" ဘယ်သူလုပ်တာလဲ "
ရွှီဖန် တတိယအကြီးအကဲအလောင်းကို စစ်ဆေး၍ ဒေါသတကြီး အော်ဟစ်လိုက်၏။
" ငါပဲ .. "
ထိုအချိန်တွင် ပြန်ဖြေသံက ပဲ့တင်ထပ်သွားပြီး အဖွားကြီးတစ်ယောက် လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။
" တစ်ဖက်လက် အဖွားဒူ "
ရွှီဖန် ထိုအဖွားအိုကိုမြင်သည်နှင့် အလန့်တကြား အော်ဟစ်လိုက်၏။
သူမက မျက်လုံးတစ်ဖက်တည်းသာရှိသော အမျိုးသမီးဖြစ်သောကြောင့် တစ်ဖက်လက်အဖွားဒူဟု ခေါ်ဆိုခြင်းဖြစ်သည်။
အထူးသဖြင့် သူမ၏ကျင့်ကြံအဆင့်က အင်မော်တယ်သခင်အဆင့် ( 9 ) ကို ရောက်ရှိနေပြီဖြစ်ပြီး တတိယအကြီးအကဲ ယခုလို တိတ်တဆိတ် သေဆုံးသွားသည်မှာ မထူးဆန်းတော့ချေ။
" ယင်းအာ "
" ရှိပါတယ် သခင် "
ခွန်ယင်းအာ ချက်ချင်းပင် ရဲ့ဟိုင်အား ဦးညွှတ်လိုက်၏။
" နှင်းတောင်တန်းဒေသက ရွှီမိသားစုကို ထပ်မတွေ့ချင်တော့ဘူးလို့ ဂိုဏ်းချုပ်ဟောင်ဖုဂျန်ကိုပြောလိုက်ပါ "
" အမိန့်အတိုင်းပါပဲ သခင် "
ခွန်ယင်းအာချက်ချင်းပင် ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
တစ်ဖက်တွင် ရွှီဖန်၏ မျက်နှာအမူအရာက ပျက်ယွင်းသွား၏။
" ရဲ့ဟိုင် မင်းဘာလုပ်နေလဲဆိုတာ မင်းသိလား "
" လွန်ခဲ့တဲ့ ( 10 ) နှစ်အတွင်း အရှေ့နတ်နန်းတော်က သူတို့ရဲ့ အမြတ်အစွန်းတွေကို အခုလောက်ဆို အစာချေပြီးလောက်ပြီ၊ အဲ့တော့ သူတို့ရဲ့ စစ်အင်အားကို ဖြန့်ကျက်ရမယ့်အချိန်ပဲ "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင် ရွှီဖန်ကို တည်ငြိမ်စွာကြည့်လိုက်ပြီး...
" မင်းတို့ ရွှီမိသားစုရဲ့ နှင်းတောင်တန်းဒေသကတော့ ပထမဆုံးသိမ်းပိုက်ရမယ့် အဓိကဒေသကြီး ဖြစ်လာမှာပေါ့ "
" ဟမ့် .. ရဲ့ဟိုင် မင်းလေကြီးမနေနဲ့၊ နှင်းတောင်တန်းနဲ့ နေကိုးစင်းမီးတောက်နယ်မြေကြားထဲမှာ အခြားအဓိကနယ်မြေကြီးတစ်ခုရှိနေသေးတယ်နော် "
" စိတ်မပူနဲ့ နှင်းတောင်တန်းကို သိမ်းလိုက်ပြီးတဲ့အချိန်ကျရင် မိုးဒေသကိုလည်း ငါထပ်ပြီးတော့ သိမ်းပိုက်မှာ "
" မင်း... "
ရွှီဖန်၏ မျက်နှာက ရဲ့ဟိုင်ကိုကြည့်ရင်း ပို၍ပင် ပျက်ယွင်းလာသည်။ သူဤနေရာသို့လာခဲ့သည့် ယခုကိစ္စလေးက ဤမျှကြီးမားသည့်ရလဒ် ဖြစ်ပေါ်လာစေသည်ဟု မမျှော်လင့်ထားပေ။
" ရဲ့ဟိုင် သူတို့ရဲ့ ရွှီမိသားစုမှာ အင်မော်တယ်အရှင်အဆင့်ကျင့်ကြံသူ နှစ်ယောက်တောင်ရှိတယ်နော် "
ယခုနကလိုပင် တောက်ပြောင်သောအဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသမီးက ကမန်းကတန်းပင် ဝင်ကာပြော၏။
ထိုအမျိုးသမီးက ရဲ့ဟိုင် မှားယွင်းသည့်အရာတစ်ခုကို ပြုလုပ်သွားမည်အား စိုးရိမ်နေသည့်ပုံပင်။
ရဲ့ဟိုင် ပြုံးလိုက်ပြီး...
