" ငါနင့်ကို ပါးစပ်ပိတ်လို့ပြောနေတာ "
ခွန်ယင်းအာ ထိုသို့ပြောပြီးသည်နှင့် ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး သူမ၏အရှိန်အဝါကလဲ ပိုမို၍ သန်မာလာခဲ့သည်။
ကျင်းမင် တစ်စုံတစ်ခု ပြန်ပြောခါနီးတွင် တည်ငြိမ်သောအသံတစ်ခုက အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွား၏။
" ကျင်းမင် ယင်းအာက ငါ့ သဘောကျနေတဲ့ လူတစ်ယောက်နော် "
လူတိုင်းအကုန်လုံးတိတ်သွားပြီး စကားပြောလိုက်သောလူငယ်အား လှမ်းကာကြည့်လိုက်ကြသည်။
" ရွှီဖန် "
နှင်းတောင်တန်း၏ ဂုဏ်ယူစရာပါရမီရှင်...
ယခင်မျိုးဆက်သစ် လူငယ်ချန်ပီယံ အဆင့် ( 9 ) နေရာတွင် ရှိနေသူ...
ခွန်ယင်းအာသည် ရဲ့ဟိုင်၏ အစေခံဖြစ်သည်ဆိုတာကို လူတိုင်းသိကြ၏။
အကုန်လုံးက ချက်ချင်းပင် ရဲ့ဟိုင်ကိုပြန်လည်၍ အာရုံစိုက်လိုက်ကြသည်။
ရဲ့ဟိုင်မည်သို့ တုံ့ပြန်မည်ဆိုတာကို သိချင်ကြလေ၏။
ရွှီဖန်က ရဲ့ဟိုင်ကို တမင်တကာ ရန်စနေမှန်း သိသာထင်ရှားလှသည်။
" ရွှီဖန် ငါမင်းကို အခွင့်အရေး တစ်ခုပေးမယ် "
ရဲ့ဟိုင် ထိုကောင်ကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်လိုက်ပြီး...
" အခုချက်ချင်း ငါ့ကိုတောင်းပန် .. ဒါဆိုဘာမှမဖြစ်ဘူးလို့ ဟန်ဆောင်ပေးမယ် "
" တောင်းပန်ရမယ် ဟုတ်လား "
ရွှီဖန်၏ ပါးစပ်ထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
" ရဲ့ဟိုင် မင်းကိုယ်မင်း လွန်ခဲ့တဲ့ ( 10 ) နှစ်လောက်က လူငယ်မျိုးဆက်သစ်ချန်ပီယံအဖြစ် ထင်နေသေးတာလား "
" ဒါဆို မင်းက မတောင်းပန်ဘူးပေါ့ "
ရဲ့ဟိုင်ပြုံးကာ ထပ်မေးလိုက်သည်။
" တော်ပြီ ရဲ့ဟိုင် .. ယောကျ်ားအချင်းချင်းပဲ စကားကို ပွင့်ပွင့်လင်းလင်း ပြောကြရအောင် "
ရွှီဖန် ခွန်ယင်းအာကို လက်ညှိုးထိုးလိုက်ပြီး...
" မင်းရဲ့အစေခံကို ငါသဘောကျတယ် .. အဲ့တော့ မင်းငါ့လက်ထဲကိုထည့်ပေးလိုက် "
" မင်းအဲ့လိုပြောရဲတဲ့သတ္တိ ဘယ်ကနေရလာလဲဆိုတာကို ငါတကယ်သိချင်မိတယ်၊ မင်းရဲ့လက်ရှိလုပ်ရပ်အတွက် ဒီနေရာကနေ ထွက်မသွားနိုင်မှာကို မစိုးရိမ်ဘူးလား၊ ဒီနေရာက ငါ့နယ်မြေနော် "
ရဲ့ဟိုင် ရွှီဖန်ကိုကြည့်ကာ ပြုံး၍ထပ်မေးလိုက်၏။
" ဟမ့် ... မင်းရဲ့ နယ်မြေမပြောနဲ့ အရှေ့နတ်နန်းတော်ထဲ ငါရောက်ရင်တောင်မှ သူတို့ကငါ့ကို ထိန်းသိမ်းထားဖို့အတွက် သတ္တိမရှိဘူး "
" ငါမယုံဘူး "
ရဲ့ဟိုင် ခေါင်းကိုခါယမ်းလိုက်သည်။
" မဟုတ်ဘူးရဲ့ဟိုင် နင်ယုံသင့်တယ် "
ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်က မတ်တပ်ထရပ်လိုက်ပြီး...
