" ခွန်ယင်းအာရဲ့ အရည်အချင်းတွေက တကယ်ကို ကြောက်စရာကောင်းတာ မှန်ပါတယ်၊ ဒါပေမဲ့လဲ ချူဂျောင်ဂျောင် ကကော သူမထက် ဘယ်နေရာမှာ အားနည်းနေလို့တုန်း "
တရားဥပဒေ စိုးမိုးရေးခန်းမသခင် အိုးရန်ဟွ မကျေမနပ်ဖြင့် ထကာ ...
" အားလုံးပဲ ချူဂျောင်ဂျောင်က ကျောက်စိမ်းအင်မော်တယ် အဆင့် 31 ထိ ရောက်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့ "
" ဟုတ်တယ် … ခွန်ယင်းအာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ .. ကျင့်ကြံခြင်း လမ်းစဉ်မှာတော့ ချူဂျောင်ဂျောင် နဲ့ မယှဉ်နိုင်ဘူး။ ချူဂျောင်ဂျောင်သာ ကြီးပြင်းလာရင် သူမ အရှေ့ပိုင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပြန်ပြီးသိမ်းပိုက်လိမ့်မယ် "
တတိယအကြီးအကဲကလဲ ဝင်ရောက်ကာ မှတ်ချက်ပြုလေသည်။
" သူမက အရှေ့ပိုင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပြန်ပြီး သိမ်းပိုက်လိမ့်မယ် .. ဟုတ်လား၊ ဟား .. ဟား "
မဟာအကြီးကဲ ချင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ...
" မထူးဆန်းတော့ဘူး .. မင်းလို အရူးဦးနောက်နဲ့ ကောင်တွေကြောင့် အရှေ့နတ်နန်းတော် ဒီလိုဖြစ်တာ မထူးဆန်းတော့ဘူး၊ ကျောက်စိမ်း အင်မော်တယ် အဆင့် 31 လောက်နဲ့ အရှေ့ပိုင်း ကုန်းမြေတိုက်ကြီးကို ပြန်သိမ်းမယ်ဆိုတော့ မင်းတို့က ဝူမင်၊ ဖီးနစ်နတ်သမီးနဲ့၊ တိုင်ဘို၊ ထျန်းယန် နဲ့ ပိုင်ဟွတို့ကို ရှိုးပြပဲ တည်ရှိနေတဲ့ လူတွေလို့ထင်နေတာလား “
" ဟမ့် .. မင်းပြောတဲ့ စကားကကော ဘာအဓိပ္ပာယ်ရှိလို့လဲ၊ သူတို့က ပါရမီပိုကောင်းနေရင်တောင် မကြီးပြင်းလာသေးတဲ့ သူတွေက ပါရမီရှင် အစစ်မှန် မဟုတ်ဘူး၊ တစ်ချိန်ချိန်မှာ သူတို့ သေသွားနိုင်တာပဲ မဟုတ်ဘူးလား "
အိုးရန်ဟွ မဟာအကြီးကဲ ချင်ကို စိုက်ကြည့်လိုက်ပြီး ...
" ငါအခုပြောတဲ့ စကားအတွက် ရဲ့ဟိုင်က စံနမူနာပဲ။ သူက အရှေ့ပိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံးရဲ့ အကြီးမြတ်ဆုံး ပါရမီရှင်လို့ သူ့ကိုယ်သူ အမွှမ်းတင်ထားပေမယ့် .. နောက်ဆုံး ဘာဖြစ်သွားလဲ "
...................
ရွှီ မိသားစု။
တိုက်ပွဲတစ်ခုတွင် အကြောင်းပြချက်ရှိရပေမည်။
တိုက်ပွဲအတွက် ရဲ့ဟိုင်၏ အကြောင်းပြချက်မှာ ရွှီမိသားစုမှ ရွှီဖန်သည် သူ၏ အစေခံ ခွန်ယင်းအာကို သိမ်းပိုက်ရန်ကြိုးစားခြင်းကြောင့်ဖြစ်သည်။
တကယ်တော့ ဒီအကြောင်းပြချက်လေးနှင့် တိုက်ပွဲဖြစ်စရာ မလိုချေ။
သို့သော် ရဲ့ဟိုင်သည် အင်မော်တယ် သခင်အဆင့် စစ်သင်္ဘောခြောက်စီးဖြင့် စစ်သည် 60,000 ကို ဦးဆောင်ကာ နှင်းတောင်းတန်းဒေသရှိ ရွှီ မိသားစုဆီသို့ ဦးတည်ထွက်လာခဲ့လေ၏။
" ရဲ့ဟိုင်က ငါ့တို့ ရွှီ မိသားစုဆီ ရောက်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး "
ရွှီ မိသားစု၏ အကြီးအကဲတစ်ယောက်မှ ရွှီမိသားစု ခေါင်းဆောင် ရွှီဟိုင် ဘက်ကို လှည့်ပြီး ...
