အရှေ့နတ်နန်းတော်တွင်...
အရှေ့နတ်နန်းတော်၏ ထောက်လှမ်းရေးဝန်ထမ်းများက ရဲ့ဟိုင်ပြန်လည်ရောက်ရှိနေသည့်အကြောင်း သတင်းပေးပို့လာပြီးနောက် အရှေ့နတ်နန်းတော်တစ်ခုလုံး တုန်လှုပ်သွား၏။
ထို့အပြင် အရှေ့နတ်နန်းတော်မှ ချူဂျောင်ဂျောင်ကလဲ သိပ်မကြာခင်မှာပင် ခွန်ယင်းအာထံမှ ရဲဟိုင်၏ သတင်းစကားကို လက်ခံရရှိခဲ့သည်။
နှင်းတောင်တန်းဒေသကို တိုက်ခိုက်ခြင်းဆိုသည်မှာ ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ချေ။
အထူးသဖြင့် နေကိုးစင်းမီးတောက်နယ်မြေနှင့် နှင်းတောင်တန်းဒေသကြား တည်ရှိနေသည့် မိုးဒေသဖြစ်၏။
ချက်ချင်းပင် ဟောင်ဖုဂျန်သည် ဂိုဏ်း၏ ထိပ်သီးအကြီးအကဲများ အကုန်လုံးကို အစည်းအဝေးခန်းမသို့ အလျင်အမြန် ခေါ်ဆောင်လိုက်သည်။
" နှင်းတောင်တန်းဒေသကို တိုက်ခိုက်မယ်ဆိုတဲ့ကိစ္စ ကျွန်တော်လုံးဝ သဘောမတူဘူး "
ဟောင်ဖုဂျန် အခြေအနေကို ရှင်းပြပြီးနောက် ချက်ချင်းပင် ဂိုဏ်းအကြီးအကဲတစ်ဦးက စတင်၍ကန့်ကွက်၏။
" နေကိုးစင်းမီးတောက်နယ်မြေနဲ့ နှင်းတောင်တန်းဒေသကြားမှာ မိုးဒေသရှိတယ်၊ လူတိုင်းက သူတို့နှစ်ခု မဟာမိတ်ဆိုတာ ကျိန်းသေသိထားတာပဲ၊ နှင်းတောင်တန်းဒေသနဲ့သာ တိုက်ပွဲဖြစ်ပွားမယ်ဆိုရင် အဓိကဒေသကြီးနှစ်ခုနဲ့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရလိမ့်မယ် "
" အရှေ့နတ်နန်းတော်က လက်ရှိအချိန်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်နယ်မြေတွေကို စုစည်းနေတုန်းပဲ၊ အဓိကနယ်မြေနှစ်ခုကို တစ်ပြိုင်နက်တည်းတိုက်ခိုက်ဖို့ ဘယ်လိုလုပ်ခွန်အားရှိမှာလဲ၊ ဒါ့အပြင် အခြားအဓိက ဒေသကြီးတွေကလည်း အခုချိန်မှာ အရှေ့နတ်နန်းတော်ကို အထူးသတိထားနေတာ ခြေလှမ်းတစ်လှမ်းတောင် မှားယွင်းလို့မရဘူး "
" ရွှီဖန်က ရဲ့ဟိုင်ရဲ့ အစေခံကို သွားပြီးတော့ မက်မောတဲ့အတွက် ငါတို့က ဒေသကြီးနှစ်ခုနဲ့ စစ်တိုက်ရမယ်ဆိုတာက နည်းနည်းတော့ လွန်လွန်းမနေဘူးလား "
" သတိပေးတဲ့အနေနဲ့ ဒေသကြီးနှစ်ခုလုံးကို ဖိအားပေးတာကိုတော့ ငါသဘောတူတယ်၊ ဒါပေမဲ့ စစ်ပွဲတိုက်ဖို့အတွက် တပ်ဖွဲ့ဝင်တွေကို စေလွှတ်ဖို့ကတော့ လုံးဝသဘောမတူနိုင်ဘူး "
ဂိုဏ်း၏အကြီးအကဲများ ထိုကဲ့သို့ တညီတညွှတ်တည်း ကန့်ကွက်နေကြသည့်အချိန်တွင် ချူဂျောင်ဂျောင် အေးစက်စွာဖြင့် ...
