" ရဲ့ဟိုင် ငါ့ရဲ့ ရွှီမိသားစုက ရှုံးနိမ့်တာကို လက်ခံတယ် "
ရွှီလိန်ကျန်း အလျင်စလိုပင် ပြောလိုက်၏။
" ဝေါင်း "
ထိုအချိန်တွင် တိမ်ကျားသစ်က ကျယ်လောင်စွာဟိန်းလိုက်ပြီး မြေပြင်ကနေ မတ်တပ်ထရပ်လာကာ သူ၏ မျက်လုံးတွင် သွေးဆာသော အရှိန်အဝါများ တလက်လက် တောက်ပလာသည်။
ရဲ့ဟိုင် ထိုတိမ်ကျားသစ်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး နတ်အသိစိတ်အာရုံဖြင့် ဝိညာဥ်အမျှင်တစ်ခုကို ထိုတိမ်ကျားသစ်ဆီ ပစ်လွှတ်လိုက်၏။
ဝိညာဥ်အမျှင်က ဦးခေါင်းထဲဝင်ရောက်သွားသည်နှင့် တိမ်ကျားသစ်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လာခဲ့သည်။
" အဲ့တာက ဘုရင်အဆင့် မှော်စွမ်းအားနည်းစနစ် "
" ဟုတ်တယ် ကြယ်တာရာသမင်ဘုရင်ရဲ့ မှော်စွမ်းအားနည်းစနစ်ပဲ "
" မင်းငါ့ကို အဲ့တာသင်ပေးနိုင်မလား "
တိမ်ကျားသစ် ကြယ်တာရာသမင်ဘုရင်၏ နာမည်ကိုကြားသည်နှင့် အလောတကြီးပင် မေးလိုက်၏။
" သင်ပေးဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး .. ဒါပေမဲ့ အရာအားလုံးက မင်းရဲ့ လုပ်ရပ်အပေါ်မူတည်တယ် "
" ဘာလဲ အညံခံဖို့လား .. ငါသာ အဲ့ဒီနည်းစနစ်ကို ရသွားတဲ့အချိန်ကျရင် ထွက်ပြေးသွားရင်ကော "
တိမ်ကျားသစ် ရဲ့ဟိုင်ကိုကြည့်ကာ မေးလိုက်သည်။
" ဟမ့် .. မင်း ငါ့လက်က လွတ်မြောက်နိုင်မှာလား "
ရဲ့ဟိုင် တိမ်ကျားသစ်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ပြီး...
" သားရဲတွေ အင်မော်တယ်အရှင်အဆင့်ကို ကျင့်ကြံရတာက အရမ်းကို ခက်ခဲလွန်းတာကြောင့်သာမဟုတ်ရင် မင်းအသက်ကို ငါချမ်းသာပေးမှာမဟုတ်ဘူး "
တိမ်ကျားသစ်၏ မျက်လုံးထဲတွင် ချက်ချင်းပင် ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာများ ဖြစ်ပေါ်လာ၏။ ထို့နောက် တိမ်ကျားသစ်သည် ချက်ချင်းပင် အဘိုးကြီးတစ်ယောက်အသွင် ပြောင်းလဲသွားသည်။
သူ ရဲ့ဟိုင်ရှေ့တွင် ဒူးထောက်လိုက်ပြီး...
" လီဆူးက သခင့်ကို နှုတ်ဆက်ပါတယ် "
သူအလေးအနက်အမူအရာဖြင့် ဦးညွှတ်လိုက်၏။
" ကောင်းပြီ ကြယ်တာရာသမင်ဘုရင်ရဲ့ မှော်စွမ်းအားနည်းစနစ်ကို ငါမင်းဆီ လက်ဆင့်ကမ်းပေးမယ်၊ မင်းသာကောင်းကောင်းပြုလုပ်နေမယ်ဆိုရင် သူ့ရဲ့တာအိုဉာဏ်အလင်းကိုတောင်မှ ငါပေးမှာ "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် တိမ်ကျားသစ်ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး...