" မိသားစု ခေါင်းဆောင် .. မင်းဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်ပြီ "
" ဟမ့် .. ဆုံးဖြတ်ချက်က တစ်ခုတည်းပဲ၊ ရန်သူ တစ်ယောက် ရောက်လာရင် တစ်ယောက်သတ်မယ်၊ အယောက် တစ်ရာလာရင် တစ်ရာလုံး သေရမယ်၊ ဘယ်လောက်လာလာ သူတို့အတွက် သေလမ်းကလွဲပြီး သွားစရာမရှိစေရဘူး "
ရွှီဟိုင် ခေါင်းဆောင် ထိုင်ခုံတွင်ထိုင်ရင်း အေးစက်စွာ အေးစက်စွာပြောလိုက်၏။
" တိုက်ပွဲက အဲ့လောက်မလွယ်မှာကို စိုးရိမ်မိသား "
ထောက်လမ်းရေး အကြီးအကဲမှာ ရွှီဟိုင်ကို အလေးနက်ကြည့်လိုက်ပြီး …
" ကျွန်တော်ရထားတဲ့ ထောက်လှမ်းရေး အချက်လက်တွေအရဆို တရားမျှတမှု မဟာမိတ် အဖွဲ့အစည်းကလဲ ထိပ်တန်းစစ်တပ် တစ်တပ်ကို စုစည်းပြီး ကျွန်တော်တို့ ဘက်စီ ဦးတည်လာနေတယ်တဲ့၊ သူတို့ရဲ့ ခေါင်းဆောင် လုံဟောင်ထျန်းကလဲ မနှစ်က အင်မော်တယ် အရှင်အဆင့်ကို ရောက်သွားပြီလို့ သတင်းရထားတယ် "
“အင်မော်တယ် အရှင်အဆင့် ”
ရွှီဟိုင် ထိုစကားကိုကြားလျှင် အမူအရာ ပျက်သွားသည်။
ရွှီဟိုင်သည် တိုက်ပွဲကရောက်လာသော်လဲ အလွန်အေးဆေး တည်ငြိမ်နေရသည့်အကြောင်းရင်းမှာ သူတို့ဘက်တွင် အင်မော်တယ် အရှင်အဆင့် နှစ်ယောက်ရှိနေသဖြင့် ရွှီ မိသားစုအတွက် စိုးရိမ်စရာ ဘာမှမရှိဟု ခံစားရသောကြောင့်ပင်။
သို့သော် .. တိုက်ပွဲတွင် တရားမျှတမှု မဟာမိတ်အဖွဲ့အစည်းမှ လုံဟောင်ထျန်း၏ ထပ်တိုးတည်ရှိလာမှုကတော့ ရွှီဟိုင်၏ တည်ငြိမ်မှုကို ပျက်ပြားလာစေ၏။
ရွှီမိသားစုတွင် အင်မော်တယ်အရှင်ဆင့် တစ်ယောက်ပိုနေသေးသော အားသာချက်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်သေးသော်လည်း ၎င်းမှာ အရှေ့နတ်နန်းတော်က ဝင်မပါသေးချိန်ဖြစ်သည်။
အရှေ့နတ်နန်းတော်သာ ဝင်ပါလာခဲ့မည်ဆိုလျှင် ….