" လက်ရှိ နှင်းတောင်တန်းမှာရှိတဲ့ ရွှီမိသားစုဘိုးဘေး လွန်ခဲ့တဲ့တစ်နှစ်က ပြန်ရောက်လာခဲ့ပြီး နောက်ထပ်တစ်လခွဲအကြာမှာ အင်မော်တယ်အရှင် ပထမအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ "
" အင်မော်တယ်အရှင် ဟုတ်လား .. ငါတို့အရှေ့နတ်နန်းတော်မှာလည်း အင်မော်တယ်အရှင်တစ်ယောက်ရှိတယ်လေ "
ရဲ့ဟိုင် ပေါ့ပေါ့ပါးပါးပင် ထပ်ပြောလိုက်၏။
" ငါပြောတဲ့စကား မဆုံးသေးဘူး "
အမျိုးသမီးမှာ ရဲ့ဟိုင်ကို မျက်စောင်းထိုး၍ ကြည့်လိုက်ပြီး...
" လွန်ခဲ့တဲ့တစ်လက ရွှီမိသားစုဘိုးဘေး အင်မော်တယ်အရှင်အဆင့် နတ်ဆိုးသားရဲတစ်ကောင်နဲ့ ကြုံတွေ့ခဲ့တယ်လေ၊ အပြင်းအထန် တိုက်ပွဲအပြီးမှာ အဲ့ဒီနတ်ဆိုးသားရဲက ရွှီမိသားစုဘိုးဘေးရဲ့ အနောက်ကို လိုက်ခဲ့တယ် "
" တစ်နည်းအားဖြင့်ဆိုရရင် လက်ရှိနှင်းတောင်တန်းနယ်မြေမှာရှိတဲ့ ရွှီမိသားစုက အခုချိန်မှာ အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီ၊ အဲ့တာကြောင့် ရွှီဖန်ကို အရှေ့နတ်နန်းတော်တောင်မှ သွားပြီးမထိရဲဘူး "
ထိုစကားကြားသောအခါ ရဲ့ဟိုင် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး...
" အဲ့တာဆိုလဲ အခုဒီနေရာအကြောင်းကိုပဲ ရှေ့ဆက်ကြတာပေါ့၊ အရှေနတ်နန်းတော်က သူ့ကို ထိန်းသိမ်းရဲတာ မထိန်းသိမ်းရဲတာ အသာထား ... ဒါပေမဲ့ ဒီကောင်ဒီနေ့ ဘူရီမြို့တော်ကတော့ လုံးဝထွက်မသွားနိုင်တာ အသေအချာပဲ "
" ဟမ့် .. အရှေ့နတ်နန်းတော်သာဆို ငါ့အတွက် အလွယ်တကူ ပြန်ထွက်နိုင်ဖို့ ခက်ခဲရင်ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ ဘူရီကိုတော့ ငါစိတ်ဆန္ဒရှိသလို အေးအေးဆေးဆေး ဝင်ထွက်သွားလာနိုင်စွမ်းရှိတယ် "
ရွှီဖန် နှာခေါင်းရှုတ်ကာ ရဲ့ဟိုင်ကို အထင်အမြင်သေးစွာဖြင့်ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်လား .. ဒါဆိုလဲ အေးအေးဆေးဆေး လမ်းလေးလျှောက်ပြပါဦး "
ရဲ့ဟိုင် သူ၏လက်နှစ်ဖက်ကို နောက်ကျောပစ်ကာ လမ်းဖယ်ပေးလိုက်၏။
ရွှီဖန်သည် ရဲ့ဟိုင်၏ ထိုအမူအရာကြောင့် အံ့အားသင့်သွားသည်။ သို့သော် ချက်ချင်းပင် တစ်စုံတစ်ခုကိုတွေးမိကာ မျက်နှာမသိမသာ ပျက်ယွင်းသွား၏။
" တတိယအကြီးအကဲ "
သူအသံအကျယ်ကြီး အော်ဟစ်လိုက်သည်။
သို့သော် ဘာတုံ့ပြန်မှုမှမရှိပေ။
ထပ်မံအော်ဟစ်လိုက်ပြီး ရွှီဖန်၏စိတ်ထဲ၌ ဆိုးဝါးသော ခံစားချက်တစ်ခုက တည်ရှိလာ၏။
ယခင်အတိုင်း တုံ့ပြန်မှုမရှိချေ။
" တတိယအကြီးအကဲ ခင်ဗျားဘယ်မှာလဲ "
ရွှီဖန်၏ စကားအဆုံးတွင်တော့ သွေးများတစ်ကိုယ်လုံး ရွှဲနစ်နေသော လူတစ်ယောက်က လေဟာနယ်ထဲကနေ မြေပြင်သို့ ဘုန်းခနဲပြုတ်ကျလာသည်။
ရွှီဖန်ကြည့်လိုက်သည့်အချိန်တွင် ၎င်းက ရွှီမိသားစု၏ တတိယအကြီးကဲမှလွဲ၍ အခြားလူမဟုတ်ပေ။
ကျန်သူများအကုန်လုံးကလည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြ၏။
ရွှီမိသားစု တတိယအကြီးအကဲသည် အောက်သို့ပြုတ်မကျခင်ကတည်းက သေဆုံးသွားပြီဖြစ်ကြောင်း သူတို့ပြောနိုင်လေသည်။
***