" သေချာတာပေါ့ မင်းသာနာခံချင်ယောင်ဆောင်ပြီးတော့ လှည့်စားရင်တော့ အကျိုးဆက်တွေကို မင်းတောင့်ခံနိုင်မှာမဟုတ်ဘူး "
အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်တာအိုကို ကျိန်ဆိုလည်း အသုံးဝင်ခြင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအဆင့်တွင်ရှိသောလူများက မဟာတာအိုကို ထိတွေ့နိုင်နေပြီ ဖြစ်သောကြောင့်ပင်။
ရဲ့ဟိုင် တိမ်ကျားသစ်ကို အလွယ်တကူ အညံ့ခံစေလိုက်သည်အား မြင်သောအခါ ရွှီလိန်ကျန်း၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားသည်။
" လီဆူး မင်းငါ့နောက်ကိုလိုက်မယ်လို့ ကတိပေးထားတာမဟုတ်ဘူးလား "
" ဟမ့် .. မင်းပေးတဲ့အမွေအနှစ်က အင်မော်တယ်အရှင်အဆင့် အမွေအနှစ်လေးပဲ၊ မင်း အင်မော်တယ်ဘုရင်အဆင့် အမွေအနှစ်ကို ပေးနိုင်လို့လား "
တိမ်ကျားသစ်လီဆူးမှာ ရွှီလိန်ကျန်းကိုကြည့်ပြီး အေးစက်စက် ပြန်ပြောလိုက်၏။
" မင်းက ခွေးတစ်ကောင်လောက်တောင်မှ သစ္စာမရှိတဲ့ကောင်ပဲ "
ရွှီလိန်ကျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုစကားကြားလျှင် လီဆူး၏မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းဆန္ဒများ တလက်လက် တောက်ပလာ၏။
" သခင် သူ့ကို သတ်စေချင်လား "
" သူ့ကိုငါနဲ့ထားခဲ့ ... မင်း ရွှီမိသားစုခေါင်းဆောင်နဲ့ ကျန်တဲ့ လူတွေကိုကိုင်တွယ်လိုက် "
ရဲ့ဟိုင် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
" အမိန့်အတိုင်းပါပဲ "
ချက်ချင်းပင် လီဆူးသည် ရွှီမိသားစုခေါင်းဆောင်နှင့် အကြီးအကဲများဆီသို့ အပြုံးနှင့်အတူ တစ်လှမ်းချင်း လျှောက်လှမ်းသွား၏။
" ရပ် "
" မင်းက ငါတို့ဘိုးဘေးနဲ့ သဘောတူညီချက်ယူထားတဲ့ သားရဲပဲ "
" မဟုတ်ဘူး ငါတို့က မင်းကိုသစ္စာခံဖို့ ဆန္ဒရှိပါတယ် သခင်လေးရဲ့ "
ထိုအချိန်တွင် ရွှီမိသားစုမှ အကြီးအကဲတော်တော်များများက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
၎င်းစကားကိုကြားသောအခါ တိမ်ကျားသစ်၏ ခြေလှမ်းများက ရပ်တန့်သွားပြီး ရဲ့ဟိုင်ကိုကြည့်လိုက်၏။
ရဲ့ဟိုင်၏ အမူအရာက ဘာမှပြောင်းလဲခြင်းမရှိသောအခါ သူ၏မျက်နှာတွင် လှောင်ပြုံးနှင့်အတူ ရက်စက်ကြမ်းကြုတ်မှုများက တလက်လက် တောက်ပလာသည်။
" ကျူပင်ခုတ် .. ကျူငုပ်မကျန်"
ဤသည်မှာ ရဲ့ဟိုင်၏ အစစ်အမှန် နည်းဗျူဟာတစ်ခုဖြစ်၏။
လီဆူးလှုပ်ရှားလိုက်သည်နှင့် ရွှီမိသားစုဝင်များမှာ အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်အောက်တွင် မည်ကဲ့သို့ ခုခံနိုင်စွမ်းရှိမည်နည်း။ အကုန်လုံးက တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံရလေသည်။