" ကြည့်ရတာ အရှေ့နတ်နန်းတော်က ဒေသကြီးလေးခုကို ဘယ်လိုပေါင်းစပ်နိုင်ခဲ့တယ်ဆိုတာ မေ့သွားတဲ့ပုံပဲ၊ ရဲ့ဟိုင်ရဲ့ ကိုယ်ပွားအကူအညီသာမပါရင် အရှေ့နတ်နန်းတော်က အဲ့ဒီဒေသကြီးလေးခုကိုပေါင်းစပ်ဖို့ ဘယ်လောက်အချိန်ကြာသွားမယ်ဆိုတာကို မသိဘူးလား "
လွန်ခဲ့သည့် ( 8 ) နှစ်က ချူဂျောင်ဂျောင်သည် ရွှေအင်မော်တယ်အဆင့်ကို ဝင်ရောက်ပြီးနောက် လူငယ်ဂိုဏ်းသခင်ရာထူးကို အောင်မြင်စွာဖြင့် ရရှိခဲ့သည်။
ထုံးစံအတိုင်းပင် ချူဂျောင်ဂျောင်က ရဲ့ဟိုင်၏ သဘောထားကို လုံးဝအပြည့်အဝ ထောက်ခံလေ၏။
ကံမကောင်းစွာဖြင့် ဂိုဏ်း၏အကြီးအကဲခေါင်းဆောင်များထဲတွင် ရဲ့ဟိုင်နှင့်ပတ်သက်သူက အနည်းငယ်သာရှိသည်။ ထိုပတ်သက်သူများကလည်း မှော်ဆေးပညာရှင်အဖွဲ့အစည်းနှင့် အစီအရင်ပညာရှင် အဖွဲ့အစည်းများဖြစ်သဖြင့် ဤကိစ္စရပ်များကို ဝင်ပြီး ဆွေးနွေးပိုင်ခွင့် မရှိကြချေ။
လူငယ်မျိုး ဆက်သစ်ထဲတွင်လည်း ဂိုဏ်း၌ ရဲ့ဟိုင်နှင့် ဆက်ဆံရေးကောင်းရှိသူက အနည်းငယ်သာရှိ၏။
ထိုအထဲတွင် ချူဂျောင်ဂျောင် တစ်ယောက်တည်းကသာ တစ်ဦးတည်းသော အာဏာရှိသူလည်းဖြစ်သည်။
" လူငယ်ဂိုဏ်းသခင် မင်းပြောတဲ့စကားက နည်းနည်းတော့ လွဲမနေဘူးလား၊ ရဲ့ဟိုင် အဲ့ဒီတုန်းက သေချာပေါက် ပါဝင်ကူညီခဲ့တယ်ဆိုတာကိုတော့ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ သူက ဂိုဏ်းရဲ့လူတစ်ယောက်ပဲလေ .. လုပ်ကိုလုပ်ရမယ့်ကိစ္စကို တာဝန်ယူခဲ့ရတာမဟုတ်ဘူးလား "
အကြီးအကဲတစ်ဦးက အေးစက်စွာဖြင့် ဝင်ပြော၏။
" အရှေ့နတ်နန်းတော်ရဲ့ လူငယ်ဂိုဏ်းသခင်တစ်ယောက်အနေနဲ့ ငါမင်းကိုပြောချင်တာက ခံစားချက်ထက် ဂိုဏ်းရဲ့ အနာဂါတ်ကို ဦးစားပေးဖို့ပဲ "
" ဝမ်မင်ရန် "
ချူဂျောင်ဂျောင် ထိုလူကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး...
