ်တောင်ကျော်သွားပြီပဲ၊ သူတို့ငါ့ကို မှတ်မိသေးလားမသိဘူး "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင် လက်နှစ်ဖက်နောက်ပစ်ကာ တံခါးဝသို့ ဦးတည်၍ ထွက်ခွာသွား၏။
" လာခဲ့ .. နှင်းတောင်တန်းက မျိုးဆက်ဟောင်းပါရမီရှင်တွေကို သွားကြည့်ကြရအောင် "
ရဲ့ဟိုင်၏ ထိုစကားထဲတွင် အေးစက်မှုများ ပါနေသည်ဆိုတာကို ခွန်ယင်းအာနှင့် ရှောင်ချီတို့နှစ်ယောက်လုံး သတိထားမိလိုက်သည်။
ရဲ့ဟိုင်အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲနေမည်နည်း။
ခွန်ယင်းအာဆိုသည်မှာ မည်သူလဲ။
သူ ရဲ့ဟိုင်က လူသိရှင်ကြား ရွေးချယ်ခဲ့သော အစေခံတစ်ဦးဖြစ်၏။
ခွန်ယင်းအာကိုပစ်မှတ်ထားသော ရွှီဖန်ဆိုသည့်ကောင်၏ အစီအစဥ်က သူရဲ့ဟိုင်အား လုံးဝဂရုမစိုက်ဘူးဆိုတာကို ပြသနေလေသည်။
ထို့ကြောင့် သူကိုယ်တိုင် သွားကြည့်ရပေမည်။
***