သူ၏မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကိုကြည့်ပြီး ရွှီလိန်ကျန်း၏နှလုံးက သွေးစိမ်းရှင်ရှင် ယိုစီးလာ၏။
" ရဲ့ဟိုင် မင်းရဲ့လိုအပ်ချက်တွေပြော .. ငါတို့ရွှီမိသားစုက မင်းအတွက်အစွမ်းကုန် ကြိုးစားပေးမယ် "
" ဒီနေ့ကစပြီးတော့ နှင်းတောင်တန်းဒေသမှာ ငါ့ရဲ့ ယန်ဟွမ်ဂိုဏ်း အင်အားတစ်ခုပဲရှိတော့မယ်၊ အဲ့လိုပဲ အခုချိန်ကစပြီး နှင်းတောင်တန်းဒေသမှာ ငါ့အသံက ဒေသတစ်ခုလုံးရဲ့ အမိန့်ပဲ "
ရဲ့ဟိုင်ထိုသို့ပြောပြီးသည်နှင့် ရွှီလိန်ကျန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
" ပြော မင်းရဲ့ ရွှီမိသားစုက ငါ့ကိုဘာလုပ်ပေးနိုင်လဲ "
" မင်း "
ရဲ့ဟိုင်၏ ထိုစကားကြားလျှင် ရွှီလိန်ကျန်း နှစ်ဖက်ကြားသင့်မြတ်ဖို့ အခွင့်အလမ်းက လုံးဝမရှိတော့ဘူးဆိုတာ သဘောပေါက်သွား၏။
ချက်ချင်းပင် ရွှီလိန်ကျန်း၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသော ဆန္ဒများက သိပ်သည်းလာခဲ့ပြီး သူ့လက်ထဲတွင် ဝှက်ထားသောဓားမြောင်က ရဲ့ဟိုင်၏ နှလုံးရှိရာသို့ အရှိန်ဖြင့်ထိုးစိုက်ချလိုက်သည်။
သူတို့နှစ်ဦး၏အကွာအဝေးက အရမ်းကိုနီးကပ်နေပြီး ရွှီလိန်ကျန်းကလဲ အလစ်ဝင်တိုက်ခိုက်လိုက်ခြင်းဖြစ်သောကြောင့် ရဲ့ဟိုင်ရှောင်တိမ်းရန် ဘယ်လိုမှမဖြစ်နိုင်ချေ။
ဓားမြောင်က ရဲ့ဟိုင်၏ နှလုံးသားကို ထိုးဖောက်ခါနီးအခြေအနေသို့ ရောက်လာသောအခါ ရွှီလိန်ကျန်း၏ မျက်လုံးထဲတွင် စိတ်အားတက်ကြွမှုများ ပြည့်နှက်လာ၏။ ရဲ့ဟိုင်သာ သေသွားမည်ဆိုလျှင် ဤတိုက်ပွဲကို သူက ပြောင်းပြန်လှန်ရန်အတွက် ယုံကြည်ချက်ရှိလေသည်။
သို့သော် ချက်ချင်းပင် ရွှီလိန်ကျန်း၏ မျက်လုံးက ပြူးကျယ်သွားပြီး မျက်နှာတွင်ရှိနေသော မျှော်လင့်ချက်များကလည်း ပျောက်ဆုံးသွား၏။
ရဲ့ဟိုင်နှင့် ( 10 ) စင်တီမီတာအကွာတွင် သူ၏ဓားမြောင်သည် သန်မာသော အလင်းတန်းတစ်ခုဖြင့် ပိတ်ဆို့ခြင်းခံထားရပြီး ရှေ့ဆက်တိုးနိုင်ခြင်းမရှိချေ။
ထို့အပြင် သူ၏ဓားက အလင်းတန်းဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရပြီးနောက် ရဲ့ဟိုင်၏လက်သီးက ရွှီလိန်ကျန်း၏ ခန္ဓာကိုယ်ပေါ်သို့ အရှိန်ဖြင့်ပစ်ဝင်လာသည်။
" နောက်ဆုတ် "
ရွှီလိန်ကျန်း ကြောက်စရာကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး ချက်ချင်းပင်နောက်ဆုတ်၏။ သို့သော် သူခြေတစ်လှမ်းဆုတ်လျှင် ရဲ့ဟိုင်ကလဲ ခြေတစ်လှမ်းအရှေ့သို့တိုးလာသည်။
ထို့နောက် အသံထက်ပင်မြန်သော ရဲ့ဟိုင်၏ လက်သီးချက်က ရွှီလိန်ကျန်း၏ ဝမ်းဗိုက်ကို အုန်းခနဲထိမှန်သွားပြီး လက်သီးတွင်ပါဝင်လာသည့်အင်အားက ကိုယ်တွင်းအင်္ဂါများကို ဆုတ်ဖြဲသွား၏။
***