" ( 10 ) စုနှစ်တစ်ခုကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် နင်တို့ဝမ်မိသားစုက ပြန်ပြီးတော့ အမောက်ထောင်လာမယ်လို့ ငါမမျှော်လင့်ထားဘူး "
ဝမ်မင်ရန်သည် ဝမ်မိသားစု၏ အကြီးအကဲဖြစ်ပြီး ဝမ်ညီအစ်ကိုများ ဂိုဏ်းတွင် ရက်စက်ကြမ်းကြုတ်သည့် အပြုအမူများကို ပြုလုပ်ရဲသည့် အကြောင်းအရင်းမှာ သူ၏အကာအကွယ်ပေးထားမှုကြောင့်ပင်။
ဤလူသည် ဆေးလုံးနှင့် ရတနာများကို ဝေငှရန်အတွက် တာဝန်ယူထားသောသူဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းတွင် သူ၏အာဏာက တော်တော်လေးကြီးမားသည်ဟု ဆိုလို့ရ၏။
" လူငယ်ဂိုဏ်းသခင် မင်းဘာကိုဆိုလိုချင်တာလဲ "
ဝမ်မင်ရန် ဒေါသတကြီးဖြင့် မတ်တပ်ထရပ်လိုက်သည်။
" ငါနင့်ကို သဘောမကျဘူးလို့ ပေါ်တင်ပြောနေတာလေ "
ချူဂျောင်ဂျောင်၏ မျက်လုံးက အေးစက်သောအလင်းတန်းများ တလက်လက်တောက်ပလာ၏။
" ငါသာဂိုဏ်းကို အုပ်ချုပ်တဲ့အချိန်ကျရင် ပထမဆုံးလုပ်မှာက ဂိုဏ်းရဲ့ပုပ်နေတဲ့ အခြမ်းဖြစ်တဲ့ နင်တို့ ဝမ်မိသားစုကို ဖယ်ရှားပစ်ဖို့ပဲ "
" လူငယ်ဂိုဏ်းသခင် မင်းပြောတဲ့စကားတွေက ဘောင်ကျော်နေပြီ "
ထိုအချိန်တွင် တတိယအကြီးအကဲကလဲ အေးစက်စက်ပြတ်ပြတ်သားသားပင် ဝင်ပြောသည်။
ချူဂျောင်ဂျောင် ထိုအကြီးအကဲကို အေးစက်စက်ကြည့်လိုက်ပြီး...
" နင် ကိုယ့်အနေအထားကိုယ် သိတယ်မလား .. ငါ့ရဲ့ ရာထူးအဆင့်အတန်းက နင်ဝင်ပြောလို့ရတဲ့ နေရာမဟုတ်ဘူး "
ထိုသို့ပြောပြီးသည်နှင့် ချူဂျောင်ဂျောင် လူတိုင်းကို လှည့်ပတ်ကြည့်လိုက်ပြီး...
