နောက်ဆုံး အတိုက်အခံပေါင်းမြောက်များစွာနှင့် အကြီးအကဲများအကုန်လုံး၏ ဝိုင်းဝန်းဆန့်ကျင်မှုအောက်၌ နှင်းတောင်တန်းသို့ ချီတက်ကာ တိုက်ခိုက်မည့်အစီအစဥ်က ဘာမှဖြစ်မလာခဲ့ချေ။
ချူဂျောင်ဂျောင် စိတ်ပျက်လက်ပျက် အမူအရာဖြင့် အစည်းအဝေးခန်းမထဲမှ ထွက်ခွာလာသည်။
သို့သော် သူမထွက်ခွာခါနီးတွင် အခန်းထဲရှိ လူတိုင်းကို စူးစိုက်ကာ လှည့်ပတ်ကြည့်ပြီး...
" နင်တို့အားလုံး အရှေ့နတ်နန်းတော်ရဲ့ အပြစ်သားတွေ မကြာခင်ဖြစ်လာလိမ့်မယ် "
အစည်းအဝေးခန်းမမှ ထွက်လာပြီးသည်နှင့် ချူဂျောင်ဂျောင်သည် အရှေ့နတ်နန်းတော်၏ တယ်လီပို့အစီအရင်မှ တစ်ဆင့် နေကိုးစင်းမီးတောက်နယ်မြေသို့ တိုက်ရိုက်ပင် ထွက်ခွာလာခဲ့၏။
ထိုအချိန်တွင် အရှေ့နတ်နန်းတော် အစည်းအဝေးခန်းမထဲရှိ လက်ဖက်ရည်ဆက်သရသော အစေခံမလေးသည် အစည်းအဝေးပြီးဆုံးသွားသည်နှင့် ဖြစ်ပျက်ခဲ့သည့် အရာများကို အသေးစိတ် ကျောက်စိမ်းပြားတစ်ပြားတွင် ရေးထိုးလိုက်သည်။ ထို့နောက် ထိုကျောက်စိမ်းပြားသည် သူမ၏လက်ထဲမှတစ်ဆင့် လေဟာနယ်ထဲသို့ ဝင်ရောက်သွားပြီး ဘူရီမြို့ရှိရာသို့ ဦးတည်ကာ ထွက်ခွာသွား၏။
ထိုအချိန်တွင် ဘူရီမြို့၌ ကျင့်ကြံသူစုစုပေါင်း သုံးသောင်းတိတိ စုဆောင်းရောက်ရှိနေပြီဖြစ်သည်။
ထိုကျင့်ကြံသူအုပ်စုကြီးက လူတိုင်းကိုထိတ်လန့်စေသည့်အချက်မှာ ၎င်းတို့ထဲတွင် ကျင့်ကြံအဆင့် အနိမ့်ကျဆုံးက ကောင်းကင်အမတ အစောပိုင်းအဆင့်တွင်ရှိ၏။
ထိုကျင့်ကြံသူအုပ်စု သုံးသောင်း၏ တပ်ဗိုလ်များသည် ကျောက်စိမ်းအင်မော်တယ်အဆင့်တွင်ရှိပြီး လူတစ်သောင်းစီကို ဦးဆောင်ထားသည့် တပ်မှူးသုံးယောက်ကတော့ ရွှေအင်မော်တယ်အဆင့်တွင် ရှိနေသည်။
" ဘူရီမြို့က ဒီအဆင့်အထိ တိုးတက်လာဖို့ နှစ်ပေါင်းဘယ်လောက်ပဲ အချိန်ယူခဲ့တာလဲ "
" ဒီအင်အားစုစွမ်းအားနဲ့ဆိုရင် မိုးကြိုးဓားဂိုဏ်းလို သာမန်ဂိုဏ်းတွေနဲ့တောင် နှိုင်းယှဥ်နိုင်နေပြီ၊ အစွမ်းထက်တဲ့ အင်မော်တယ်သခင်အဆင့်တွေသာ ထပ်ရှိနေရင် သူတို့အဖွဲ့အစည်းက မိုးကြိုးဓားဂိုဏ်းနဲ့ အခြားဂိုဏ်းတွေထက် လုံးဝအားမနည်းတော့ဘူး "
" ခွန်ယင်းအာ 10 နှစ်အတွင်း ဒီလိုအင်အားစုရအောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာ ငါတကယ်သိချင်မိတယ် "
သူလျှိုများက အုပ်စုလိုက်အုပ်စုလိုက် အသည်းအသန် ဆွေးနွေးလိုက်ကြ၏။
တကယ်လို့ လွန်ခဲ့သည့် ( 10 ) နှစ်အတွင်း ခွန်ယင်းအာ မည်မျှအထိ ဤလူများထံ၌ ရင်းနှီးမြုပ်နှံခဲ့သည်ဆိုတာကိုသိလျှင် ဘူရီမြို့တွင် ဤမျှအင်အားစုရှိလာသည်က ဘာမှမဟုတ်ကြောင်း အကုန်လုံး နားလည်သွားကြမည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဘူရီမြို့တွင် ၎င်းအဖွဲ့ကို လေ့ကျင့်ပေးခဲ့သော ရင်းနှီးမြုပ်နှံမှုသည် အရှေ့နတ်နန်းတော်ထက်ပင် များစွာသာလွန်သောကြောင့်ဖြစ်၏။