" စိတ်မပူနဲ့ အရှေ့နတ်နန်းတော်ကစစ်တပ် ရောက်လာတဲ့အချိန်ကျရင် ရွှီမိသားစုကျဆုံးခြင်းကိုကြည့်ဖို့ မင်းတို့အားလုံးကို ငါခေါ်သွားမယ် "
" ပြီးတော့ ယင်မင်း မင်းတို့ ဂိုဏ်းတွေကလဲ ဒီစစ်ပွဲမှာ ပါဝင်ပြီးအားဖြည့်လို့ရတယ် "
ရဲ့ဟိုင် သွေးသောက်ဓားရူးယင်မင်းကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
" စိတ်မပူနဲ့ ညီအစ်ကိုရဲ့ .. ငါဂိုဏ်းကိုပြန်ပြီးတော့ ဒီကိစ္စကိုတင်ပြပြီး စည်းရုံးလိုက်မယ် "
ယင်မင်း လေးနက်စွာဖြင့် ပြောလိုက်၏။ ထို့နောက် ချက်ချင်း လှည့်ကာထွက်ခွာသွားသည်။
တစ်ဖက်တွင် ရဲ့ဟိုင် ထွက်ခွာသွားသော ယင်မင်း၏ နောက်ကျောကိုကြည့်ပြီး...
" ယင်မင်း မင်းရဲ့ဂိုဏ်းကလူတစ်ယောက်လောက်ပဲ ဒီကိုလွှတ်လိုက်မယ်ဆိုရင်တောင်မှ အနာဂါတ်မှာ အဲ့ဒီဂိုဏ်းက ဆက်ပြီးတော့ တည်ရှိနိုင်လိမ့်မယ် "
" စမ်းသပ်မှုတစ်ခု "
ရဲ့ဟိုင်သည် ရွှီဖန်၏လုပ်ရပ်မှတစ်ဆင့် အရှေ့နတ်နန်းတော်နှင့် သူနှင့်ခင်မင်ခဲ့သော သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းများကို စမ်းသပ်ရန် စဥ်းစားထား၏။
ဤတစ်ကြိမ်တွင် ရဲ့ဟိုင်သည် အရှေ့နတ်နန်းတော်အား အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အပြီးသတ်ပေါင်းစည်းနိုင်စေရန်အတွက် စီစဥ်နေခြင်းဖြစ်သည်။
ထိုသူငယ်ချင်းများ၏ ဂိုဏ်းများက နားလည်သဘောပေါက်ပြီး ဖြောင့်မှန်သည့်စိတ်ထားရှိပါလျှင် ရဲ့ဟိုင် သူတို့ကိုလွှတ်ပေးမည်ဟု စဥ်းစားထား၏။ သို့သော် ကူညီရန်ငြင်းဆန်သည်ဆိုလျှင် ရလဒ်က တစ်ခုတည်းသာ ရှိလာပေမည်။
" သွားကြမယ် "
စကားဆုံးသည်နှင့်ရဲ့ဟိုင် အပြင်သို့ လက်နှစ်ဖက်နောက်ပစ်ကာ ပြန်ထွက်သွား၏။
ရဲ့ဟိုင်ကိုယ်တိုင် ရုတ်တရတ် ဘူရီမြို့တွင် ပွင့်ပွင့်လင်းလင်း ထွက်ပေါ်လာသောအခါ ဂိုဏ်းအသီးသီးမှ ထောက်လှမ်းရေးအဖွဲ့အစည်းများ အလောတကြီးဖြင့် သူတို့ဂိုဏ်းများကို အလျင်အမြန် သတင်းပို့ကြတော့သည်။
ထိုဂိုဏ်းများအကုန်လုံး ဘူရီမြို့တွင် သူလျှိုများ ထားရှိရသည့်အကြောင်းအရင်းက ရဲ့ဟိုင်သည် ဘူရီမြို့၏ နောက်ကွယ်မှ သခင်ဖြစ်သည်ဆိုတာကို သိသောကြောင့်ဖြစ်လေ၏။
***