" နင်တို့အခု တိုက်ခိုက်ဖို့အတွက် ဝန်လေးနေတဲ့အကြောင်းအရင်းက ရဲ့ဟိုင်ရဲ့ ကျင့်ကြံအဆင့် ကျောက်စိမ်းအင်မော်တယ်အဆင့်မှာ ပိတ်မိနေပြီး ဆက်အဆင့်မတက်နိုင်တော့ဘူးလို့ ထင်နေတာကြောင့် .. ရဲ့ဟိုင်အတွက် ဒီလိုတိုက်ခိုက်ဖို့ မထိုက်တန်တော့ဘူး တွေးနေကြတာမလား "
" ငါနင်တို့ကို ပြောချင်တာက ဒီတစ်သက်မှာ ရဲ့ဟိုင်က ရွှေအင်မော်တယ်အဆင့်ကို ရောက်နိုင်သည်ဖြစ်စေ မရောက်နိုင်သည်ဖြစ်စေ ငါတို့အရှေ့နတ်နန်းတော်အတွက် သူလုပ်ပေးခဲ့တဲ့အရာတွေကြောင့် မဆိုင်းမတွ ဒီကိစ္စကို လုပ်ကိုလုပ်သင့်တယ် "
ထိုတတိယအကြီးအကဲဆိုသောလူ အဘယ့်ကြောင့်ဝင်ပါလာသည်ဆိုတာကို သူမကောင်းကောင်းသိလေ၏။
တတိယအကြီးအကဲ ထောက်ခံပေးသည့်လူက ယင်ရန်ဆိုသော ကောင်ဖြစ်သည်။ ယင်ရန်က ရဲ့ဟိုင်ကြောင့် အရှက်တကွဲအကျိုးနည်းဖြင့် အဆုံးသတ်ခဲ့ရသဖြင့် ဤကဲ့သို့ လက်စားချေလာခြင်းပင်။
" လူငယ်ဂိုဏ်းသခင် မင်းအရမ်းကို စိတ်ခံစားချက်တွေ များလွန်းနေပြီ "
ထိုအချိန်တွင် အရပ်မြင့်မြင့် အကြီးအကဲတစ်ဦးက မတ်တပ်ရပ်ကာ ပြတ်သားသည့်အမူအရာဖြင့် ဝင်ပြောလာ၏။
ချူဂျောင်ဂျောင် တရားဥပဒေခန်းမ၏ ခန်းမသခင်က ကန့်ကွက်လာမည်ဟု မမျှော်လင့်ထားပေ။ သူမ ထိုလူအား ချက်ချင်းပင် စိုက်ကြည့်လိုက်သည်။
တရားဥပဒေခန်းမ၏ အကြီးအကဲဆိုသည်မှာ ဂိုဏ်းတစ်ခုလုံးတွင် ဩဇာအကြီးမားဆုံးလူတစ်ယောက်ဟု ဆိုလို့ရလေ၏။
" ဒါက စိတ်ခံစားချက်ပါဝင်တယ်ဆိုပေမဲ့ .. တကယ်လဲ စဥ်းစားရမယ့်အရာတစ်ခုပဲ "
ထိုအချိန်တွင် ဟောင်ဖုဂျန်က တည်ငြိမ်စွာဖြင့်...
" မင်းတို့အားလုံး ရဲ့ဟိုင်က ဒီတစ်သက်ဘယ်တော့မှ အဆင့်မတက်နိုင်တော့ဘူးလို့ ထင်နေကြတာမလား၊ ရဲ့ဟိုင်ဆိုတဲ့ လူက အံ့ဩဖွယ်ရာကိစ္စတွေကို ဖန်တီးနေတဲ့ လူတစ်ယောက်ပဲ၊ သူသာဒီကိစ္စကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီး နဂါးတစ်ကောင်အဖြစ် ပြန်ပြောင်းလဲသွားရင် အဲ့ဒီအချိန်မှာ နောင်တရဖို့ မဖြစ်နိုင်တော့ဘူးနော် "
" နန်းတော်သခင် ဟောင်ဖုဂျန် .. မင်းဘာကိုဆိုလိုချင်နေလဲဆိုတာ ငါနားလည်တယ် .. "
အိုးရန်ဟု ဟောင်ဖုဂျန်ကို အလေးအနက် စိုက်ကြည့်လိုက်ပြီး...
" ဒါပေမဲ့ ရဲ့ဟိုင်က နဂါးတစ်ကောင် ပြန်ဖြစ်သွားရင်တောင်မှ အရှေ့နတ်နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်နေအုံးမှာပဲ၊ ဒါက ပြောင်းလဲလို့မရဘူး၊ အဲ့တော့ သူပြောတဲ့ စကားတစ်ခွန်းကို ကျုပ်တို့အကြီးအကဲတွေက လိုက်နာပြီးလုပ်နေရမှာလား၊ သူ့အနေနဲ့ အရှေ့နတ်နန်းတော်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ နာခံသင့်တယ် "
" ဟမ့် ရေတိမ်ပိုင်းတစ်ခုက အစစ်အမှန်နဂါးကို ထောက်ပံ့ပေးနိုင်မယ်လို့ထင်လား "
ချူဂျောင်ဂျောင် တရားစီရင်ခန်းမသခင်ကို အေးစက်စက်ကြည့်လိုက်ပြီး...
" ကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ စည်းမျဥ်းအရဆိုရင် ကျင့်ကြံသူတစ်ယောက်က အင်မော်တယ်အရှင်အဆင့်ကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ဂိုဏ်းကနေ အလိုအလျောက် ထွက်ခွာသွားနိုင်စွမ်းရှိတယ်၊ အဲ့အချိန်ကြမှ နောင်တရရင် နောက်ကျသွားပြီ "
" အဲ့ဒါဆို တစ်ခုလောက်မေးပါရစေ၊ ရဲ့ဟိုင်က အခု အင်မော်တယ်အရှင်အဆင့်ကို ရောက်နေပြီလား၊ ပြီးတော့ လက်ရှိအနေအထားနဲ့ ဘယ်အချိန် အင်မော်တယ် အရှင်အဆင့် ရောက်နိုင်မလဲ "
အိုးရန်ဟု လှောင်ပြုံးနှင့်အတူ မေးလိုက်သည်။
တစ်ဖက်တွင် ချူဂျောင်ဂျောင်က ထိုစကားကြောင့် ဘာပြောရမှန်း မသိတော့ချေ။
" ပြန်မဖြေနိုင်တော့ဘူးလား .. မမေ့နဲ့ ရဲ့ဟိုင်က အင်မော်တယ်အရှင်အဆင့် မရောက်သရွေ့ အရှေ့နတ်နန်းတော်ရဲ့ လူတစ်ယောက်သာသာပဲ၊ သူ့ရဲ့ စကားက ဂိုဏ်းရဲ့ အမိန့်မဟုတ်ဘူး "
ချူဂျောင်ဂျောင်၏ ပြန်မပြောနိုင်သော အမူအရာကိုကြည့်ပြီး အိုးရန်ဟု လှောင်ပြုံးနှင့် အတူထပ်ပြောလိုက်သည်။
ရဲ့ဟိုင်ဆိုသည်မှာ သူ၏တရားဥပဒေ စိုးမိုးရေးခန်းမကို အကြိမ်ကြိမ် စော်ကားခဲ့သောကောင်ဖြစ်၏။ ထိုအရာကို အိုးရန်ဟုအဘယ့်ကြောင့် သည်းခံနိုင်မည်နည်း။
သို့သော်လည်း ဟောင်ဖုဂျန်က ဤကိစ္စကို အတင်းအကြပ် ကြားဝင်စွက်ဖက်ပြီး သူ့အားဝင်မပါရန်အတွက် ဖိနှိပ်ထားခဲ့လေ၏။
ထိုအချက်က အိုးရန်ဟုကို တော်တော်လေး အချိန်အတော်ကြာအောင် ဒေါသထွက်နေခဲ့စေသည်။
ယခု ရဲ့ဟိုင်၏ အာဏာက ကျဆင်းသွားပြီဖြစ်သဖြင့် အိုးရန်ဟု ဤအခွင့်အရေး၌ ဝင်မပါဘဲ မနေနိုင်ချေ။
အတိတ်က ရဲ့ဟိုင် ဂိုဏ်းအတွက် လုပ်ပေးခဲ့သည်များကတော့ သူ့အတွက် မေ့သွားတာကြာချေပြီ။
ရှေးခေတ်ကတည်းက လူအများအပြားသည် ကိတ်မုန့်တစ်လုံးရလာချိန် ဝိုင်းဝန်းစားသောက်ကြသော်လည်း တကယ့်တကယ် အကူအညီလိုအပ်သည့်အချိန်တွင် စားထားခဲ့သည်များကို သတိရပြီး အချိန်မီကူညီပေး သူက အနည်းငယ်သာ ရှိကြလေ၏။
***