သိထားရမည်မှာ အရှေ့နတ်နန်းတော်၏ အရင်းအမြစ်များသည် နယ်မြေလေးခုကနေ စီးဆင်းဝင်ရောက်ကာ များပြားစွာ တည်ရှိနေခြင်းဖြစ်သည်။
ဘူရီမြို့က မြို့တစ်မြို့လေးသာရှိ၏။ သို့သော် အရှေ့နတ်နန်းတော်ထက် သာလွန်သော အရင်းအမြစ်များကို ထောက်ပံ့နေနိုင်ဆဲပင်။
ထိုလူများအားလုံးမသိသည်မှာ ဤလူအင်အားသုံးသောင်းသည် ဘူရီမြို့၏ ခွန်အားတစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။ သူတို့၏ အစစ်အမှန်စွမ်းအားက အဓိကနယ်မြေကြီး ( 36 ) ခုကို ပျံ့နှံ့နေသော သူတို့၏ ထောက်လှမ်းရေးကွန်ရက်ကြီးဖြစ်၏။
ထိုထောက်လှမ်းရေးကွန်ရက်ကြီးကို တည်ဆောက်ပြီး နေရာတိုင်းတွင် သူလျှိုများစိမ့်ဝင်နိုင်ရန်အတွက် နှစ်စဥ်အရင်းအမြစ်များ၏ သုံးပုံနှစ်ပုံကျော်ကို ၎င်းထဲတွင် ရင်းနှီးမြုပ်နှံခဲ့ရသည်။
ထိုအချိန်တွင် ဘူရီမြို့အနီးတွင်ရှိသော ကျိယန်မြို့မှ အင်အားသုံးသောင်းပါသည့် စစ်တပ်ကလဲ ရောက်ရှိလာ၏။
သူလျှိုများအားလုံးကို ထပ်မံ၍ အံ့အားသင့်သွားစေသည်မှာ ကျိယန်မြို့မှ စစ်သားသုံးသောင်းသည်လည်း အကုန်လုံးက ကောင်းကင်အမ္မတအဆင့်သို့ ရောက်ရှိနေခြင်းပင်။
သူတို့၏ ဖွဲ့စည်းတည်ဆောက်ပုံက ဘူရီမြို့မှ စစ်သည်များနှင့် တစ်ပုံစံတည်းဖြစ်သည်။
ဤအဆင့်က သူလျှိုများသာမက ဘူရီမြို့တွင်ရှိနေသော အခြားကျင့်ကြံသူများကိုပါ အံ့အားသင့် ဆွံ့အသွားစေ၏။
" ရဲ့ဟိုင်ရဲ့ စစ်သည်အရေအတွက်နဲ့ဆိုရင် သူက ဒေသတစ်ခုလုံးတောင် ထိန်းချုပ်နိုင်တဲ့အဆင့်မှာ ရောက်ရှိနေပြီ "
" မဟုတ်ဘူး .. မရသေးဘူး "
" ကျင့်ကြံသူအယောက်တစ်သိန်းမရှိဘဲနဲ့ သူတို့က ဒေသတစ်ခုလုံးကိုထိန်းချုပ်ဖို့ အရည်အချင်းမပြည့်မီဘူး၊ ဒါ့အပြင် ရဲ့ဟိုင်ရဲ့ အဖွဲ့တွေမှာ အုပ်ချုပ်ဖို့အတွက် အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတွေ တစ်ယောက်မှမပါဘူးလေ "
ထိုကဲ့သို့ လူတိုင်းက ဆွေးနွေးနေကြသည့်အချိန်တွင် ကြောက်စရာကောင်းသော အရှိန်အဝါ ထွက်ပေါ်နေသည့် လူငါးယောက်က ရုတ်တရက် လေထုထဲတွင် ထွက်ပေါ်လာသည်။ ထိုလူများက ထွက်ပေါ်လာသည်နှင့် ရဲ့ဟိုင်ကို တလေးတစားဖြင့် ဦးညွှတ်လိုက်လေ၏။
" သခင်လေး "
" အင်မော်တယ်သခင်အဆင့် "
" အင်မော်တယ်သခင်အဆင့် ငါးယောက်တောင်လား "
" နေဦး သူတို့ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့ စွမ်းအားတွေအရဆိုရင် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွေများ ဖြစ်နေမလား "
ထိုသတင်းက လူတိုင်းကို အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားစေသည်။