" ရွှီဖန် လူတွေအများကြီးရှိတဲ့ ထဲကမှ ဘာလို့ ရဲ့ဟိုင်ကို ရွေးပြီး စော်ကားရတာလဲ “
အကြီးကဲ တစ်ယောက်မှာ မကျေမနပ်ဖြင့် …
" ပိန်နေတဲ့ ကုလားအုတ်တစ်ကောင်က မြင်းထက်တော့ ပိုကြီးနေတုန်းပဲ၊ ရဲ့ဟိုင်က အင်မော်တယ်နန်းတော် ကိုယ်တိုင် ခန့်ထားတဲ့ နယ်စားဆိုတာ သူမသိဘူးလား "
" ဟမ့် .. ခုချိန်မှာ အဲ့ဒါကိုပြောနေရမဲ့ အချိန်လား၊ တိုက်ပွဲ အတွက် စဉ်းစားရမှာကို ဘာတွေအာချောင်နေတာလဲ “
နောက်ထပ် အကြီးကဲတစ်ယောက်မှာ ထိုအကြီးကဲကို မကျေမနပ်ဖြင့် ဝင်ပြောလေ၏။
“ မင်း .. “
“ ဘာမင်းလဲ .. ငါပြောတာ မဟုတ်လို့လား .. “
ဤသို့ဖြင့် အစည်းဝေးပွဲက ရွှီမိသားစု၏ အတွင်းရန်ပွဲအဖြစ် ပြောင်းလဲသွားခဲ့သည်။
" အားလုံးတိတ်ကြစမ်း .. ငါတို့ ရွှီမိသားစုက သူ့ကို သွားရန်စမိလဲ ဘာဖြစ်သေးလဲ "
မိသားစုခေါင်းဆောင် ရွှီဟိုင်၏ မျက်လုံးထဲတွင် သန်မာသော လူသတ်ငွေ့များက သိပ်သည်းလာပြီး …
" ခုရဲ့ဟိုင်ဆိုတာ အရင်တုန်းက ရဲ့ဟိုင် မဟုတ်တော့ဘူး။ သူ့ကို မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ ငါတို့ သူ့ကို သင်ခန်းစာပေးပြီး အရှက်ခွဲနိုင်သေးတယ်။ ဒီတိုက်ပွဲမှာ ရဲ့ဟိုင်ကို သင်ခန်းစာပေးပြီးတော့ ငါတို့အင်အားကို လူတိုင်းသိအောင်ပြလိုက်ကြတာပေါ့ "
ရွှီဟိုင် အော်ပြောလိုက်၏။
သို့သော် သူ့ စကားဆုံးသည်နှင့် ကောင်းကင်ထက်မှ ကျယ်လောင်သော ပေါက်ကွဲသံများကို အကုန်လုံး ကြားလိုက်ကြရသည်။ ချက်ချင်းပင် ရွှီမိသားစုတစ်ခုလုံးအနှံ့ အရေးပေါ် အချက်ပေးသံများ ဆူညံစွာ ထွက်ပေါ်လာ၏။
ရွှီမိသားစု ခေါင်းဆောင်နှင့် အကြီးကဲများ အစည်းအဝေးခန်းမမှ အလျှင်မြန် ထွက်လာလိုက်ကြလေသည်။
သူတို့ အပြင်ရောက်သည်နှင့် တွေ့လိုက်ရသည့် မြင်ကွင်းက မိသားစု၏ အကာကွယ်အစီရင်မှာ အသက်ဝင်နေပြီး အပြင်ဘက်တွင် စစ်သင်္ဘောကြီး ခြောက်စင်းက အမြောက်များဖြင့် ပစ်ခတ်နေလေ၏။
" အင်မော်တယ် သခင်အဆင့် စစ်သင်္ဘောတွေ "
" ရဲ့ဟိုင်က အင်မော်တယ် သခင်အဆင့် စစ်သင်္ဘောတွေ ဘယ်လိုလုပ် ပိုင်ဆိုင်နေတာတုန်း "
" ပြီးတော့ စစ်သင်္ဘော တစ်စင်းကို စစ်သား 10000 ပါပြီး စုစုပေါင်း စစ်သား 60000 တောင်လား "
" အထူးသဖြင့် ထိပ်ဆုံးမှာ ပင်လယ်လို အဆုံးမဲ့ အရှိန်ဝါ ထုတ်ဖော်နေတဲ့ လူတွေကို သတိထားမိလား "
" အထွတ်အထိပ် အင်မော်တယ် သခင်အဆင့်တွေ၊ သေချာပေါက် သူတို့က အထွတ်အထိပ် အင်မော်တယ် သခင်တွေပဲ "
" ရဲ့ဟိုင်က ဒီလို အင်အားကြီး ပုဂ္ဂိုလ်တွေကို ဘယ်တုန်းက စုဆောင်းလိုက်တာတုန်း "
ရွှီမိသားစုခေါင်းဆောင်နှင့် အကြီးကဲများ အံ့အားသင့်သွားသလို တိမ်တိုက်ကျားသစ် သားရဲတစ်ကောင်ကို စီးလာသည့် အဘိုးအိုတစ်ဉီးကလဲ လေထဲတွင် ထွက်ပေါ်လာသည်။
ထိုလူကို မြင်သည်နှင့် ရွှီမိသားစုတစ်ခုလုံး တစ်ယောက်မကျန် ရိုသေစွာ ဦးညွှတ်လိုက်ကြလေ၏။
***