ဤအထွတ်အထိပ်အဆင့် အင်မော်တယ်သခင် ကျင့်ကြံသူငါးယောက်ဖြင့်ဆိုလျှင် ရဲ့ဟိုင်၏ စစ်တပ်က ကျွမ်းကျင်ပညာရှင်များ လိုအပ်နေသည့်ဟာကွက်ကို ပြည့်သွားစေမှာ သေချာ၏။
ရဲ့ဟိုင်တည်ငြိမ်စွာဖြင့် ထိုငါးယောက်ကို ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ရဲ့ဟိုင်ဘေးနားတွင်ရပ်နေသော ခွန်ယင်းအာ၏ လက်ထဲသို့ ကျောက်စိမ်းပြားတစ်ပြားက ရောက်ရှိလာ၏။
ခွန်ယင်းအာ အထဲတွင်ပါဝင်သော အကြောင်းအရာကိုဖတ်ပြီးနောက် ရဲ့ဟိုင်ကိုပေးလိုက်သည်။
ထိုစာကိုဖတ်ပြီးနောက် ရဲ့ဟိုင်၏အမူအရာ ဘာမှပြောင်းလဲခြင်းမရှိပေ။ ရှေးခေတ်ကတည်းက လူတိုင်းသည် ရရှိလာသောကိတ်မုန့်ကို တစ်ယောက်တစ်ဖဲ့စီဝိုင်းစားရန် စိတ်အားထက်သန်လွန်းကြသော်လည်း အကူအညီလိုအပ်သည့်အချိန်တွင်တော့ အချိန်မီကူညီပေးသည်က ရှားပါးလှ၏။
" ကောင်းပြီ .. အားလုံးပဲ နှင်းတောင်တန်းကို သိမ်းပိုက်ကြတာပေါ့ "
ရဲ့ဟိုင်သူ၏ ဓာတ်ကြီးငါးပါးဓားကို ဆွဲထုတ်ပြီး နှင်းတောင်တန်းဒေသရှိရာသို့ ဦးတည်၍ ညွှန်ပြလိုက်သည်။
" နှင်းတောင်တန်းကို အနိုင်ယူမယ် "
ချက်ချင်းပင် စစ်သားခြောက်သောင်းလုံးကလည်း သူတို့၏လက်နက်များကိုထုတ်၍ အော်ဟစ်လိုက်သည်မှာ ဘူရီမြို့တော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး မြေငလျင်များတောင် ဖြစ်ပေါ်လာစေ၏။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော အစီအရင်ရုဏ်းများ ရေးထွင်းထားသည့် ရှေးဟောင်းစစ်သင်္ဘောကြီး ( 6 ) စင်းက ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်။
ရှေးဟောင်းစစ်သင်္ဘောများက အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် ကြောက်စရာကောင်းသော အရှိန်အဝါဖိအားကို ထုတ်လွှတ်လာလေ၏။
" အဲ့တာတွေက ဘာတွေလဲ "
" ဒါတိုက်ပွဲဝင်စစ်သင်္ဘောတွေမလား "
" ရဲ့ဟိုင်က တိုက်ပွဲဝင်စစ်သင်္ဘောတွေကို ဘယ်ကနေရလာတာလဲ "
" ကျိန်းသေပေါက်ဒါက ဒဏ္ဍာရီလာ အင်မော်တယ်သခင်အဆင့် စစ်သင်္ဘောတွေပဲ၊ သူတို့ရဲ့အရှိန်အဟုန်နဲ့ စွမ်းအားက အင်မော်တယ်သခင်အဆင့်တွေနဲ့ တန်းတူညီပြီးတော့ ကြောက်စရာကောင်းတဲ့ စွမ်းအင်အမြောက်တွေကိုလည်း တပ်ဆင်ထားသေးတယ်၊ စစ်သင်္ဘောခြောက်စင်းရဲ့ စွမ်းအားအောက်မှာ အင်မော်တယ်သခင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင်မှ နောက်ပြန်ဆုတ်သွားရမှာပဲ "
" အင်မော်တယ်သခင်အဆင့် စစ်သင်္ဘော ( 6 ) စင်း "
" ဒီအင်မော်တယ်သခင်အဆင့် စစ်သင်္ဘော ( 6 ) စင်းနဲ့ဆိုရင် ဘူရီမြို့ကနေ နှင်းတောင်တန်းဒေသကိုရောက်ဖို့က ဘယ်လောက်မှကြာမှာမဟုတ်ဘူး "
ချက်ချင်းပင် ရဲ့ဟိုင်၏ စစ်သည်ခြောက်သောင်းသည် စစ်သင်္ဘော ( 6 ) စီးပေါ်သို့ ခွဲကာတက်ရောက်လိုက်ပြီး နှင်းတောင်တန်းဒေသရှိရာသို့ ဦးတည်လိုက်ကြလေသည်။
***